Friday, 2 October 2015
မိဘတွေခေါင်းသိပ်မစားရတဲ့ ဒိန်းမတ်(သို့ မဟုတ်) ဒိန်းမတ်မှကလေးလူငယ်များ
ကျွန်တော်တို့ နိုင်ငံမှာသားသမီးရှိသူတွေ အတော်များများဟာ ကျောင်းစားရိတ်အပါအ၀င်ပူပန်ကြောင့်ကြရမှုတွေ နဲ့ နပန်းလုံးနေကြရတာကိုတွေ့ မြင်ရပါတယ်။
ဒိန်းမတ်နိုင်ငံမှာဒီလိုမျိုးသိပ်မတွေ့ ရတော့ ကျွန်တော်မြင်မိတာလေးတွေကို တင်ပြချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံက မိဘတွေကိုအပြစ်ဆိုလိုရင်းလုံးဝမဟုတ်ဘဲ အပြုသဘောနှိုင်းယှဉ်နိုင်အောင်
ရည်ရွယ်ပါတယ်။
သူတို့ က ကလေးတွေကို ငယ်စဉ်ကထဲက ကိုယ့်အားကိုယ်ကိုး တတ်အောင်လေ့ကျင့်ပေးတာတွေ့ ရပါတယ်၊
ဥပမာတခုပြောရရင်၊ အမေကရှေ့ကနေ ကလေးတွန်းလှည်းနဲ့ သွားနေတယ်၊ နောက်က ၃နှစ်အရွယ် ကလေးတယောက်ကပြေးလိုက်လာရင်းခလုတ်တိုက်လဲတယ်၊ ဒီကောင်အာပြဲနဲ့ အော်ငိုသေးတယ်၊ ကျွန်တော်ကတောင်ထူပေးဘို့ လုပ်မိသေးရဲ့၊ သူ့အမေကကျွန်တော်ကိုလက်ကာပြထားပြီးအေးအေး ဆေးဆေးဘဲရပ်စောင့်နေတာ၊ ဟိုကောင်လဲခဏနေတော့အငိုရပ်ပြီး သူ့အမေဆီလာရတော့ တယ်။ ဘာမှမေးနေတာမတွေ့ ရဘူး၊ ဖုံ ၃၊ ၄ ချက်ခါပေးပြီးဘာမှမဖြစ်ခဲ့သလိုဆက်လျှောက်သွားတာကြုံ
ရဘူးပါတယ်။
ဒီနိုင်ငံကလင်ရောမယားရောအလုပ် လုပ်တဲ့နိုင်ငံဆိုတော့ ဒီကောင်တွေ ၉လကထဲကကျောင်းရောက်ပြီဘဲ။
ငယ်ငယ်ကထဲက အများနဲ့ နေတတ်အောင်ရယ်၊ ကိုယ့်ဘာသာလုပ်တတ်အောင်ရယ်၊ လူမကြောက်တတ်အောင်ရယ် အဲဒီနေ့ကလေးထိန်းကျောင်းကနေပြုစုပျိုးထောင်ပေးခဲ့တာတွေ့ရပါတယ်။
ထမင်းခွံ့ ကျွေးတာမရှိဘူး၊ ဇွန်းကိုင်နိုင်ပြီဆိုရင်ကိုယ့်ဘာသာစားဘဲ၊ ကလေးတွေကိုရိုက်တဲ့အလေ့အထ
မရှိဘူး၊ သူတို့ ကြောင့်ပျက်စီးနိုင်မှာ၊ အန္တရာယ်ရှိမှာကိုကြိုတင်ကာကွယ်ထားတယ်။
ကလေးကျောင်းမှာဆရာ၊ဆရာမတွေကော်ဖီသောက်ဘို့သကြားဗူးကိုတော်တော်ခက်ခက်ခဲခဲဖွက် ထားတာတွေ့ဘူးပါတယ်။
ဒီက ကလေးတွေ ဒုတ်ကောက်ခဲ့တို့ ၊ ၀ါးခြမ်းပြား တို့ မကြားခဲ့ရဘူး။ ဒီကောင်တွေလဲ ကျွန်တော်တို့ ဆီက ကလေးတွေလိုတော့ဇိမ်မကျရရှာပါဘူး။ ၉ လ၊ ၁နှစ် ၀န်းကျင်ကထဲကကျောင်းစတက်နေကြရပါပြီ။
၃ နှစ်ဆိုရင်မူကြိုတက်ကြရပြီး ၆ နှစ်ရောက်ရင် ကျောင်းကြီးကိုရောက်လို့တကယ့်ကျောင်းသားကြီးဖြစ်သွား
ပါပြီ။
အဲဒီကျောင်းတွေမှာ ကလေးတွေရဲ့စကားကိုလဲ ဂရုပြု ပြီးနားထောင်ပေးတာတွေ့ ရပါတယ်၊ ကလေးတွေရဲ့ ဆန္ဒ
ကိုလည်းအထူးအလေးထားပြီး ဆောင်ရွက်ပေးကြပါတယ်။
ကလေးတွေအလုပ်လုပ်တာကိုအားပေးခြင်း
ဒီနိုင်ငံမှာ ၇ နှစ် ၈ နှစ် အရွယ်တွေအလုပ်လုပ် ကြတာကို မကြာခဏ တွေ့ ရမှာဖြစ်ပါတယ်။ အခကြေးငွေ နဲ့အလုပ်လုပ်တာကိုမဆိုလိုပါ။
မိဘကမြင်းမွေးထားရင် မြင်းစာကျွေးရတယ်။ ပန်းစိုက်ရင် ပန်းခူးပေးရမယ်။ အဲဒီအရွယ် ကလေးတွေ
သူတို့ အိမ်ရှေ့ထွက်ပြီး ပန်းရောင်းနေတာတွေ စတော်ဘယ်ရီ ရောင်းနေကြတာတွေ တွေ့ ရမှာပါ။ သူတို့မိဘတွေဆင်းရဲကြလို့မဟုတ်ပါဘူး။
ဒီနိုင်ငံမှာက ဆင်းရဲချမ်းသာ ကွာဟမှုကပြောပလောက်အောင်မရှိပါဘူး၊ ငယ်စဉ်ကထဲကလုပ်အား
ကိုတန်ဘိုးထားတတ်အောင်ရယ်၊ အပြင်လောကနဲ့ ထိတွေ့တတ်အောင်ရယ်လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
တစ်ခါကကျွန်တော့်မိတ်ဆွေ ဒိန်းမတ်ကျောင်းဆရာတစ်ယောက်ရဲ့ ၉ နှစ်သမီးနဲ့  ၆ နှစ်သမီး ၂ ယောက် အိမ်ရှေ့နားကကုန်စုံဆိုင်လေးရှေ့မှာ ကော်ဖီ ရောင်းနေတာတွေ့ ရပါတယ်။
အငယ်ကောင် ၄ နှစ်သားက ဘော်ဒီဂတ်ပေါ့။ မေးကြည့်တော့ ဂျာကင်အသစ်ဝယ်ဘို့ တဲ့
သူတို့ အမေက ကော်ဖီ နဲ့  တီး ဓါတ်ဗူး ၂ ဗူး၊ ပြင်ပေးလိုက်တယ်လေ။
သကြားကဒီမှာပါ၊ နို့ ကဒီမှာပါ၊ နဲ့  တကယ့်ဈေးသည်ကြီးတွေကျနေတာဘဲ၊ အိမ်အတွက်ပါ ၂ ခွက်အားပေး
လိုက်ရပါသေးတယ်။
                      အဟောင်းဈေးခင်းလေးမှာဈေးရောင်းနေတဲ့ကျောင်းသူလေးတွေ
ဒိန်းမတ်မှာနွေဦးမှရောက်ပြီဆိုရင် အဟောင်းဈေးခင်းလေးတွေ အလျှို လျှို  ပေါ်လာတတ်ပါတယ်။
ကိုယ်မကြိုက်တော့တဲ့ပစ္စည်းဖြစ်ဖြစ် အသုံးမလိုတော့တဲ့ပစ္စည်းဖြစ်ဖြစ် ဈေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းကြတာပါ၊
အသစ်နီးပါးပစ္စည်းလေးတွေ အ၀တ်အစားလေးတွေချည်းပါဘဲ။
ကလေးတွေကလဲအရုပ်အသစ်ထပ်ဝယ်ဘို့  သူတို့ အရုပ်အဟောင်းလေးတွေချရောင်းနေကြတာတွေ့ ရပါတယ်။
ဆယ်ကျော်သက်အပျိုအရွယ်ခလေးမလေးတွေလည်းသူတို့ အ၀တ်အစားလေးတွေချရောင်း
နေကြတာဈေးခင်းမှာတွေ့ ရမှာပါ။
ရှက်ရွံ့မှုဆိုတာသူတို့ မသိပါဘူး၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာသာသူတို့ ခေါင်းထဲမှာရှိပါတယ်၊
ကျွန်တော်ငယ်ငယ် ၄ တန်းတုန်းကစာအုပ်အဌားဆိုင်လေးဖွင့်တာအမှတ်ရမိပါတယ်။
စွန်ရစ်လုံးအသစ်ဝယ်ချင်လို့  ကျွန်တော့်ဖေဖေက အကြံပေးတာပါ။
ရန်ကုန် ဘောက်ထော်က သုခိတာလမ်း အိမ်ရှေ့လမ်းမဘေးမှာ ဖျာလေးခင်း
ပြီးတော့ အဖေ့စာအုပ်တွေကော ကျွန်တော့်ကိုဖေဖေ၀ယ်ပေးထားတဲ့ ဂယက်နီ၊ ကွန်းဇော် 
စာအုပ်တွေအပါအ၀င် ဒို့ ကျောင်းသား၊ တေဇ၊ေ၇ွှသွေး မကျန် 
ထိုင်ဖတ် ၅ ပြားနဲ့  အိမ်ဌားရင်တော့စာအုပ်အလိုက် ၁၀ပြား၊ ပြား ၂၀ ယူပါတယ်။
ဒါပေမဲ့ကြီးလာတော့ အသက် ၃၀ လောက်ထိ ကျောင်းသားလုပ်စားတာပါဘဲခင်ဗျား။
ဒီနိုင်ငံမှာအသက် ၁၂ နှစ်ပြည့်ရင် တရားဝင်အလုပ် လုပ်လို့ ရပါပြီ၊
အစိုးရကလဲ ၁၈ နှစ်အထိ သူတို့ ဆီက ၀င်ငွေခွန် မစည်းကြပ်ပါဘူး။
ဒါကြောင့် ဒီက ကလေးတွေကျောင်းတစ်ဘက်နဲ့  အချိန်ပိုင်းအလုပ်တွေဝင်နေကြပါပြီ၊
သတင်းစာ၊ ကြော်ငြာ လိုက်ထဲ့ကြမယ်။ စူပါမာကက် တွေ၊ စားသောက်ဆိုင်တွေမှာ ၀င်ငွေရှာနေကြပါပြီ။
အလုပ်ရှင်တွေကလဲ သူတို့ အတွက်အခွန်မပေးရတော့ဈေးသက်သာတာပေါ့။
လစာကတော့လူကြီးတွေနည်းတူသူတို့ ရပါတယ်။
အိမ်မှာနေရုံစားရုံပါဘဲ။ သူတို့ ဝယ်ချင်တာတွေ သူတို့ ပိုက်ဆံနဲ့ ဝယ်ကြတယ်။ 
ကျွန်တော့်ဆရာမမတယောက်ရဲ့သမီးလေးကမြင်းတစ်ကောင်ဝယ်ချင်လို့  ၁၂နှစ်ကထဲကကျောင်းအားချိန်
တွေမှာ ကြော်ငြာလိုက်ထည့်တဲ့အလုပ် လုပ်ပါတယ်။ ကျွန်တော့်သမီးနဲ့ ရွယ်တူပါ။ သူ ၁၆နှစ်ပြည့်တော့ မြင်းရသွားပြီကြားရပါတယ်။
ကျွန်တော်တို့  သမီးလဲ ၁၂ နှစ်ကထဲကအလုပ်ဝင်ဘို့ ဟာ သူ့ အမေတားထားတာနဲ့  ၁၃ နှစ်မှာစအလုပ် 
လုပ်ပါတယ်၊ သူ့ အမေကကျောင်းဖွင့်ချိန်တွေမှာမလုပ်ခိုင်းသေးဘဲ နွေကျောင်းပိတ်ရက်ရောက်မှဘဲ
လုပ်ခိုင်းတာပါ။ အိမ်ရှေ့နားကဆိုင်မှာ ရေခဲမုန့် ရောင်းရပါတယ်။ အခုကျွန်တော်ဒီစာရေးနေတုန်းမှာဘဲ
သမီး အလုပ်သွားနေပါတယ်။ လာမယ့် သြဂုတ် လမှာ သူတက်ချင်နေတဲ့ ပရိုက်ဗိတ်ဒီဇိုင်းနားကျောင်းရယ်၊ 
သူဝယ်ချင်နေတဲ့အိုင်းပက်ဆိုလား Macbook pro ဆိုလား ၀ယ်နိုင်အောင်လို့ ပါ။ သူ့ အမေက 
တ၀က်စိုက်ရမယ်လို့ လဲသဘောတူညီချက်ယူထားတာတော့ရှိပါတယ်။
                           စာရေးသူရဲ့သမီး ၁၀ တန်းအောင်ကျောင်းဆင်းပွဲ
ဒီနိုင်ငံက ကလေးလူငယ်တွေမှာ ကျူ  ရှင်ပြေးရလွှားရတာတွေ ကျောင်းစာနဲ့  ပိနေတာတွေမတွေ့ ရတဲ့
အပြင်၊ ကော်ဖီဆိုင်မှာအချိန်ဖြုန်းနေတာတွေမတွေ့ ရပါဘူး၊
၆ တန်း၊ ၇ တန်း အသက် ၁၂ နှစ်ကထဲက တက္ကသိုလ်ပြီးသည်အထိ အချိန်ပိုင်းအလုပ်လုပ်ကြရင်း
ဝင်ငွေရှာပြီး ကျောင်းတက်သွားနိုင်ကြတာတွေ့ ရပါတယ်။
အစိုးရပိုင်းဆိုင်ရာအနေနဲ့ ကလဲ ကလေးတွေကိုမွေးကထဲကနေ ၁၈ နှစ်အထိ
ပြည်သူအားလုံးကိုကလေးစားရိတ်အထိုက်အလျှောက်ညီတူမျှစွာပေးထားတယ်။
၁၈ နှစ်ကျော်သွားပြန်ရင်လဲ ကျောင်းစားရိတ်ကိုအထိုက်အလျှောက်ဖြည့်ဆည်းပေးပါသေးတယ်။
ဒါတွေကိုပေးနိုင်အောင်လဲ အလုပ်လုပ်ကြတဲ့ လူကြီးတွေက ၀င်ငွေခွန်ကို နင့်နေအောင်ပေးရပါတယ်၊
ပြည်သူအားလုံး ၃၈ ၇ာခိုင်နှုန်းဝင်ငွေခွန်ဆောင်ကြရပါတယ်။
၁၈ နှစ်ပြည့်ပြီဆိုပြန်တော့လဲအိမ်ကဆင်းဘို့ လုပ်ကြပါပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားရပ်ဖို့
ကြိုးစားကြပြီဆိုတော့ကား..
အချုပ်တင်ပြရရင်တော့ အစိုးရကလဲပံ့ပိုး ကလေးတွေကိုယ်တိုင်ကလဲအလုပ်လုပ်ဝင်ငွေရှာကြတော့
မိဘတွေခေါင်းသိပ်မစားရကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။
(15,7.2013 , The Voice Weekly, Vol9,No27)
No comments:
Post a Comment