Friday, 2 October 2015

ဒိန်းမတ်က မူကြို ဒီပလိုမာ

ကျွန်တော်အလုပ်ဝင်နေတဲ့မူကြို ကျောင်းလေးမှာကလေးအချို့ ၆နှစ်ပြည့်လို့ မုလတန်းကျောင်းကြီးကို
တက်ရောက်ခွင့်ရတဲ့အနေနဲ့ အောင်လက်မှတ်များပေးပါတယ်။
အဲဒီအောင်လက်မှတ်မှာသူတို့ရဲ့ အခင်ဆုံးသူငယ်ချင်းနံမည်၊အကြိုက်ဆုံးအစားအစာ၊ အ၀တ်အစား၊ သီချင်း၊
ဝါသနာအပါဆုံး ကစားနည်း စတာတွေဖြည့်ပေးထားပါတယ်။
သူတစ်ပါးကိုသူတို့အကောင်းဆုံးကူညီခဲ့တဲ့မှတ်တမ်းတိုလေးနဲ့သူတို့အကောင်းဆုံးရေးဆွဲခဲ့တဲ့ပန်းချီပုံတစ်ပုံကိုပေးလိုက်မှာဖြစ်ပါတယ်။
သူတို့ဝင်ရောက်မယ့်ကျောင်းကြီးကအဲဒီမှတ်တမ်းတွေကိုသိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။

အောက်ဆုံးမှာသူတို့ကြီးလာရင် ဖြစ်ချင်တာကိုသေသေချာချာမေးပြီးဖြည့်ပေးရပါတယ်။

အဲဒီမှာကျွန်တော်တို့နိုင်ငံက ကလေးတွေတော်တော်များများရဲ့အဖြေနဲ့မတူတာကိုသွားတွေ့ရပါတော့တယ်။
သူတို့ရဲ့ ဒီမိုကရေစီကိုတွေ့ရတဲ့အပြင် ပညာရေးပိုင်းဆိုင်ရာမှာမိဘကလွှမ်းမိုးထားတာကို မတွေ့ရတာပါဘဲ။
မြန်မာပြည်ကမိဘတွေကြားရင်တော့ ရင်ကျိုးရချည်ရဲ့။
ကျလဲကျလောက်တဲ့ကောင်တွေပါ။

၆နှစ်ပြည့် ၁၂ ယောက်မှာအလှကြိုက်တဲ့မီလာက ဆံပင်ညှပ်လုပ်ပါမယ်။
ဖရက်ဒရစ်ကတော့ဘုရင်နံမည်ယူထားတာမှအားမနာ အမှိုက်သိမ်းသမားလုပ်မယ်ပြောပါတယ်။
လမ်းဘေးမှာ ဘာဂါရောင်းချင်တာကတော့ မစ်ရှယ်နဲ့ ဒင်နီရယ်ဖြစ်ပါတယ်။
အဲလိုဘဲ ဘောလုံးသမားဖြစ်ချင်တဲ့သူ၊ သန့်ရှင်းရေးသမားလုပ်မယ့်သူ၊
၁၀ဘိန်းကားမောင်းဖြစ်ချင်သူ၊ လက်သမားလုပ်မယ့်သူ၊လယ်ယာစိုက်ပျိုးရေးဘဲလုပ်ချင်တဲ့သူ၊
စသဖြင့်တွေ့ရပါတယ်။
ထူးထူးခြားခြား နိုဝယ်ကကြီးလာရင် ဆရာဝန်လုပ်မယ်ပြောတော့အားလုံးက အထူးအဆန်းအနေနဲ့လှမ်းကြည့်ကြပါတယ်။
                                          မူကြို ဒီပလိုမာလက်မှတ်များ

ဒိန်းမတ်နိုင်ငံမှာ အထက်တန်း(၉တန်းအထိ)ပညာရေးကို မသင်မနေရပညာရေးစနစ်အဖြစ်
ပြဌာန်းထားပါတယ်။
အထက်တန်းပြီးတာနဲ့ မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုကို ရွေးချယ်ပြီး ဆက်လက်ကျောင်းတက်ရမှာဘဲဖြစ်ပါတယ်။

သာမန်ဘွဲ့တစ်လုံးရဖို့တောင် ၁၀တန်းပြီးရင် တက္ကသိုလ်တန်းသွားလို့မရသေးပါဘူး။ Secondary မှာ ၃နှစ် နေပြီးမိမိအားသန်ရာ တက္ကသိုလ်ကိုဝင်နိုင်ဖို့ လေ့လာသင်ယူကြရအုန်းမှာဖြစ်ပါတယ်။
ဒီကြားထဲမှာမိမိစိတ်အပြောင်းအလဲရှိခဲ့ရင် အထူးပြု ဘာသာရပ်တွေပြောင်းလဲသင်ကြားနိုင်ကြပါသေးတယ်။
အဲဒီ ၃နှစ်ပြီးမှ မိမိအားသန်ရာတက္ကသိုလ်ကို ၀င်ခွင့်လျှောက်ရမှာဘဲဖြစ်ပါတယ်။ တက္ကသိုလ် လိုက်လို့ ၄၊၅၊၆ နှစ် နေရအုန်းမှာဖြစ်တဲ့အတွက်အငယ်ဆုံး အသက် ၂၄ နှစ်ဝန်းကျင်မှာမှ သာမန်ဘွဲ့ရနိုင်မှာဖြစ်ပါတယ်။
ကျောင်းအားလုံးအခမဲ့ဖြစ်တဲ့အပြင် သင့်တော်တဲ့စားရိတ်တစ်ချို့ကိုလည်းအစိုးရကကျောင်းသားအားလုံးကို တစ်ပြေးညီလစဉ်ထောက်ပံ့ပါတယ်။

အဲဒီသာမန်ဘွဲ့ရယူခဲ့တဲ့ကျောင်းသားဟာလဲ မိဘကအကုန်အကျခံထားပေးရတာမဟုတ်ဘဲ ၁၂နှစ်ကထဲက အချိန်ပိုင်းအလုပ်လုပ်လာခဲ့တာဟာဘွဲ့ရသည်အထိ အလုပ်လုပ်ရင်းကျောင်းတက်သွားကြတာပါ။

ဒါကြောင့် အထက်ကကျွန်တော့်ကျောင်းက ကလေးတွေလိုအကြာကြီးသူတို့ကျောင်းမတက်ချင်ကြပါဘူး။
အလုပ်တစ်ခုရပြီဆိုရင်ဘဲ လူတန်းစေ့နေနိုင်ပြီမို့အထက်တန်းပညာရေးပြီးရင် သူတို့ဝါသနာပါ၊ နှစ်တိုရာ
အသက်မွေးဝမ်းကျောင်း သင်တန်း ဒါမှမဟုတ် ကောလိပ်ကိုများသောအားဖြင့်ရွေးချယ်ကြပါတယ်။
ပြီးမှထပ်မံပညာရေးလမ်းကြောင်းပေါ်အလုပ်တဘက်နဲ့ဆက်တက်ကြသူများလဲရှိပါတယ်။
ဘာသာရပ်တစ်ခု(သို့)တက္ကသိုလ်တစ်ခုကို ပြိုင်တိုးနေတာမျိုးမရှိတာကြောင့်
ကျောင်းသားမျှသွားတာတွေ့ရပါတယ်။

                             မူကြိုတန်းမှာ ကလေးတွေကိုပုံပြင်ဖတ်ပြနေတာဖြစ်ပါတယ်

ပညာရေးအားပေးမှုမှာကျွန်တော်တို့နိုင်ငံမိဘများကအများကြီးသာပါတယ်။
မိဘတွေဝန်ကြီးကြသလို ကလေးတွေလဲပင်ပန်းကြပါတယ်။
ပြောရရင် မိဘပြည်သူတွေနဲ့ကလေးတွေတာဝန်ကျေကြပါတယ်။

လိုအပ်နေတာက အဆင့်မှီပညာရေးစနစ်ကိုပြောင်းလဲပေးနိုင်ဖို့နဲ့သင့်တော်ထိုက်တန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုဖေါ်ဆောင်ပေးဖို့ နိုင်ငံတော်မှာအထူးတာဝန်ရှိနေပါကြောင်း
တင်ပြလိုက်ရပါတယ်ခင်ဗျား။

(25.08.2014, Envoy ဂျာနယ်)

No comments:

Post a Comment