ပခုက္ကူ က ၄တန်း တူနဲ့တူမ ၂ယောက် စာတော်စာညံ့အတန်းခွဲတော့မှာမို့
A ခန်းမှာ နေရအောင် အမေကအတင်းစာတွေကျက်ခိုင်း၊ ပြန်ခိုင်းလုပ်နေပါတယ်။
အကြီးကောင်က စာကောင်းကောင်းမကျက်ချင်လို့ မကြာခဏလည်း သူ့အမေရဲ့
အရိုက်ကိုခံနေရပါတယ်တဲ့။
အရွယ်နဲ့မမျှတဲ့ စိတ်ဖိစီးမှုတွေ ကလေးတွေမသိမသာ ခံစားနေကြရပါတယ်။
စာတွေကိုလည်း ကြက်တူရွေးစာအံ့သလို ၏ ၊ သည် ၊ ကစလို့မှားလို့မရအောင်
အတင်း အလွတ်ကျက်မှတ်နေကြရတာတွေ့ရပါတယ်။
ရန်ကုန်က ၈တန်းတက်နေတဲ့တူမတစ်ယောက်ကတော့ အတန်းခွဲနေရာချတာမှာ
စာအတော်ကြီးမဟုတ်လို့ A ခန်းမှာမနေရဘဲ B ခန်းမှာဘဲနေရပါတယ်တဲ့။
ကမာဝက်မြို့မှာ အဖွားနဲ့နေတဲ့ ၂ တန်းကျောင်းသား တူတစ်ယောက်ကတော့
အရွယ်နဲ့မလိုက်စာတွေရေးရတာများ၊ ည ၉ နာရီကျော်လည်း စာတွေရေးလို့
မပြီးသေးတော့ အဖွားက ကလေးပင်ပန်းလွန်းနေတော့ မီးမှိတ်ပြီး အိပ်ခိုင်းရတာ
ခဏခဏလို့ကြားရပါတယ်။
မနက်အစောကြီး သူ့အဖွားမနိုးခင် စာတွေထရေးနေရကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ ၂ လ၀န်းကျင်တုန်းကတော့ ညောင်ရွှေမှာ ၉တန်းတက်နေတဲ့ သူငယ်ချင်း
တစ်ယောက်ရဲ့ သမီးလေး စာတော်လို့ A ခန်းမှာတက်နေရာကနေ ဆရာမကြီးက
စာတော်တဲ့သူတွေကို အခြားအခန်းတွေကို မျှသွားအောင်နေရာချပေးတာကြောင့်
ငိုနေတာကို ကျွန်တော်တို့သူငယ်ချင်းတစ်တွေဝိုင်းဝန်းနှစ်သိမ့်လိုက်ရပါသေးတယ်။
ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ အရာရှိကြီးတွေ ပါဝင်ကြတဲ့ ကျွန်တော်တို့
သူငယ်ချင်း အဖွဲ့လေးက အဲဒီဆရာမကြီးရဲ့ အမြှော်အမြင်ကောင်းနဲ့လုပ်ရပ်ကို
ကြို ဆိုခဲ့ကြပြီး သမီးလေးကိုသဘောပေါက်အောင် ၀ိုင်းဝန်းနှစ်သိမ့်ရှင်းပြခဲ့ကြလို့
အခုအခါမှာ သမီးလေးက သူ့ထက်စာမလိုက်နိုင်တဲ့သူတွေကို ကူညီရင်း အတန်းသစ်
မှာပျော်နေပြီလို့ ကြားရပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူ့ကျောင်းတွေမှာဘဲ အတန်းခွဲချထားခြင်းစနစ်ဟာ
တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဖြစ်နေတာသတိပြုမိရပါတော့တယ်။
ကျွန်တော်တို့နိုင်ငံမှာ မိဘတွေပညာရေးကိုအားပေးကြတာကို ကြို ဆိုရမှာဖြစ်ပေမယ့်
ကလေးတွေ အရွယ်နဲ့မလိုက်အောင် စာတွေနဲ့ပိနေပြီး ပင်ပန်းနေကြရတာဟာ
ရေရှည်အတွက် ဘယ်လိုမှမကောင်းနိုင်တဲ့အလားအလာတစ်ရပ်ဖြစ်သလို
မနိုင်ဝန်ထမ်းနေရသလိုဖြစ်နေတဲ့ မူလတန်းကလေးတွေအတွက်လည်း
စိတ်မကောင်းဖြစ်ရပါတယ်။
တစ်ချို့ ကျောင်းတွေမှာ အတန်းပိုင် ဆရာ၊ ဆရာမရဲ့ ကျူ ရှင်တက်တဲ့ကလေးက
စာမေးပွဲမှာ ၅ ပုဒ်ဘဲကျက်ရပြီး၊ မတက်တဲ့ ကလေးက ၁၀ ပုဒ်လုံး ကျက်ကြရတယ်
ဆိုတာကြားရတော့လည်းမယုံကြည်နိုင်အောင်ပါဘဲ။
ကျွန်တော်လက်ရှိနေထိုင်ရာ ဒိန်းမတ်နိုင်ငံရဲ့ ပြည်သူ့ကျောင်းတွေမှာ တက်ရောက်
နေကြတဲ့ မူလတန်းကလေးတွေ အရွယ်နဲ့မမျှစာတွေပိနေတာလုံးဝမတွေ့ရပါဘူး။
စာကိုအလွတ် ၏၊ သည်၊ မလွဲ ကျက်ကြရတာလည်းမရှိပါဘူး။
အလွတ်မကျက်စေဘဲ ကလေးတွေ ခေါင်းထဲမှာမှတ်မိသွားစေတဲ့နည်းလမ်းများ
ကိုအသုံးပြု ကြတာတွေ့ရပါတယ်။
ကလေးတွေချင်းအတူတူ ဒီနိုင်ငံက ကလေးတွေက ကျောင်းဆင်းပြီးရင် စိတ်လွတ်
ကိုယ်လွတ် ကလေးဘာဝ ကစားနေနိုင်ကြပြီး ကျွန်တော်တို့နိုင်ငံက ကလေးတွေ
ကျတော့ စာတွေပိနေကြတာကို ကြားရတာအလွန်သနားဖို့လည်းကောင်းပါတယ်။
ဒီနိုင်ငံက ကလေးတွေစာမပိပုံများ ပြောရရင် ၁၂နှစ်ပြည့်လို့ ၆တန်း၊ ၇တန်း
ရောက်ပြီဆိုရင် ကျောင်းအားချိန်(သို့) ကျောင်းအားရက် တွေမှာ အချိန်ပိုင်းလုပ်ငန်း
ခွင်တောင်ဝင်နေကြတာတွေ့ရပါတယ်။
စူပါမာကက်တွေမှာဝင်လုပ်ကြတယ်၊ သတင်းစာ၊ ကြော်ငြာလိုက်ပို့ကြတယ်။
လုပ်အားခလည်း လူကြီးတွေနည်းတူရကြပါတယ်။
ဒီလိုကွာခြားနေတာကို သတိပြုမိတာကြောင့်
သူတို့ရဲ့စနစ်ကောင်းသည် ဆိုးသည်ဆိုတာထက် ကျွန်တော်တို့ဆီမှာကျင့်သုံးနေတဲ့
စနစ်နဲ့ယှဉ်ထိုးကြည့်နိုင်အောင်ရယ်၊ ပညာရှင်များလည်းကျွန်တော်တို့ကလေးများအတွက်ပိုမိုသင့်တော်ကောင်းမွန်တဲ့
သင်ကြားခြင်းစနစ်များကိုရှာကြံရာမှာအထောက်အကူဖြစ်နိုင်အောင်ရည်ရွယ်ပြီး
ဒီဒိန်းမတ်နိုင်ငံရဲ့အခြေခံကျောင်းတွေမှာကျင့်သုံးနေကြတဲ့သင်ကြားပုံစနစ်ရဲ့
တစ်စိတ်တစ်ဒေသကိုအထူးသတိပြု နိုင်အောင်လက်လှမ်းမှီသမျှရေးသားလိုက်ပါတယ်။
အုပ်စုဖွဲ့ပေးကာသင်ကြားခြင်းကိုအထူးဆောင်ရွက်ပါတယ်
"ဒိန်းမတ်နိုင်ငံအခြေခံအဆင့် အတန်းခွဲခြင်းနှင့်သင်ကြားခြင်းတစ်စိတ်တစ်ဒေသ"
စာတော်သူများကိုသီးသန့်အတန်းခွဲထားတဲ့စနစ်မရှိပါဘူး။
၃ ယောက်ပိုမိုထူးခွှန်လာဖို့ထက် ၃၀ အရည်အချင်းမှီလာဖို့ကိုဦးစားပေးပါတယ်။
သဘာဝအရင်းအမြစ်ပြောပလောက်အောင်မပိုင်ဆိုင်တာကြောင့်ပြည်သူလူထု
အသိဖွံ့ဖြိုးရေးကိုအထူးအဓိကထားတာတွေ့ရပါတယ်။
ကျောင်းသားတစ်ယောက် "ငါဟာစာညံ့တဲ့သူပါလား၊ ဥာဏ်မကောင်းတဲ့သူပါလား"
လို့မိမိဘာသာထင်သွားနိုင်တာမျိုးအထူးရှောင်ကြဉ်ကြပါတယ်။
ပြည်သူ့ကျောင်းတိုင်း အတန်းခွဲနေရာချထားရာမှာ စာတော်တဲ့သူတွေကိုသီးသန့်
အတန်းခွဲထားတာမျိုး မရှိပါဘူး။
မူလတန်းမှစပြီးတော့ အခါအားလျော်စွာဆရာကလူမျှအောင်ခွဲပေးထားတဲ့ အုပ်စုလိုက်
သင်ကြားလေ့လာမှုတွေဆောင်ရွက်ပေးပါတယ်။
အသင်းအဖွဲ့နဲ့လုပ်တတ်ကိုင်တတ်လာစေရန်နဲ့ စာသိပ်မလိုက်နိုင်သူများကိုလည်း
လက်တွဲခေါ်နိုင်ရန်ရည်ရွယ်ပါတယ်။
အတန်းထဲကစာတော်တဲ့ကလေးရဲ့ထက်မြက်မှုကို အုပ်စုလိုက်သင်ခန်းစာဆောင်ရွက်
စေခြင်းနဲ့ စာမလိုက်နိုင်တဲ့ကလေးတွေကို လက်တွဲခေါ်စေပါတယ်။
ကျွန်တော်တို့တုန်းကထဲက စာတော်တဲ့သူကျောင်းသားဟာ သူ့ဘာသာတော်သွားတာ
ဘဲရှိပြီး ကျန်သူများကိုပြောပလောက်အောင်အကျိုးပြု သွားခွင့်မရပါဘူး။
ဒီကအဖွဲ့လိုက်ဆောင်ရွက်စေတဲ့စနစ်ကြောင့် စာတော်သူလည်းပိုလို့တော်လာပြီး
ကျန်သူများကိုလည်းအကူအညီပေးရာရောက်စေပါတယ်။
၏ ၊ သည် မလွဲသင်ခန်းစာတွေကိုအလွတ်ကျက်မှတ်ခြင်းကိုအားမပေးပါဘူး။
ကလေးတွေသိသွားအောင် မှတ်မိသွားအောင် သင်ကြားခြင်းစနစ်တွေကို
အသုံးပြု ပါတယ်။
အတန်းထဲမှာဘယ်သူကတော်တယ်၊ ဘယ်သူကညံ့တယ်ဆိုတာမျိုး ဘယ်တော့မှ
မပြောပါဘူး။
ပုံမှန်အတိုင်းဆို ၃ လတစ်ကြိမ် မိဘတိုင်းနဲ့သီးသန့်တွေ့ဆုံပါတယ်။
ကလေးရဲ့ ဘာသာရပ်ဆရာတိုင်းက မိဘကို ကလေးပညာရေးအခြေအနေ ရှင်းပြ
ပြီး လိုအပ်နေတဲ့ဘာသာမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို
တိုင်ပင်ဆွေးနွေးပါတယ်။
နှစ်ကုန်ရင်တတန်းလုံးအတန်းတင်ပေးတဲ့စနစ်ကျင့်သုံးပါတယ်။
ထူးခြားတာက ပထမတန်းကနေတတိယတန်းအထိ၊ ၄ တန်းကနေ ၆တန်းအထိ နဲ့
၇တန်းကနေ ၉တန်း(၁၀တန်း)အထိကို အတန်းပိုင်ဆရာပါအတူလိုက်တက်သွားပါတယ်။
ကလေးတွေဘာလိုအပ်တယ်ဆိုတာကောင်းကောင်းသိ ထိတွေ့မှုမပြတ်အောင်
ရည်ရွယ်ပုံရပါတယ်။
ပြည်သူ့စာသင်ကျောင်းတွေလုံလောက်အောင်ထားရှိပေးတာကြောင့်
စာသင်ခန်းတစ်ခန်းမှာကျောင်းသား ကျောင်းသူ အယောက် ၃၀ အောက်မှာဘဲ
ရှိတာတွေ့ရပါတယ်။
အတန်းစဉ်တိုင်းမှာအခါအားလျော်စွာစာမေးပွဲတွေထားရှိပေးပေမယ့် ပထမ၊ ဒုတိယ၊
စသဖြင့်အဆင့်ပေးတာမျိုး ဆုပေးတာမျိုးမရှိပါဘူး။
စာမေးပွဲတိုင်းမှာဘာသာရပ်အလိုက်အမှတ်(Grade)တွေပေးပါတယ်. ၁၂၊ ၁၀၊ ၇၊ ၄၊ ၀၂
ကအောင်မှတ်တွေဖြစ်ပြီး ၀၀၊ -၃ ကတော့မအောင်ပါဘူး။
အတန်းထဲမှာဘယိသူကတော့ ဘယ်ဘာသာမှာ Grade 12 ရတယ်ဆိုပြီးဆရာက
ပြောလေ့မရှိသလို ဘယ်သူကတော့ ၀၂ ဘဲရတယ်လို့လည်းမပြောပါဘူး။
ကလေးတွေအတွက်မလိုလားအပ်တဲ့စိတ်ဖိစီးမှုကိုမဖြစ်စေပါဘူး။
ကလေးတွေချင်းစိတ်ဝမ်းကွဲစေမယ့် အပြုအမူ လုပ်ရပ်မျိုးကိုအထူးရှောင်ရှားပါတယ်။
အားနည်းသူကို ကူညီတတ်တဲ့စိတ်ဓါတ်ကို ငယ်ငယ်ကထဲကပျိုးထောင်ပါတယ်။
ကလေးအားလုံးကို တပြေးညီဆက်ဆံပါတယ်။ အခွင့်အရေးပိုရတဲ့ကလေးမရှိပါဘူး။
ဒါကြောင့် ကလေးတိုင်းကလည်း မေးစရာ သိချင်တာရှိရင် ဆရာ၊ ဆရာမတွေကို
အချိန်မဆိုင်း လက်ညှိုးထောင်ပြီးမေးကြတာတွေ့ရပါတယ်။
အချုပ်ဆိုရရင်တော့
၃ ယောက်ထူးခွှန်ဖို့ထက် ၃၀ အသိပညာအတွေးအခေါ် မြင့်မားမှန်ကန်ဖို့ကို
ဦးစားပေးခဲ့တဲ့အတွက်..ဥပမာပြောရရင်..
ဒီနိုင်ငံမှာ ပြည်သူတွေအတွက်အကျိုးမများနိုင်တဲ့ မရောင်ရာဆီလူး ဥပဒေမျိုးတွေ၊
လမ်းမှားတွေညွှန်ပြတဲ့ ဦးဆောင်နေသူတွေ၊
ပေါ်လာမှာမဟုတ်သလို ပေါ်လာရင်လည်းထောက်ခံမယ့်သူရှိမှာမဟုတ်ပါဘူး။
ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအများစုကြီးကို မှန်ကန်တဲ့အတွေးအခေါ်၊
နည်းလမ်းကျတဲ့အယူအဆတွေကို လက်ခံတတ်လာအောင်ဆောင်ကျဉ်းပေးမယ့်၊
ကလေးတွေကိုလည်းအရွယ်နဲ့မမျှ ပင်ပန်းမှုကိုမဖြစ်စေမယ့်၊
သင်ကြားမှုစနစ်တစ်ရပ်အထူးအရေးတကြီးလိုအပ်နေကြောင်းပါခင်ဗျား။
စကားချပ်။ ။ ကျွန်တော်ကိုယ်တိုင်ပညာရေး အသိုင်းအ၀ိုင်းကမို့ ဆရာ၊
ဆရာမတွေ ပင်ပန်းရမှုကိုအထူးနားလည်မိပါတယ်။ ဆရာ၊ ဆရာမတွေ ပင်ပန်းသလောက်
အကျိုးထိရောက်အောင်ရယ်၊ ကလေးတွေ အရွယ်နဲ့မမျှ စာတွေနဲ့
နပန်းလုံးနေရတာတွေမဖြစ်အောင်ရယ်၊ အထက်ကလူကြီးတွေ
ပြန်ပြီးသုံးသပ်နိုင်ကြအောင် တတ်နိုင်သမျှတင်ပြခြင်းသာဖြစ်ကြောင်းပါ။
(Fb post. Oct, 2015)
No comments:
Post a Comment