ပြည်သူ့ဆန်စား ရဲကြဖို့တော့လိုပါပြီ
ဂျွန်လ ၅ ရက်နေ့ကဒိန်းမတ်နိုင်ငံရဲ့ပြည်သူလူထုတွေအမြတ်တနိုးထားတဲ့၊ သူတို့ရဲ့လူနေမှုဘ၀တွေကိုစောင့်ရှောက်ပေးနေတဲ့"ဖွဲ့စည်းပုံအခြေခံဥပဒေနေ့"ဖြစ်ပါတယ်။
အဲဒီနေ့မှာဘဲတိုက်တိုက်ဆိုင်ဆိုင် သူတို့နိုင်ငံရဲ့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အသက်ဝင်မှုကြောင့်ပေါ်ထွန်းလာတဲ့ ဒီမိုကရေစီရဲ့အသီးအပွင့် တစ်ခုဖြစ်တဲ့
ပြည်သူ့အထူးကုဆေးရုံကြီးတစ်ရုံကိုရောက်ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့ကအလုပ်ပိတ်ရက်လဲဖြစ်တာကြောင့် မိတ်ဆွေတစ်ယောက်ရဲ့သားငယ်လေး
ကိုလိုက်ပို့ရင်း ရောက်ခဲ့တဲ့ Bispebjerg ဆေးရုံကြီးရဲ့ဓါတ်ပုံအချို့ နဲ့အတူ
တွေးမိတဲ့အတွေးတစ်မျှင်ကို စာရှု့သူမိတ်ဆွေများကိုမျှဝေလိုက်ပါတယ်။
ပြည်သူကိုရင်ဝယ်သားလိုစောင့်ရှောက်မယ်ဆိုတဲ့ဆေးရုံအ၀င်ကရုပ်ထု
၁၈၄၉ မှာစတင်အတည်ပြု ပြဌာန်းခဲ့တဲ့ ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အသီးအပွင့်ဖြစ်တဲ့ဆေးရုံကြီးကို 1913 မှာစတင်တည်ထောင်ခဲ့ပြီး ဥယာဉ်မြို့အသွင်
ဆောက်လုပ်ထားပါတယ်။
ဝန်ထမ်းသုံးထောင်ရှိပြီးအဲဒီဝန်းကျင်ကပြည်သူ လေးသိန်းကိုစောင့်ရှောက်မှု
ပေးနိုင်ဖို့တည်ထောင်ခဲ့ကြောင်းသိရပါတယ်။
ဓါတ်ပုံထဲမှာလိုဆေးရုံကြီးထဲကိုယာဉ်တွေတောက်ရှောက်ဝင်သွားရုံပါဘဲ။
ဌာနတစ်ခုနဲ့တစ်ခုကူးမယ်ဆိုရင်ပန်းဥယာဉ်တွေကိုဖြတ်သန်းသွားရမှာပါ။
ပြည်သူတွေသက်တောင့်သက်သာဖြစ်ဖို့ရယ်၊ ဆေးရုံလို့မခံစားရအောင်ရယ်
ဒီဇိုင်းထုတ်ထားကြောင်းသိရပြီး ၀န်ထမ်းတွေအတွက်မြေအောက်ဥမင်လမ်းကိုပါ
ထဲ့သွင်းတည်ဆောက်ခဲ့ကြောင်းသိရပါတယ်။
မြို့ထဲကအိုအေစစ်(Green Oasis in the city) လို့တင်စားခေါ်ပါတယ်။
ကျွန်တော်တို့မြို့နယ်ဆေးရုံကနေလမ်းညွှန်မှုနဲ့စပယ်ရှယ်လစ်တွေစုံတဲ့
အဲဒီအထူးကုဆေးရုံကြီးကိုလာခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီကိုသွားဆိုပြီး ပြီးစလွယ်လွှတ်လိုက်တာမဟုတ်ပါဘူး။
ဆရာဝန်ချင်းဆက်သွယ်ရှင်းပြ အချိန်ပါယူပြီးမှသွားခိုင်းတာပါ။
ဆေးရုံဝန်းကြီးကအကျယ်ကြီးဖြစ်ပေမဲ့ သွားရမယ့်ဌာနထိကားမောင်းသွား
လို့ရတာကြောင့် အဲဒီဌာနရဲ့ကားပတ်ကင်မှာကားရပ်ပြီးပန်းခြံလမ်းကို
တစ်မိနစ်ပြည့်အောင်မလျောက်ရဘဲလူနာကြို ဌာနကိုရောက်ပါပြီ။
ဆေးကုသမှုအားလုံးအခမဲ့ဖြစ်တဲ့အပြင် လူနာနဲ့ပါလာသူတွေအတွက်
ှုဧည့်ခန်းမှာသောက်စရာဖျော်ရည်စုံထားပေးတဲ့အပြင်နေ့လည်စာချိန်ရောက်
လာတော့အဆာပြေစားနိုင်ကြအောင် ဆင်းဒ၀ှစ်ပါလာထားပေးပါတယ်။
အလကားကျွေးတာမို့အဖြစ်လုပ်ထားတာမဟုတ်ပါဘူး။
မိတ်ဆွေရဲ့ကလေးကိုလဲအထူးကုဆရာဝန်ကသေသေချာချာစစ်ဆေးပေးပြီး
လိမ်းရမယ့်ဆေးတွေလဲသူနာပြုဆရာမကသေသေချာချာဘယ်လိုသုံးရမယ်
လမ်းညွှန်ပြီးအခမဲ့ပေးလိုက်ပါတယ်။
လိုအပ်တဲ့စောင့်ရှောက်မှုကိုလဲသက်ဆိုင်ရာဆေးရုံကဘယ်လိုဆောင်ရွက်ရမယ်
ဆိုတာသူတို့ဆေးရုံချင်းဆက်သွယ်သွားပါတယ်။
သင့်တော်တဲ့နေ့မှာပြန်လာပြနိုင်အောင်နဲ့အရေးပေါ်ဆောင်ရွက်စရာများရှိရင်လဲ
ဆက်သွယ်နိုင်အောင်လမ်းညွှန်မှုပေးလိုက်ပါတော့တယ်။
ဆေးရုံကြီးရဲ့အ၀င်ဝ
ကျွန်တော့်အတွေးတစ်မြှင်
သူများနိုင်ငံကပြည်သူတွေခံစားနေရတဲ့အခွင့်အရေးတွေကိုအထင်ကြီး မစားရ၀ခမန်းရေးပြနေခြင်းဆိုတာထက်ငါတို့ပြည်သူတွေတစ်နေ့သူတို့လိုခံစားနိုင်ကြပါစေဆိုတဲ့စေတသိက်
သာအဓိကထားပါတယ်။
ကျွန်တော်သည်နိုင်ငံရပ်ခြားမှာနေထိုင်တဲ့သာမန်မြန်မာလူမျိုးတစ်ဦးမျှသာဖြစ်ပါတယ်။
မြန်မာပြည်တိုးတက်မယ်၊ မြန်မာတိုင်းရင်းသားပြည်သူလူထုကောင်းစားမယ်
ဆိုရင်မည်သည့်အစိုးရမျိုးကိုမဆိုအားပေးထောက်ခံမယ့်သူပါ။
ကျွန်တော် ၁၉၉၅ မှာစပြီးမလေးရှားနိုင်ငံကိုထွက်ခဲ့ပါတယ်။
ယိုးဒယားမှာ ၁၀ရက်လောက် မလေးရှားမထွက်ခင်နေခဲ့ရကထဲကသူတို့နိုင်ငံရဲ့ကောင်းမွန်တဲ့လမ်းတွေ၊ အဝေးပြေးလမ်းတွေကိုသတိပြု မိခဲ့ရပါတော့တယ်။
ပြည်သူ့ ပို့ဆောင်ရေးလုပ်ငန်းတွေကလဲကျွန်တော်တို့နိုင်ငံထက်အများကြီးသာနေတာတွေ့ရပါတယ်။
မလေးရှားရောက်လို့ ၁၀နှစ်နေခဲ့တဲ့ကာလမှာလဲ သူတို့နိုင်ငံအစိုးရရဲ့
ပြည်သူအပေါ်စောင့်ရှောက်မှုတွေတွေ့ရပါတော့တယ်။
မြို့ပေါ်ကပြည်သူတွေတိုက်ခန်းပေါ်အားလုံးရောက်လို့ ကျေးရွာပြည်သူတွေလဲတိုက်တွေနဲ့နေနိုင်အောင်ဖန်တီးပေးထားပါတယ်။
ပြည်သူ့ဆေးရုံတွေလဲ အဆင့်မှီတာတွေ့ခဲ့ရပါပြီ။စူပါမာကက်ကြီးတွေ၊ အပန်းဖြေစရာနေရာဒေသတွေဆိုလဲ
လူတန်းစားမရွေးဝယ်နိုင်ခြမ်းနိုင်၊ လည်ပတ်နိုင်ကြပါတယ်။
အဝေးပြေးလမ်း၊ မိုးပျံလမ်းတွေကိုအဆင့်မှီပြည်သူလူထုလုံခြုံ စိတ်ချစွာသွားလာနိုင်အောင်ဖေါက်လုပ်ပေးထားပါတယ်။
ပြည်သူ့ဆက်သွယ်ပို့ဆောင်ရေးကောင်းနေပါပြီ။
ပြည်သူတွေဝမ်းဝကာမှ ပူထရာဂျာရာ ဆိုတဲ့အစိုးရရုံးစိုက်ရာမြို့ကိုတည်ထောင်ခဲ့ပါတယ်။
မြို့တော် ကွာလမ်လမ်ပူ ကနေ ၄၅ မိနစ်ဝန်းကျင်မောင်းရုံပါဘဲ။
ဝန်ကြီးရုံးတွေ၊ သံရုံးတွေကိုတစ်နေရာထဲမှာဘဲကိစ္စပြီးငြိမ်းအောင်ဆောင်ရွက်နိုင်ကြဖို့ပါ။
ဒိန်းမတ်ရောက်လို့ ၁၀နှစ်နီးပါးအတွင်းမှာလဲ ဒီမိုကရေစီအသားကျနေပြီး
ဖြစ်တာနဲ့အညီ အစိုးရကသူ့ရဲ့ပြည်သူလူထုကို မွေးဖွားချိန်ကနေ သေဆုံးချိန်
အထိစောင့်ရှောက်မှုပေးတာတွေကိုမျက်ဝါးထင်ထင်တွေ့ရပါပြီ။
သူတို့နိုင်ငံတွေကျွန်တော်တို့နိုင်ငံထက်လဲထူးပြီးသယံဇာတမထွက်ပါဘူး၊
လူဖြစ်ခဲ့ကြတာချင်းအတူတူ ငါတို့နိုင်ငံကပြည်သူတွေသူတို့လို
အစိုးရရဲ့စောင့်ရှောက်မှုတွေဘာလို့မခံစားခဲ့ကြရတာလဲတွေးကြည့်မိတော့
သူတို့အစိုးရတွေကို ပြည်သူကမကြိုက်တော့ရင်၊ ဒါမှမဟုတ် ပြည်သူ့အတွက်
တာဝန်ပျက်ကွက်တယ်လို့မြင်ရင် ပြည်သူကဖြုတ်ချနိုင်တဲ့အခွင့်အရေးရှိနေတာပါဘဲ။
ဒါကြောင့်တက်လာတဲ့မည်သည့်ပါတီ၊ အစိုးရမဆို ဖင်ထိုင်ခုံလေး ၄နှစ်၊၅နှစ် တန်သည်
မြဲဖို့ ပြည်သူနဲ့နိုင်ငံအတွက်လုပ်ပြကြဖို့ကအရင်အဓိကဦးစားပေးဘဲဖြစ်ပါတော့တယ်။
ကျွန်တော်တို့နိုင်ငံကအခုမှ အဲလိုဖြစ်နိုင်အောင်ပြည်သူ့အစိုးရဖြစ်နိုင်ဖို့အတွက်
"ပြည်သူ့ဒီမိုကရေစီအခြေခံဥပဒေ"ကိုဝိုင်းဝန်းရေးဆွဲကြရမှာဖြစ်ပါတယ်။
လက်ရှိအစိုးရကော၊ တပ်မတော်သားအားလုံးကော၊ နိုင်ငံရေးပါတီအားလုံး
သာမက နိုင်ငံသားတိုင်းမှာတာဝန်အနဲနဲ့အများရှိနေကြတဲ့အချိန်ပါ။
ပြောရရင် လက်ရှိအစိုးရကော၊ တပ်မတော်ဗိုလ်ချုပ်ကြီးများပါ တစ်ချိန်မှာပြည်သူဘဝ
ပြန်ရောက်ကြရမှာမို့သူတို့အတွက်လဲဖြစ်ပါတယ်။ သားစဉ်မြေးဆက်အတွက်
စစ်မှန်တဲ့ ပဒေသာပင်ကိုမျိုးစေ့ချပေးရတော့မယ့်အချိန်ပါ။
ဒီလိုပြည်သူ့လက်ထဲအာဏာရောက်သွားပြီဆိုမှ စနစ်တွေအများကြီးကို
ပြင်ဆင်ကြရအုံးမှာဖြစ်ပါတယ်။ နေရာဘဲလိုချင်တဲ့၊ လာဘ်စားချင်တဲ့ပြည်သူ့
ကိုယ်စားလှယ်တွေကို ပြည်သူကဖယ်ရှားသွားနိုင်မှာဖြစ်ပါတယ်။
၂၀၁၅ ကပြည်သူ့အတွက်တကယ်အလုပ်လုပ်ပေးမယ့်သူတွေရဲ့ပွဲဖြစ်ဖို့လိုပါတယ်။
ကျွန်တော်တို့သားစဉ်မြေးဆက်ခေတ်ရောက်ရင်..
လယ်သမား၊ သာမန်အလုပ်သမားသားသမီးလဲနိုင်ငံခြားကိုပညာသင်လွှတ်နိုင်အောင်
(တနည်း) ပြည်တွင်းမှာဘဲအဆင့်မှီပညာရေးစနစ်ကို သမတ၊ ၀န်ကြီးချုပ်သားသမီးလဲ
ဒီကျောင်း၊ အများပြည်သူ့သားသမီးလဲဒီကျောင်း ဘဲအတူတူတက်ကြရတဲ့
ပြည်သူ့ကျောင်းတွေပေါ်လာအောင်၊
အစိုးရနဲ့ပြည်သူ အေးအတူပူအမျှ ဖြစ်ရအောင်၊
တပ်မတော်နဲ့ပြည်သူကြည်ဖြူ ဆိုတဲ့ဆောင်ပုဒ်တကယ်ဖြစ်လာအောင်၊
ရဟန်းသံဃာတော်များလဲတရားဓမ္မမှာဘဲမွေ့ပျော်နိုင်ကြအောင်၊
ခြစားနေတဲ့အပေါ်ထပ်အဆောက်အအုံကဒေါက်တိုင်တွေကိုအသစ်လဲနိုင်အောင်၊
အခွန်ရှောင်လို့မရဘဲ ချမ်းသာလေပြည်သူ့ဆီရောက်လေဆိုတဲ့
စနစ်ကျလာဘ်မစားတဲ့နိုင်ငံတော်အခွန်ဌာနပေါ်ထွန်းလာအောင်၊
မိုးခါးရေဖြတ်ပွဲကြီးခြိမ့်ခြမ့်သည်းကျင်းပနိုင်အောင်၊
အစိုးရ၀န်ထမ်းဆိုပြီးနှောင်ကြိုးချည်မခံရဘဲ နိုင်ငံပြည်သူ့ဝန်ထမ်းစစ်စစ်တွေ
အဖြစ်နဲ့လုံလောက်တဲ့လစာရကြရအောင်၊
ပညာရေးဝန်ထမ်းများနိုင်ငံတကာမှာလိုလစာကောင်း၊ ဂုဏ်သရေရှိပြီး၊
အစိုးရရဲ့အနိုင်ကျင့်မှုများမှကင်းဝေးအောင်၊
အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆရာဝန်များပါမိမိနိုင်ငံမှာဘဲ
ထိုက်ထိုက်တန်တန်အသက်မွေးဝမ်းကြောင်းပြုနိုင်ကြအောင်၊
ကလေးတွေဗွက်ထဲကရုန်းပြီး ကျောင်းမတက်ကြရအောင်၊
မိမိသားသမီးတွေ နိုင်ငံရပ်ခြားသွားပြီးဝမ်းစာရှာဖို့မလိုအောင်၊
ပြည်ပသွားဆေးကုသဖို့ မလိုအောင်၊
အိုစာမင်းစာစုဆောင်းဖို့မလိုအောင်၊
ဦးနှောက်ယိုစီးမှုတွေမဖြစ်အောင်၊
ဗိုလ်ချုပ်အောင်ဆန်းကိုအပြစ်ပြောတဲ့သူမျိုးတွေမရှိရအောင်၊
ကုန်ကုန်ပြောရရင် အရက်ကြိုက်တတ်သူများလဲမြန်မြန်မသေကြရအောင်၊
ဘတ်(စ်)ကားခိုစီးလို့ ပြုတ်ကျ ခြင်းမှကင်းအောင်၊
အဆင့်မှီအမြန်လမ်းမတွေမှာပြည်သူတွေအသက်အန္တရာယ်ကင်းပြီးခရီးသွားလာနိုင်ကြရအောင်၊
ကျွန်တော်တို့လိုလဲမိဝေးဖဝေးမနေကြရအောင်၊
"စစ်မှန်တဲ့ပြည်သူ့အခွင့်အရေးအခြေခံဥပဒေများလဲစာအုပ်ထဲကအပြင်ထွက်လာအောင်"
"ပြည်သူ့ဒီမိုကရေစီအခြေခံဥပဒေ" ပေါ်ထွန်းပြီး
"ပြည်သူ့ဒီမိုကရေစီအစိုးရ" ပေါ်ထွက်လာဖို့
လိုပါကြောင်းစာရှု့သူမိတ်ဆွေများမှတဆင့်တင်ပြလိုက်ရကြောင်းပါခင်ဗျား။
(Fb post. June, 2014)
No comments:
Post a Comment