Saturday, 3 October 2015

အိုစာမင်းစာမလိုတဲ့နိုင်ငံ (သို့မဟုတ်) ဒိန်းမတ်နိုင်ငံမှသက်ကြီးရွယ်အိုများ

ဒိန်းမတ်မှာနိုင်ငံတော်ကနေ သက်ကြီးရွယ်အိုများအတွက်လည်း အထူးကောင်းမွန်တဲ့ စောင့်ရှောက်မှုစနစ် ရှိတာကိုတွေ့ ရပါတယ်၊ သက်ကြီးရွယ်အိုများအနေဖြင့် သူတို့ စိတ်ဝင်စားရာ နေရာများမှာ တက်ကြွစွာ
ပါဝင်ဆောင်ရွက်နိုင်ကြရန် အခွင့်အလမ်းများ ဖေါ်ဆောင်ထားပါတယ်၊ သူတို့ အစွမ်းရှိသလောက်
တာဝန်ယူ လုပ်ကိုင်နိုင်ကြပါတယ်၊ မြို့နယ်တိုင်းမှာဖွဲ့ စည်းထားတဲ့ သက်ကြီးရွယ်အိုအဖွဲ့ မှနေ၍ သူတို့ နှင့် ပတ်သက်သောကိစ္စရပ်များ မှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းနှင့်တိုင်ပင်
အကြံဥာဏ်များပေးခွင့်ရှိကြပါတယ်။

နိုင်ငံတွင်းမှီတင်းနေထိုင်သူတိုင်း နိုင်ငံတော်ကချမှတ်ထားတဲ့ ပင်စင်ကိုခံစားခွင့်ရရှိကြပါတယ်၊ ပုံမှန်အားဖြင့်အသက် ၆၅ နှစ်ပြည့်ပြီးသူတိုင်း(အလုပ် လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ)နိုင်ငံတော်ပင်စင်ခံစားခွင့် ရရှိမှာဖြစ်ပါတယ်၊ လုပ်ငန်းခွင်တိုင်းမှာလည်း သိပ်မများတဲ့ ပင်စင်ကြေးကိုလစာမှ ဖြတ်ပါတယ်၊ ပင်စင်လစာဟာလည်း လုံလောက်တဲ့ပမာဏ
ဖြစ်တာကိုတွေ့ ရပါတယ်၊ ပင်စင်စားများအတွက်လည်း နေရာတိုင်းမှာ သက်သာတဲ့ ၀န်ဆောင်မှုဈေးနှုန်းများကို သတ်မှတ်ပေးထားတာတွေ့ ရပါတယ်။

ကျွန်တော်တို့ နိုင်ငံက သက်ကြီးရွယ်အိုတွေလို မိသားစုနဲ့အမြဲတန်း သိုက်သိုက်ဝိုင်းဝိုင်းနဲ့ နွေးထွေးစွာ အတူနေထိုင်မှုမျိုးတော့ ဒီနိုင်ငံတွေမှာတွေ့ ရမှာမဟုတ်ပါဘူး။
သားသမီးတွေ အားလုံးကလဲ ၁၈ နှစ်ဝန်းကျင်ဆိုရင် သီးခြားရပ်တည်ကြပြီဖြစ်တာကြောင့် ဒီနိုင်ငံမှာရှိတဲ့
သက်ကြီးရွယ်အိုတိုင်း၊ ပင်စင်စားတိုင်းဟာ အတူနေတဲ့ သားသမီးမရှိကြတာများပါတယ်၊
အတူနေခင်ပွန်း(သို့ )သားသမီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသက်အရွယ်ရလာတာနဲ့ အမျှ
လူတစ်ဦးချင်းတိုင်းမှာ ကျန်းမာရေးအပါအ၀င် ကျန်ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက်လည်း ခံစားခွင့်
ကို နိုင်ငံတော်က ပြဌာန်းပေးထားပါတယ်။
                             အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးနေသောဝန်ထမ်းတစ်ဦး

အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးခြင်း

သက်ကြီးရွယ်အို အများစုဟာ ကျန်းမာရေးအရ သူတို့ ဘာသာရပ်တည်နိုင်ကြသည်အထိ ကိုယ်ပိုင်အိမ်ရာ
များမှာဘဲ နေထိုင်လေ့ရှိကြပါတယ်။
အသက်အရွယ်ရလာတာနဲ့ အမျှ အိမ်မှုကိစ္စတွေကို ကိုယ်စားဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့ အစည်းကို လျှောက်ထားနိုင်ပါတယ်၊ သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုပြီး
လိုအပ်တဲ့ ၀န်ဆောင်မှုများကို ချထားပေးပါတယ်။
အိမ်သန့်ရှင်းပေးခြင်း၊ အ၀တ်လျှော်ပေးခြင်း၊ ဈေးဝယ်ပေးခြင်း၊ ချက်ပြုတ်ပေးခြင်း၊
စတဲ့ဝန်ဆောင်မှုတွေ ခံစားခွင့်ရှိတဲ့အပြင်
လိုအပ်ရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းကလာရောက်လို့  ဆေးတိုက်ခြင်း၊
ထမင်းကျွေးခြင်း၊ ရေချိုးအ၀တ်လဲပေးခြင်းများကို သတ်မှတ်ပေးတဲ့နေ့ တွေ၊ အချိန်တွေမှာ
လာရောက်ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။
လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်း တွေဖြစ်တဲ့၊ ဥပမာ၊ ကိုယ်တိုင်မောင်းနိုင်တဲ့
ဘီးတပ်ထိုင်ခုံ၊ လမ်းလျှောက်အထောက်အကူတွန်းလှည်း စတာတွေကိုလည်း နိုင်ငံတော်က ပံ့ပိုးပေး
ပါတယ်၊ ဆုံးပါးချိန်မှာတော့ပြန်အပ်ရမှာဖြစ်ပါတယ်။

မိမိမှ မလျှောက်ထားသော်ငြားလည်း နိုင်ငံတွင်းတရားဝင်မှီတင်းနေထိုင်သူများဟာ အသက် ၇၅ နှစ်
ပြည့်တဲ့ အချိန်မှာတော့ နိုင်ငံတော်ကနေချမှတ်ထားတဲ့ ဥပဒေအရ သက်ဆိုင်ရာဌာနကနေလာရောက်
တွေ့ ဆုံပြီးတော့ လိုအပ်တဲ့ဝန်ဆောင်မှုတွေ ချမှတ်ပေးမှာဖြစ်ပါတယ်။
မြန်မာပြည်က ပင်စင်စားတွေဖြစ်ကြတဲ့ ကျွန်တော်ရဲ့ဖေဖေနဲ့ မေမေကို ဒီအကြောင်းတွေ ပြောပြမိတော့
အံ့သြပြီး သာဓုခေါ်ကြပါတယ်။

ဘိုးဘွားဂေဟာများ

ကျန်းမာရေးအရ အနီးကပ်စောင့်ရှောက်မှု လိုအပ်လာပြီဖြစ်တဲ့ သက်ကြီးရွယ်အိုများအဖို့ တော့
ဘိုးဘွားဂေဟာမှာ နေထိုင်ခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များထံမှာ
လျှောက်ထားနိုင်ခွင့်ရှိပါတယ်၊ မိမိတို့ အိမ်မှာဘဲနေထိုင်ရသလိုမျိုးဖြစ်အောင်လည်း
ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ထမင်းစား စားပွဲ စသည်များနဲ့ ဘိုးဘွားတွေရဲ့
အခန်းတိုင်းမှာ ဖွဲ့ စည်းဆောက်လုပ်ပေးထားပါတယ်။
ဝန်ထမ်းများကလည်း ၂၄ နာရီစောင့်ရှောက်မှုပေးမှာဖြစ်ပါတယ်၊
ဝန်ထမ်းတွေ တာဝန်အရ သူတို့ အခန်းတွင်း ၀င်မယ့်အခါတိုင်းလည်း တံခါးခေါက်ပြီးမှ
ဝင်ရမှာဖြစ်ပါတယ်။

ဘိုးဘွားဂေဟာတွေကို ဒီနိုင်ငံရဲ့မြို့တိုင်းလိုလိုမှာ တစ်လုံး၊ ဒါမှမဟုတ် ၃၊ ၄ လုံးရှိတာကိုတွေ့ ရပါတယ်၊
လူဦးရေ ၃ သောင်းဝန်းကျင်ဘဲရှိတဲ့ မြို့ဆိုရင်တောင် အနည်းဆုံး ၃၊ ၄ လုံးတွေ့ ရမှာဖြစ်ပါတယ်၊
ဘိုးဘွားဂေဟာ ယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံလို့ တင်စားပြောလို့ ရပါတယ်၊
ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံကသာသွားတာက ဒိန်းမတ်မှာအခမဲ့ဘိုးဘွားဂေဟာမရှိတာပါဘဲ၊
ပုဂ္ဂလိကကုမ္ပဏီ များကနေ အာဏာပိုင်အဖွဲ့ အစည်းနဲ့ ညှိနှိုင်းလို့ တည်ထောင်ထားကြတာဘဲဖြစ်ပါတယ်၊
ဝန်ဆောင်မှုကောင်းအောင်လည်း အပြိုင်အဆိုင်ကြိုးစားကြပါတယ်၊
ဒါကြောင့်မို့  အခကြေးငွေပေးရပါတယ်၊ သက်ကြီးရွယ်အိုများအနေနဲ့ လဲ မိမိရရှိတဲ့ ပင်စင်လစာမှနေပြီး
အခက်အခဲမရှိပေးနိုင်ကြပါတယ်။
                                             ဘိုးဘွားရိပ်သာတွင်း ဖျော်ဖြေပွဲ

လိုအပ်လို့ ဆေးရုံ၊ ဆေးခန်း သွားရရင်လဲ အခမဲ့ဖြစ်ပါတယ်၊ ဒိန်းမတ်မှာ သွားပိုင်းဆိုင်ရာကလွဲလို့ 
ကျန်တဲ့ အသေးစားခွဲစိတ်မှုမှသည် အကြီးစားခွဲစိတ်မှုအထိ အခမဲ့ဖြစ်ပါတယ်၊ ဘာတစ်ပြားမှ
ပေးစရာမလိုတဲ့အပြင် လူနာကိုထမင်းလဲကြွေး ကြုံကြိုက်ရင်လူနာစောင့်ကိုပါ ထမင်းကြွေးလိုက်
ပါသေးတယ်ခင်ဗျား၊ သွားကိစ္စကတော့ အခကြေးငွေပေးရပြီး ဈေးကြီးကြောင်းပါ၊ ဒါကိုလည်း
မိမိမှမတတ်နိုင်ရင် သွားကုသခွင့်လျှောက်ထားလို့ ရပါတယ်၊ မတတ်နိုင်ကြောင်းမှန်ကန်ရင်
ဒေသန္တရအာဏာပိုင်အဖွဲ့ အစည်းမှ ကူညီပါတယ်၊ ဒိန်းမတ်တစ်ချို့ကတော့ ဈေးသက်သာတဲ့
ကပ်ရက် ဆွီဒင်နိုင်ငံမှာ သွားကုသမှုလုပ်ကြတာတွေ့ ရပါတယ်။

ဘိုးဘွားဂေဟာမှဘိုးဘွားများ

အသက် ၅၀ ၀န်းကျင်မှသည် အသက် ၁၀၀ ကျော်အရွယ်ထိရှိကြပါတယ်၊ အသက် ၇၀ ကျော်
၈၀ ကျော် ၀န်းကျင်တွေကတော့ အများစုဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာကတော့ဒိန်းမတ်လို Demens လို့ ခေါ်တဲ့ Dementia ဝေဒနာရှင်အများ
စုကိုတွေ့ ရတာဘဲဖြစ်ပါတယ်၊ ကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းနေဆဲဖြစ်ပြီး
မှတ်ဥာဏ်ချို့ယွင်းနေကြတာဖြစ်ပါတယ်၊ ဒိန်းမတ်လူမျိုး သက်ကြီးရွယ်အို ၁၅ ယောက်တိုင်းမှာ
အဲဒီ ဝေဒနာရှင်တစ်ယောက်နှုန်းဝန်းကျင် တွေ့ ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံလို
မိသားစုနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း မနေကြရတာရယ် တရားထိုင်တတ်တဲ့အလေ့အကျင့် မရှိတာတွေ
ရယ် ကြောင့်များပါလေမလားလို့ တွေးမိပါတယ်။
မှတ်ဥာဏ်ချို့ယွင်းကြပြီဖြစ်ပေမဲ့ မိဘစိတ်၊ မိခင်ကိုတမ်းတတဲ့စိတ်တွေကတော့ ပျောက်မသွား
ကြပါဘူး၊ ညပိုင်းတာဝန်ကျတဲ့ ကျွန်တော့်ရဲ့ဇနီးကို "ညည်း အိမ်မပြန်သေးဘူးလား၊ မိုးချုပ်နေပြီ
ညည်းအမေဆီ ဖုန်းဆက်ပြောလိုက်အုံး" စသဖြင့်လည်း ပူပန်တတ်ကြပါတယ်၊ ဆုံးသွားပြီဖြစ်တဲ့
သူ့ အမေလာမယ်ဆိုပြီး ဧည့်ခန်းမကြီးမှာ ထွက်စောင့်နေတတ်တဲ့ အသက် ၉၀ ကျော်ဖွားဖွား
ကိုလည်း တွေ့ ရမှာဖြစ်ပါတယ်။
                                အနီးအနားဈေးဆိုင်ကနေဈေးဝယ်ပြန်လာတဲ့ဖွားဖွား

နိုင်ငံတော်ကလည်း ဘိုးဘွားဂေဟာမှ ဘိုးဘွားများကို သူတို့ ပါဝင်နိုင်တဲ့ ပွဲလမ်းအခမ်းအနား
တွေကို တစ်နှစ်အတွင်းမှာ ၄၊ ၅ ကြိမ်ဝန်းကျင်စီစဉ်ဆောင်ရွက်ပေးလေ့ရှိပြီး ဘိုးဘွားတိုင်းကို
လည်း ဖိတ်စာများပို့ ပေးပါတယ်၊ လက်တွန်းလှည်းနှင့်ဘိုးဘွားများလဲ တက်ရောက်နိုင်ရန်
လှည်းတွန်းမည့်သူများရရှိနိုင်အောင်လည်း စေတနာရှင်အဖွဲ့ များနဲ့ ဆက်သွယ်စီစဉ်ပေးပါတယ်။
အထီးကျန်ဘိုးဘွားများအတွက်လည်း သူတို့ အလိုရှိပါက အလည်အပတ်သွားရောက်စကားစမြည်
ပြောဖို့ သူလွှတ်ပေးတဲ့ အစီအစဉ်လဲရှိပါတယ်။ ဘိုးဘွားတိုင်းမှာ အလည်လာရောက်စကားပြော
တဲ့သူတွေရှိကြပါတယ်၊ ဆွေမျိုးတွေထဲကမဟုတ်ပါ၊ စေတနာရှင်အဖွဲ့ တွေကနေ သူ့ နေ့ နဲ့ သူ
လွှတ်ပေးတာဘဲဖြစ်ပါတယ်။

စေတနာရှင်လုပ်အားပေးအဖွဲ့များ 

ဒီနိုင်ငံမှာ စေတနာရှင်များအဖွဲ့ တွေ မြို့လေးတွေတိုင်းမှာရှိပါတယ်၊ လူငယ်အချို့နဲ့ ပင်စင်စား သက်ကြီးရွယ်အိုများအများစုပါဝင်ကြပါတယ်၊ စာသင်ပြပေးခြင်း၊ လူမှုရေးပိုင်းဆိုင်ရာ
အကူအညီများပေးခြင်းတို့ ကို အခမဲ့ဆောင်ရွက်ပေးကြပါတယ်၊ အထူးသဖြင့် ဒိန်းမတ်နိုင်ငံမှာ
နေထိုင်ဖို့ရောက်ရှိလာကြတဲ့ နိုင်ငံခြားသားတွေရဲ့ ဘာသာစကားအခက်အခဲကြောင့် ကြုံတွေ့ရတဲ့
ပြသနာတွေအပြင် အခြားတွေ့ကြုံရတဲ့အခက်အခဲတွေကို စေတနာနဲ့လိုက်လံဖြေရှင်းကူညီမှုတွေ
ပေးကြပါတယ်။
ဘုရားကျောင်းတွေကဖွင့်လှစ်ထားတဲ့ ဈေးနှုန်းချိုသာစွာရောင်းချတဲ့ ပစ္စည်းအဟောင်းဆိုင်တွေ
မှာလည်းစေတနာ့ဝန်ထမ်း အရောင်းဈေးသည်လုပ်အားပေးကြပါတယ်၊ အဲဒီဆိုင်တွေကရတဲ့ ၀င်ငွေတွေ
ကိုလည်းဆင်းရဲတဲ့နိုင်ငံတွေကို လှူဒါန်းတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။
                             စေတနာ့ဝန်ထမ်းအရောင်းဈေးသည် ဘွားဘွားများ

စေတနာရှင်အဖွဲ့မှာအမြဲတန်းတွေ့ရတတ်ပြီး တတ်စွမ်းတဲ့အကူအညီတွေ ပေးနေတတ်တဲ့
ရှေ့နေဟောင်း ဘိုးဘိုးတစ်ယောက် မတွေ့ရတာ ဆယ်ရက်လောက်ရှိလို့ မေးကြည့်မိတော့မှ
ဆုံးသွားကြောင်းသိရပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာတော့ဘိုးဘွားတွေဟာတရားဓမ္မနဲ့ပါလောကကိုအလှဆင်
နိုင်ကြပေမဲ့ ဒီနိုင်ငံမှာတော့ဘိုးဘွားတွေဟာ ဒီအခွင့်အရေးမရတဲ့အတွက် သူတို့ရဲ့နောက်ဆုံးအချိန်တွေအထိ လူမှုရေးကူညီမှုတွေ ပြုကြရင်း လောကကိုအလှဆင်သွားကြပါတယ်။
ဒါဟာလည်း ဗုဒ္ဓရဲ့ ဓမ္မပါဘဲ။

ဘ၀နိဂုံး

လူတစ်ဦးကွယ်လွန်ခဲ့လျှင်တော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးမှနေပြီး အသုဘအခမ်းအနားအတွက် လိုအပ်တဲ့ကိစ္စအ၀၀ကိုကူညီပေးမှာဖြစ်ပြီး လိုအပ်ရင်တော့ငွေကြေး
အကူအညီပါပေးမှာဖြစ်ပါတယ်။
ကျန်ရစ်မယ့် သားသမီးတွေကလည်း သူ့ဟာနဲ့သူရပ်တည်နေနိုင်ကြပြီ ဖြစ်ကြတာကြောင့်
"အိုစာမင်းစာမလိုတဲ့နိုင်ငံ" ဆိုပြီးတင်ပြလိုက်ရကြောင်းပါခင်ဗျား။

(The Voice Weekly, Sept 9.2013, Vol 9. No 35)

No comments:

Post a Comment