Friday, 2 October 2015

ဒိန်းမတ်က ကလေးသူငယ်စောင့်ရှောက်မှုနှင့်ပညာရေး

မြန်မာနိုင်ငံကသူငယ်ချင်းအယ်ဒီတာ ဦးသိန်းအေးရေးတဲ့"ဖားတစ်ပိုင်း ငါးတပိုင်းဖားလောင်း ကျောင်းကလေး"ဆောင်းပါးလေးကိုဖတ်မိပြီးကျွန်တော်တို့နိုင်ငံမှာမူလတန်းပညာကိုတောင်သင်ဖို့
အဆင်မသင့်ကြတဲ့ကလေးငယ်တွေနဲ့မူလတန်းကျောင်းလေးတွေကိုပင်ပန်းတကြီးသွားလို့တက်ရောက်
နေကြရတဲ့ ကျေးလက်တောရွာတွေက ကလေးကျောင်းသားတွေရဲ့ဘ၀ကိုစာနာစိတ်နဲ့အတူ
ဒီဘက်ကဒီမိုကရေစီနိုင်ငံတွေမှာ ခလေးတွေပညာရေး၊ အသိပညာဖွံ့ဖြိုးရေးကနိုင်ငံတော်အတွက် အထူးအရေးပါကြောင်းသဘောပေါက်ကြတာနဲ့အညီ ဘယ်လိုဘယ်ပုံ ကလေးတွေအတွက်ဆောင်ရွက်
ပေးထားကြတယ်ဆိုတာကို မိမိနိုင်ငံနဲ့သင့်တော်တဲ့ကောင်းတဲ့အရာလေးတွေအတုယူဆောင်ရွက်နိုင်
ကြအောင် ဒိန်းမတ်နိုင်ငံက ကလေးသူငယ်စောင့်ရှောက်မှုကိုလက်လှမ်းမီသမျှတင်ပြလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နှင့်မွေးဖွားချိန်

ဒိန်းမတ်နိုင်ငံမှာသူ့နိုင်ငံသားနဲ့မှီတင်းနေထိုင်ခွင့်ရကြတဲ့သူတိုင်းကို တပြေးညီစောင့်ရှောက်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှစလို့သက်ဆိုင်ရာဆရာဝန်နဲ့သူနာပြုဆရာမတို့ကကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။
သက်ဆိုင်ရာသူနာပြုက အိမ်တိုင်ရာရောက်စောင့်ရှောက်မှုပေးပါတယ်။
မွေးဖွားချိန်ရောက်ပြန်တော့လဲ သက်ဆိုင်ရာဆေးရုံမှာအဆင်ပြေစွာမွေးဖွားနိုင်အောင်စီစဉ်ပေးပါတယ်။
အားလုံးအခမဲ့ဆိုပေမဲ့လဲ စေတနာအပြည့်နဲ့ဝန်ဆောင်မှုကိုမိခင်လောင်းတိုင်း ကလေးငယ်တိုင်း
ရရှိကြပါတယ်။
ဘုရင်မမြေးဘဲဖြစ်ဖြစ် ၀န်ကြီးချုပ်ကိုယ်တိုင်မီးဖွားရင်ဘဲဖြစ်ဖြစ် ဒီပြည်သူ့ဆေးရုံမှာဘဲ
သာမန်ပြည်သူတွေလိုဘဲမီးဖွားကြတာဖြစ်ပါတယ်။
ကလေးငယ်တွေဟာလဲ ၁၈နှစ်ပြည့်တဲ့အထိလစဉ်နိုင်ငံတော်ကနေသင့်တင့်တဲ့ထောက်ပံ့ကြေးကိုရရှိကြပါတယ်။

နေ့ကလေးထိန်းကျောင်းသွားကြရပြီ
                                          ၉လကနေ၃နှစ်အထိကလေးတန်း

ဒီနိုင်ငံကကလေးတွေဟာကျွန်တော်တို့နိုင်ငံက ကလေးတွေလိုတော့အမေ့ရင်ခွင်မှာကြာကြာကြီး
အားရအောင်မနေကြရရှာပါဘူး။
ယောက်ကျားမိန်းမအခွင့်အရေးတူဖြစ်တာနဲ့အညီ လင်ရောမယားပါအလုပ်လုပ်ကြတဲ့နိုင်ငံဖြစ်တာကြောင့်
ကလေးတွေတစ်နှစ်ဝန်းကျင်ဆိုနေ့ကလေးထိန်းကျောင်းကိုပို့ကြရပါပြီ။
ကျောင်းအလိုက် ၆လအရွယ်၊ ၉လအရွယ်ဆိုရင်ကျောင်းလက်ခံပါပြီ။

ကျွန်တော်အလုပ်ဝင်နေတဲ့ကျောင်းကတော့ နိုင်ငံတော်ကပံ့ပိုးမှုနဲ့ဖွင့်လှစ်ထားတဲ့မြို့ငယ်လေးတစ်မြို့က
နေ့ကလေးထိန်းနဲ့တွဲထားတဲ့ မူကြိုကျောင်းကလေးဘဲဖြစ်ပါတယ်။
အခန်းတွေနဲ့ဆရာ၊ဆရာမတွေကိုသီးခြားတာဝန်တွေခွဲပေးထားပါတယ်။
၉လကနေ၃နှစ်ထိကလေးတန်း၊ ၃နှစ်မှ၎နှစ်ကအငယ်တန်း၊ ၄နှစ်က၅နှစ်ထိအလတ်တန်းနဲ့၅နှစ်က၆နှစ်ထိ
အကြီးတန်းဆိုပြီးခွဲထားပါတယ်။
ကျောင်းဝန်းထဲကစားချိန်တွေမှာတော့ ၃နှစ်ကနေအထက်တွေအတူတူကစားနိုင်ကြပါတယ်။
ကျောင်းကိုမနက် ၇နာရီကနေညနေ ၅နာရီထိ၊ တနင်္လာကနေသောကြာထိဖွင့်ပေးထားပါတယ်။
မနက် ၇နာရီကစလို့မိဘတွေအလုပ်သွားရင်းအဆင်သင့်သလိုကလေးတွေကျောင်းကိုရောက်ရှိလာကြပါပြီ။
အပြန်အကြိုကျလဲအလျဉ်းသင့်သလို မိဘတွေအလုပ်ပြီးချိန်ကစလို့ကျောင်းမပိတ်ခင်လာကြို သွားကြပါပြီ။

၆လ၊ ၉လကနေ၃နှစ်ထိနေ့ကလေးထိန်းကျောင်းကိုတော့ ကျွန်တော်အလုပ်ဝင်နေတဲ့ကျောင်းကြီးလိုမျိုး
မရှိသေးတဲ့မြို့အသေးလေးတွေမှာဘဲအပ်နိုင်အောင်နိုင်ငံတော်ကစီစဉ်ပေးထားပုံကလဲ
စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကလေးသူငယ်သင်ကြားခြင်းဆိုင်ရာဒီပလိုမာ(Educator)ကျောင်းဆင်းပြီးသူတစ်ဦးဟာ မိမိအိမ်မှာဘဲကျောင်းဖွင့်ခွင့်လျောက်ထားနိုင်ပါတယ်။
သက်ဆိုင်ရာကလာရောက်ကြည့်ရှုပြီး ကလေးတွေအတွက်သင့်တော်တဲ့ နေရာဖြစ်မယ်ဆိုရင်ဖွင့်ခွင့်ရပါပြီ။
သူ့ကိုအိမ်စိုက်ခအပါအ၀င်သက်ဆိုင်ရာကလခပေးပါတယ်။
အများဆုံးဆရာမတစ်ဦးကို ကလေး ၅ယောက်ဘဲစောင့်ရှောက်ခွင့်ပေးပါတယ်။
ကျွန်တော်နေထိုင်တဲ့မြို့ သေးသေးလေးမှာဘဲအခုလို ၅ယောက်လက်ခံတဲ့အိမ်ကျောင်းလေးတွေ
ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ကလေး ၃၊ ၄ယောက်ဘဲအများဆုံးရှိကြတာပါ။
သူတို့တွေသတ်မှတ်ရက်မှာအပြင်လည်နိုင်အောင်လဲသက်ဆိုင်ရာကကျောင်းလေးတွေကိုလိုအပ်တဲ့
ကလေး၎ယောက်စီးတွန်းလှည်း စတာတွေပံ့ပိုးပေးကြောင်းသိရပါတယ်။

 မြို့လေးကကျောင်းကြီးကိုအလည်လာကြတဲ့အိမ်ကျောင်းကကား၂စီး

ကလေးတန်းက ကလေးတွေမှစလို့ ကိုယ်တိုင်အစားအစာ စားတတ်အောင်သင်ပေးပါပြီ။
နံနက်ခင်းစာ၊ နံနက်သစ်သီးစာ၊ နေ့လည်စာ နဲ့ နေ့လည်သစ်သီးစာတွေကိုကိုယ်တိုင်စားစေပါတယ်။
နို့ဘူးမလွတ်သေးတဲ့ကောင်တွေကိုလဲ နို့ဘူးတိုက်ရပါတယ်။ အိပ်ချိန်မှာအိပ်ကြရပါတယ်။

ဒီကောင်တွေကစကားလဲမတတ်သေးတော့ သူငယ်ချင်းမဖွဲ့တတ်သေးပါဘူး။
ဝူးဝူးဝါးဝါးနဲ့ပြောချင်တာပြောပြီး တစ်ဦးချင်းစီ စိတ်ကူးပေါက်ရာလုပ်နေကြတာပါဘဲ။
ကစားချိန်တွေမှာလမ်းလျှောက်တတ်ကာစတွေမို့ ယိုင်ထိုးယိုင်ထိုး တောက်တောက်၊ တောက်တောက်
နဲ့လျှောက်သွားပြီး လောကကိုစူးစမ်းနေကြပါတယ်။
၂နှစ်ဝန်းကျင်ဆိုစက်ဘီးအသေးလေးတွေစီးတတ်ကြပါပြီ။ စက်ဘီးစီးချိန်ကိုသူတို့အင်မတန်ကြိုက်ပါတယ်။
ဆရာ၊ ဆရာမတွေကဘေးမဖြစ်အောင်ကြည့်ရှုနေရုံပါဘဲ။
ကျောင်းဝန်းထဲမှာပတ်ပြီးစီးနေကြရောဘဲ။ ဒါကြောင့်စက်ဘီးမစီးတတ်တဲ့ဒိန်းမတ်လူငယ်မရှိပါဘူး။

စကားပြောတတ် စကားနားလည်ပြီဆိုတာနဲ့ အက္ခရာအခြေခံလေးတွေ၊ ကဗျာလေးတွေစဆိုကြရပါပြီ။
သူတို့ရဲ့ခလေးအခွင့်အရေးအရ ကလေးတွေသဘောမတူဘဲဘာတစ်ခုမှလုပ်လို့မရပါဘူး။
တစ်လောတုန်းက ကျောင်းအုပ်ဆရာမကြီးအလုပ်ပြောင်းမှာမို့ ကျွန်တော်တို့ဆရာ၊ဆရာမတွေရဲ့
လက်ဆောင်ပန်းခြင်းအပြင် ကျောင်းသားတွေရဲ့အမှတ်တရလက်ဆောင်အဖြစ်ခြေဖ၀ါးရာတွေပေးဖို့
လက်ထောက်ကျောင်းအုပ်ဆရာမကြီးကစီစဉ်ပါတယ်။
ပေါက်ပေါက်ရှာရှာဗျာ။ ရွှေဥာဏ်တော်ကလဲစူးရောက်ပါ့။

ကလေးတွေခြေဖ၀ါးမှာပန်းချီဆွဲတဲ့ရေဆေးနဲ့သုတ်ပြီး နံကာစက္ကူ ချပ်ပေါ်မှာနှိပ်ပေးရတာပါ။
ဘာ့အတွက်ဆိုတာသေသေချာချာသဘောပေါက်အောင်ရှင်းပြပြီးမှ သူတို့သဘောတူမှလုပ်ရပါတယ်။
၂နှစ်ခွဲကောင် မစ်ခေးနဲ့ ၄နှစ်ကောင် ဒင်နီရယ်က သဘောမတူလို့ အတင်းမလုပ်ပါဘူး။
သူတို့သဘောတူတဲ့ သူတို့ခြေဖ၀ါးရာကိုဘေးကကွင်းပြီးဆွဲတာကိုဘဲရပါတယ်။
ကလေးတွေကိုဘယ်တော့မှမရိုက်ရပါဘူး။ လိမ်ဆွဲတာ၊ ခေါင်းခေါက်တာတွေလုံးဝမလုပ်ရပါဘူး။
ဘယ်ဟာကကောင်းတယ်၊ မကောင်းဘူးဆိုတာကိုနားလည်အောင်သင်ပြပေးသွားပါတယ်။

နေ့ကလေးထိန်းမှသည်မူကြိုဆီသို့

၃နှစ်ပြည့်တဲ့အခါမတော့မူကြိုအငယ်တန်းကိုသူတို့ရောက်ကြပါပြီ။
ကလေးတွေကသိတတ်လာတာနဲ့အမျှ ဆရာ၊ဆရာမကိုမကြောက်ပါဘူး။ ချစ်ကြပါတယ်။
ဒါကြောင့်ဆရာ၊ ဆရာမအမိန့်ကိုနာခံလိုက်နာကြပါတယ်။
လူဆိုးတစ်ယောက်စနှစ်ယောက်စလဲရှိတာမို့ သူတို့ဖေါက်လာရင် ဆရာ၊ဆရာမတစ်ဦးက
သီးသန့်ထိန်းရပါတော့တယ်။ မရတော့ရင်မိဘကိုဖုန်းဆက်ပြီးလာအခေါ်ခိုင်းရတာပါဘဲ။
ဒီကောင်တစ်ချို့ဖေါက်လာပြီးပြောမရတော့ရင် ကျွန်တော်ကတော့လက်အတော်ယားပါတယ်။
ကျွန်တော်တို့ဆီမှာဆိုရင် ၀ါးခြမ်းပြားစာတော့ကျွေးသင့်နေပြီပေါ့။


               ကျွန်တော်နဲ့အကြီးတန်းကကျွန်တော့်ဆရာများ

သင်ကြားမှုတစ်ချို့

၃နှစ်မှစလို့အရောင်အခေါ်အဝေါ်များကိုသင်ကြားပါပြီ။ ကလေးတွေကိုစာသင်ချိန်ဆိုပြီးသီးသန့်
ထားမနေပါဘူး။ ကစားရင်းနဲ့အလျဉ်းသင့်သလိုသင်ပြသွားတာပါ။
သူတို့အတွက်ကိုယ်ပိုင်ရေသောက်ခွက်ရောင်စုံလေးတွေထားပေးပါတယ်။
သူတို့ကြိုက်တဲ့ခွက်မှာ သူတို့နံမည်ကိုရေးထိုးပေးထားပြီး ကိုယ့်ခွက်နဲ့ကိုယ်ဘဲသောက်ရမယ်
လို့စည်းကမ်းသတ်မှတ်ပေးထားပါတယ်။

အားလုံးလိုက်နာကြပါတယ်။ သူတို့ဘာသာရှာလို့မရတော့ရင်ဆရာကိုအကူအညီတောင်းနိုင်
ပါတယ်။ ဆရာကဘာအရောင်လဲလို့အရင်မေးပါလိမ့်မယ်။ အရောင်ကိုတော့မှန်အောင်သူတို့
ပြောနိုင်ကြပါပြီ။ ဆရာကရေခွက်တင်တဲ့ခုံပေါ်မှာတွေ့ပြီဆိုရင်ချက်ချင်းယူမပေးပါဘူး။
သူ့တို့ကိုဘဲသေသေချာချာပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့သူတို့အဓိကကျတဲ့အရောင်တွေနဲ့နံမည်
စာလုံးပေါင်းတွေကိုမျက်စိယဉ်သွားကြပြီး အလတ်တန်းလောက်ဆိုနံမည်ရေးတတ်နေကြပါပြီ။

ဒီနိုင်ငံမှာစနစ်ကျတဲ့အိမ်အမှိုက်စွန့်စနစ်ရှိပါတယ်။ အိမ်တိုင်းကိုအပြင်မှာအမှိုက်ပုံးကြီး၂ပုံးထားပေးပါတယ်။
ဒါကြောင့်ကျွန်တော်တို့တတွေအိမ်တွင်းမီးဖိုချောင်မှာအမှိုက်အိတ်၂လုံးခွဲထားကြရပါတယ်။
သားငါးသစ်သီးဝလံစားကြွင်းစားကျန်နဲ့စက္ကူ ၊နံကာချပ်များကိုသတ်သတ်ခွဲပစ်ပေးရပါတယ်။
ကျန်အမှိုက်တွေကိုတော့တအိတ်သတ်သတ်ထားပေးရတာပေါ့။ Recycling လုပ်မှာကြောင့်ပါ။
ဒါကြောင့် ၃နှစ်နဲ့အထက်တွေအစာစားချိန်တိုင်း သူတို့စားပွဲပေါ်မှာအမှိုက်ခွက်၂လုံးတင်ပေးထားရပါတယ်။
သူတို့ဘယ်တော့မှမှားမပစ်ပါဘူး။ စည်းကမ်းဆိုတာအများကောင်းဖို့မဖြစ်မနေလိုက်နာရမယ်ဆိုတာ
သူတို့စိတ်ထဲမှာစွဲစေပါတယ်။

ဒီလိုကောင်းတဲ့အဆုံးအမတွေနဲ့ကြီးပြင်းလာတဲ့ ကလေးဟာ ကြီးလာလို့ကားမောင်းတဲ့အခါယာဉ်စည်းကမ်းဖေါက်ပြီး
လမ်းဘေးမှာကားမရပ်တော့ပါဘူး။ ဒီနိုင်ငံမှာရှက်စရာအကောင်းဆုံးတစ်ခုကစည်းကဖါက်ခြင်းပါဘဲ။
စည်းကမ်းဖေါက်ခြင်းကိုဥပဒေအရသာမကလူမှုရေးအရပါခွင့်မပြုတာတွေ့ရပါတယ်။

အကြီးတန်းသမားတွေကိုတော့ သီးသန့်ဘာသာပြဆရာက ABCD ကောင်းကောင်းရေးတတ်
ဖတ်တတ်အောင် တစ်ဦးချင်းတစ်ပါတ်မှာ ၂ကြိမ်သင်ပေးပါတယ်။
သူတို့ကနဲနဲအရေးကြီးတယ်လေ။ ၆နှစ်ပြည့်ရင်ပြည်သူ့ကျောင်းကြီးမှာသူငယ်တန်းဝင်ရတော့မှာကိုး။
                              စာရေးသူနဲ့တပည့်ကျော်မျောက်လောင်းလေးများ


ပင်ပလေ့လာရေးခရီး

မကြာခဏလဲခလေးတွေကို ပြင်ပလေ့လာရေးခရီးတွေပို့ပေးလေ့ရှိပါတယ်။
စီးလုံးဌားဘတ်(စ်)ကားရှည်ကြီးနဲ့သွားကြတဲ့ခရီးစဉ်တွေစီစဉ်ပေးသလို ပြည်သူ့ပို့ဆောင်ရေးမီးရထား၊
ဘတ်(စ်)ကားတွေနဲ့လဲသွားကြရတဲ့ခရီးစဉ်တွေရှိပါတယ်။ ဒါကြောင့်ဒိန်းမတ်နိုင်ငံရဲ့ပြည်သူ့ပို့ဆောင်ရေးယာဉ်
တွေပေါ်မှာကလေးတစ်အုပ်ကြီးပျော်နေတာကိုမကြာခဏတွေ့ကြရမှာဘဲဖြစ်ပါတော့တယ်။
ကလေးအားလုံးစည်းကမ်းတကျနဲ့အများပြည်သူတွေနဲ့အတူခရီးသွားကြတာပါ။

လမ်းလျောက်ရမယ့်နေရာတွေမှာသူတို့၂ယောက်စီလက်တွဲပြီးလျောက်ကြရပါတယ်။
လက်တွဲဖေါ်ကို ခရီးမစခင်မှာသတ်မှတ်ပေးရပြီးဆရာ၊ ဆရာမကရှေ့နဲ့နောက်ဆုံးကနေလိုက်ရပါတယ်။
၁၀မိနစ်ကျော်လမ်းလျောက်ကြပြီဆိုရင်တော့ပြသနာနဲနဲရှိလာပါပြီ။
ဖရက်ဒရစ်လူဆိုးကသူ့လက်တွဲဖေါ်ကောင်မလေး အီဒါရဲ့လက်ကိုအားထဲ့ညှစ်နေတာမျိုး
လူနောက် အိုလာကကောင်မလေးမီလာရဲ့ခြေထောက်ကိုလိုက်နင်းနေတာမျိုးတွေဖြစ်လာရင်တော့
တန်းခဏရပ်ပြီး နဲနဲဆုံးမလို့လက်တွဲဖေါ်ပြောင်းပေးရပါတယ်။

"ဟ.ဟ ဒါတွေကဘယ်လိုတွေတုန်းဟ" ပြီးခဲ့တဲ့အပတ်က ဘုန်းဘုန်းရွှေည၀ါဆရာတော်ဘုရားဒိန်းမတ်နိုင်ငံကို
ဓမ္မဒူတခရီးကြွစဉ် Hillerod မြို့မှာ ၁၆ရာစုကထဲကတည်ဆောက်ထားခဲ့ကြတဲ့ Frederiksborg Castle
ကြီးကိုလိုက်ပြစဉ် ကလေးတန်းကြီးကိုမြင်လိုက်ရတာကြောင့် မေးခွန်းထုတ်လိုက်တာဘဲဖြစ်ပါတော့တယ်။
"မူကြိုကျောင်းကကလေးတွေကိုသမိုင်းအမွေအနှစ်တွေဘယ်လိုထိန်းသိမ်းထားတယ်ဆိုတာလေ့လာရေးခရီး
ကျောင်းကလိုက်ပို့တာပါဘုရား" ပါလာတဲ့ယာယီကပ္ပိယ အောင်ဖေကလျောက်ထားလိုက်တဲ့အခါ
"ဒို့ဆီမှာတော့ဒီလိုမျိုးက ဘဲတွေကျောင်းတာဘဲတွေ့ဘူးတယ်ကွ၊သူတို့ကကလေးတွေကိုလူတွေလိုဂရုစိုက်ကြတာကိုး"
လို့မိန့်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၅ရာကျော်ကရဲတိုက်ကြီးကို ဘုရင်လက်ရှိနေသလိုမျိုးထိန်းသိမ်းထားကြတာဘဲဖြစ်ပါတယ်။


  ခေတ်ဟောင်းဥယာဉ်သွားစဉ် ပင်လယ်ဓါးပြပုံပြင်ပြောပြနေတာ

ကျောင်းကြီးနဲ့လဲမစိမ်းရအောင်

မူကြိုအကြီးတန်းကကလေးတွေကို ၆နှစ်ပြည့်ရင်သူတို့ဆက်တက်ရမဲ့ကျောင်းကြီးကိုတစ်ပါတ်မှာ၂ခေါက်
အလည်လိုက်ပို့ပေးပြီးကစားစေပါတယ်။ ကျောင်းကြီးကကောင်တွေကလဲဒီမူကြိုကျောင်းထွက်တွေဘဲ
များတာမို့သူတို့ချင်းရင်းနှီးကြပြီးသားပါ။
၆နှစ်ပြည့်လို့စာသင်နှစ်ဆုံးချိန်မှာတော့ သူတို့ကိုကျကျနနပလပ်စတစ်လောင်းထားတဲ့မူကြိုဒီပလိုမာ
အောင်လက်မှတ်နဲ့အတူ သူတို့မူကြို မှာ၅နှစ်ဝန်းကျင်နေခဲ့စဉ်ကရေးဆွဲခဲ့တဲ့ပန်းချီကား၊ လူတဘက်သား
ကိုအကောင်းဆုံးပေးခဲ့တဲ့ကူညီမှုမှတ်တမ်းစတာတွေပါတဲ့ ဖိုင်တွဲကိုအပ်နှင်းခြင်းခံရပါပြီ။

ကျွန်တော့်ချစ်ဇနီးငယ်ငယ်ကလို ကျောင်းအပ်လို့ငို အဘကပြန်ခေါ်လာ ၇နှစ်မှကျောင်းပြန်အပ်၊
ဆိုတာမျိုးတွေမဖြစ်တော့ဘဲကျွန်တော့်ဆရာ၆နှစ်ပြည့်တွေကတော့မူလတန်းကျောင်းတော်ကြီးကို              တက်ရောက်ခွင့်ရကြတော့မှာမို့တက်ကြွတဲ့ကြက်ဖတွေဖြစ်နေကြတာကိုမြင်ရမှာဘဲဖြစ်ပါတော့တယ်။

အားလုံးအတူတူ

ကျွန်တော်တို့မူကြိုကျောင်းလေးမှာစုစုပေါင်းကျောင်းသားခြောက်ဆယ်ကျော်ရှိပါတယ်။
အားလုံးအတူတူညီမျှတဲ့စောင့်ရှောက်မှုကိုရကြပါတယ်။ မိဘတွေကလဲကာယလုပ်သား၊
ဥာဏလုပ်သားသာကွဲမယ် ၀င်ငွေတွေပြောပလောက်အောင်မကွာခြားကြပါဘူး။
ဒါကြောင့်ဂုဏ်တုဂုဏ်ပြိုင်ဆိုတာဒီနိုင်ငံမှာမရှိပါဘူး။ လူကြီးတွေကလဲဘာစိန်တွေရွှေတွေ
မှဝတ်မနေပါဘူး။ ကလေးတွေကိုလဲလိုအပ်တဲ့အသုံးအဆောင်ကလွဲရင်ဘာမှဆင်ပေးမနေပါဘူး။

မရောင်ရာဆီမလူးတဲ့နိုင်ငံပါ။ နိုင်ငံကိုအုပ်ချုပ်နေတဲ့ သာမန်ပြည်သူထဲကဘဲလာတဲ့နိုင်ငံရေးသမား၊
အုပ်ချုပ်သူတွေကလဲ နိုင်ငံတိုးတက်သည်ထက်တိုးတက်အောင် ပြည်သူတွေအဆင်ပြေသည်ထက်
ပြေအောင် ဘာတွေပြုပြင်ရင်ကောင်းမလဲဆိုတာတွေဘဲ လွှတ်တော်မှာအမြဲဆွေးနွေးနေကြပါတယ်။

အချုပ်ပြောရရင်ဖြင့် ကျွန်တော်တို့ထက်သယံဇာတထူးမထွက်တဲ့နိုင်ငံပါ။
ရာသီဥတုတောင်ကျွန်တော်တို့ထက်ကြမ်းတယ်ပြောရပါ့မယ်။ သိပ်မဝေးသေးတဲ့ကာလတုန်းက
အအေးဒဏ်ခံနိုင်ဖို့ မြင်းတွေနွားတွေနဲ့အတူအိပ်ခဲ့ကြရတဲ့နိုင်ငံပါ။
အခုတော့ပြည်သူတွေဝိုင်းဝန်းစိုက်ပျိုးခဲ့ကြတာတွေကို ၀ိုင်းဝန်းလို့ဘဲရိတ်သိမ်းနေနိုင်ကြပါပြီ။

ကျွန်တော်တို့နိုင်ငံမှာလဲ နိုင်ငံတော်အနာဂတ်ကောင်းရလေအောင် တိုင်းပြည်ရဲ့ရင်သွေးငယ်
တွေကို အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်ဖို့ ဆန္ဒမွန်နဲ့အတူ ဒီမိုကရေစီနိုင်ငံတော်သစ်ကို
မှန်းမျှော်ရည်ရင်း ဒိန်းမတ်နိုင်ငံရဲ့ ကလေးသူငယ်စောင့်ရှောက်မှု တစ်စိတ်တစ်ဒေသကို
လက်လှမ်းမှီသမျှ တင်ပြလိုက်ရကြောင်းပါခင်ဗျား။

( 11.09.2014, Envoy ဂျာနယ်)






                  

No comments:

Post a Comment