အမ်စတာဒမ်ကိုလာလည်ကြတဲ့ လန်ဒန်ကကျောင်းသူလေးတွေ
အိမ်ခေါင်မှာစက်သီးတပ်တဲ့မြို့(သို့မဟုတ်) Amsterdam.
ကျွန်တော်တို့တွေ ၇တန်း၈တန်းလောက်တုန်းကထဲက သမိုင်းမှာသင်ခဲ့ကြရတဲ့
ဒတ်(ခ်ျ) လူမျိုးတွေနေထိုင်ရာ ဥရောပက Netherland(or) Holland နိုင်ငံရဲ့ လှပတဲ့
မြို့တော် အမ်စတာဒမ်မြို့အကြောင်းအကျဉ်းလေးပါ။
နယ်သာလန်တစ်နိုင်ငံလုံးမှာ လူဦးရေ ၁၇ သန်းကျော်ရှိပြီး မြို့တော်အမ်စတာဒမ်အတွင်း
မှီတင်းနေထိုင်သူကတော့ ၈ သိန်းဝန်းကျင်ရှိလို့ မဟာအမ်စတာဒမ်ဧရိယာတစ်ခုလုံး
အတွင်းမှာတော့ လူဦးရေ ၂သန်းခွဲနီးပါးရှိကြောင်းသိရပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ၀န်းကျင်က နိုင်ငံတကာရေးရာစာစောင်ရဲ့ မြို့တော်များ
အကြောင်းမှာဖတ်ဘူးခဲ့ပြီး သိပ်လှတဲ့မြို့တော်လို့ စိတ်ထဲစွဲနေပေမယ့်
တစ်နေ့မှာကိုယ်တိုင်ရောက်ရလိမ့်မယ်လို့ ဘယ်လိုမှမတွေးခဲ့မိပါဘူး။
အဲဒီတုန်းက လူတွေလမ်းလျောက်နေတဲ့ တံတားပေါ်မှာ တေးဂီတနဲ့ဖျော်ဖြေနေသူတွေ၊
ပုံတူပန်းချီရေးဆွဲပေးသူတွေနဲ့စည်ကားနေတယ်လို့ ဖတ်ဘူးခဲ့တာကိုမှတ်မိနေပေမယ့်
အသက် ၅၅ နှစ်မှာ ကိုယ်တိုင်ရောက်တဲ့အခါကျမှ ပိုပြီးစိတ်ဝင်စားစရာတွေ၊
စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့မြို့ဆိုတာတွေ့ရပါတော့တယ်။
မြို့တော်ကိုလှပအောင်တူးမြောင်းတွေနဲ့ တန်ဆာဆင်ထားပြီး တူးမြောင်းကျော်
တံတားတွေမြောက်များစွာနဲ့ အလှဆင်ထားပါတယ်။
ထူးခြားတာကတော့ ကျွန်တော်တို့နိုင်ငံမှာ ရေငင်ရာမှာသုံးတဲ့စက်သီးမျိုးကို
သူတို့အိမ်တွေရဲ့ ထိပ်ဖျားတွေမှာ တပ်ဆင်ဆောက်လုပ်ထားကြတာပါဘဲ။
လှေကားအတွက်ကို နေရာကျယ်ကျယ်မယူဘဲ ဆောက်ကြတာမို့ ပစ္စည်း၊
ပရိဘောဂများကို စက်သီးနဲ့ဆွဲကာ ပြတင်းပေါက်ကနေသွင်းဖို့ဖြစ်ပါတယ်။
ပရိဘောဂအကြီးတွေကိုမကြာခဏအသစ်လဲဖို့တော့လွယ်ပုံမရပါဘူး။
ဒါကြောင့်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့တည်းတဲ့ဟော်တယ်မှာ
အခန်းထဲကိုဘီရိုအကြီးကြီးရအောင်တင်ပြီးထားပေးပေမယ့် အံဆွဲတွေဖွင့်ရင်
အသက်အောင့်ပြီးမှ အလွန်ညင်သာစွာဖွင့်ရပါတယ်။( ပထမတစ်ခါဆွဲဖွင့်တော့ ပြုတ်ထွက်သွားလို့ပါ)
အိမ်ခေါင်တိုင်းမှာ စက်သီးတပ်ဆင်ထားကြပါတယ်
ဆေးခြောက်အပျော့စားကိုလည်း အလွယ်တကူသုံးစွဲနိုင်တာကြောင့်
စိမ်းရွှေရွှေညချမ်းပိုင်းတွေမှာ လူတွေနဲ့စည်ကားနေတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။
Sex လုပ်ငန်းတွေကိုလည်း မြို့လည်မှာတရားဝင်ခွင့်ပြု ထားတာကြောင့်
တိုးရစ်(စ်)တွေနဲ့ရော ပျားပန်းခတ်လူတွေ သွားလာနေကြတာကို တွေ့မြင်ရပါတယ်။
ကျွန်တော်တို့ တည်းတဲ့ဟော်တယ်က မြို့လည် တူးမြောင်းနံဘေးမှာမို့
လမ်းတွေပေါ်မှာ ဆူညံသွားလာနေကြတဲ့အသံပေါင်းစုံတွေကို ညနေခင်းပိုင်းမှ
နံနက်လင်းအားကြီးအချိန်ထိ နားသောတဆင်လိုက်ရပါတော့တယ်။
လမ်းမကြီးပေါ်မှာတော့ အမ်စတာဒမ်ရဲ့ နံမည်ကျော် ဖယောင်းပြတိုက်
Madame Tussauds ကိုတွေ့ရမှာဖြစ်သလို တစ်ချိန်ထဲမှာဘဲ လမ်းမပေါ်မှာ
လျှပ်စစ်ရထား၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ လမ်းလျောက်သူတွေနဲ့ ပြည့်ညပ်
နေတာကိုလည်းတွေ့မြင်ရမှာပါ။
သူရေးခဲ့တဲ့ဒိုင်ယာရီကြောင့် ကမ္ဘာကျော်သွားခဲ့တဲ့ ဂျူးမလေး Anna Frank တို့မိသားစု
ဒုတိယကမ္ဘာစစ်အတွင်းက ၂နှစ်ဝန်းကျင်ပုန်းအောင်းခဲ့တဲ့အိမ်ကိုလည်းပြတိုက်အဖြစ်
ဖွင့်လှစ်ပေးထားပါတယ်။ ၁၉၄၂ ကထဲကပုန်းနေခဲ့ကြပြီး ၁၉၄၄ စစ်ပြီးကာနီးမှ
အဖမ်းခံရလို့ တစ်မိသားစုလုံးအသတ်ခံခဲ့ကြရတာ စိတ်မကောင်းစရာပါဘဲ။
စစ်နဲ့အာဏာရှင်စနစ်ရဲ့ဆိုးဝါးမှုတွေလို့ဆိုရပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာလူသားအသက်ပေါင်းများစွာဆုံးရှုံးစေခဲ့ပြီး
ဂျူးလူမျိုး ၆သန်းကျော်ကိုသတ်ခဲ့တဲ့ ဟစ်တလာ လိုမျက်ကန်းမျိုးချစ်မျိုး
ကိုလူတွေ မျက်စိမှိတ်နောက်ကလိုက်ရန်မလိုဘူးဆိုတဲ့ သင်ခန်းစာကို
ရရှိစေမှာပါဘဲ။
မသေဘဲကျန်ခဲ့တဲ့ သူ့အစ်ကိုတစ်ယောက်က စစ်ပြီးတော့ အမ်စတာဒမ်ကိုပြန်လာ
တဲ့အခါ Anna ပုန်းနေရစဉ်အချိန်တွေက ရေးခဲ့တဲ့ ဒိုင်ယာရီလေးကို တွေ့ရလို့
ထုတ်ဝေခဲ့တာမှာ ကမ္ဘာကျော်သွားပါတယ်။
၁၉၅၉ ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ သူ့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား၊
TV series ၁၈ ကားတောင်ရှိကြောင်းသိရပါတယ်။
ကျွန်တော်ကတော့ ၂၀၀၉ ကထုတ်ခဲ့တဲ့ The Diary of Anne Frank ဇာတ်လမ်း
လေးကိုကြည့်ဘူးထားပါတယ်။ စစ်ရဲ့ဆိုးကျိုးများကိုဆင်ခြင်သင်ခန်းစာယူနိုင်ကြပြီး၊
လူသားချင်းစာနာမှုနဲ့စိတ်မကောင်းဖြစ်ရပါတယ်။
ကမ္ဘာကျော် ဒတ်(ခ်ျ)လူမျိုးပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ရဲ့ပြတိုက် (Van Gogh Musium)
ကိုလည်းအမ်စတာဒမ်ရောက်ရင် ခံစားနိုင်ပါသေးတယ်။
ကျွန်တော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်၃၀ကျော်ကထဲက ကစားသမားတွေနဲ့
ရင်းနှီးပြီးသား Heineken ဘီယာဟာဆိုရင်လည်း ဟော်လန်ကထုတ်တာဖြစ်ပြီး
၁၈၇၃ ကထဲက ဒတ်(ခ်ျ) လူမျိုးတွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ကြောင်း
အတိုအထွာ ဝေမျှလိုက်ရကြောင်းပါခင်ဗျား။
(Fb post, July, 2015)
No comments:
Post a Comment