"ဒကာမကြီးကဗိုလ်မကိုအိမ်အကူဌားထားတာကိုး" ဒိန်းမတ်နိုင်ငံကိုဘုန်းဘုန်း ရဝေနွယ်(အင်းမ)ဓမ္မဒူတ
ခရီးကြွရောက်စဉ်ကမိန့်ခဲ့တာပါ။
ဒိန်းမတ်နိုင်ငံ မြို့လေးတစ်မြို့မှာနေထိုင်ပြီး မကျန်းမမာဖြစ်နေတဲ့မြန်မာအမျိုးသမီးကြီးတစ်ဦးက
ပင့်ဖိတ်လို့ဘုန်းဘုန်းကြွရောက်ခဲ့ပါတယ်။ အိမ်ထဲကိုရောက်တဲ့အခါမှာသန့်ရှင်းရေးဆောင်ရွက်ပေးနေတဲ့
ဒိန်းမတ်အမျိုးသမီးငယ်ကိုတွေ့ရလို့ဘုန်းဘုန်းကတင်စားကာမိန့်လိုက်တာဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာသူ့နိုင်ငံသားများနဲ့တရားဝင်မှီတင်းနေထိုင်လျက်ရှိကြတဲ့သူများအားလုံးကိုတပြေးညီ
စောင့်ရှောက်ဝန်ဆောင်မှုတွေပေးပါတယ်။
မည်သည့်အစိုးရဘဲတက်တက်ပြည်သူ့အပေါ်ဝန်ဆောင်မှု
ကိုကောင်းသည်ထက်ကောင်းအောင်ပေးနိုင်ဖို့ကြိုးစားကြတာတွေ့ရမှာဖြစ်ပါတယ်။
အိမ်တိုင်ရာရောက်ဝန်ဆောင်မှု
ပြည်သူတစ်ဦးနေထိုင်မကောင်းလို့ ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါမှာမြို့နယ်ရဲ့လမ်းညွှန်မှုနဲ့
သက်ဆိုင်ရာဝန်ထမ်းတွေကအိမ်တိုင်ရာရောက်ဝန်ဆောင်မှုတွေပေးပါတယ်။
အ၀တ်လျော်၊ ချက်ပြုတ်၊ သန့်ရှင်းရေးဝန်ထမ်းလာသလို ကျန်းမာရေးဝန်ထမ်းကလဲသူ့အချိန်နဲ့သူ
စောင့်ရှောက်မှုလာရောက်ပေးတာကိုတွေ့ရပါတယ်။
ဆေးရုံတင်ကုသမှုခံယူဖို့လဲမလိုအပ်သေး၊ ဘိုးဘွားဂေဟာမှာလဲနေထိုင်သူမဟုတ်သေးတဲ့ နာမကျန်း
ဖြစ်နေတဲ့ပြည်သူတွေကို ဥပဒေအရ နိုင်ငံတော်အစိုးရကနေ လူမမာရဲ့အိမ်ကိုသွားရောက်လို့ကျန်းမာရေး
အခမဲ့စောင့်ရှောက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်။
သင်တန်းဆင်းပြီးသားကျန်းမာရေးစောင့်ရှောက်သူဝန်ထမ်းတွေနဲ့ကုမ္ပဏီတည်ထောင်ထားပြီး မြို့နယ်
အုပ်ချုပ်ရေးရုံးရဲ့လမ်းညွှန်မှုနဲ့ဝန်ထမ်းတွေကကားနဲ့တမျိုး စက်ဘီးနဲ့တသွယ်လူမမာရှိရာပြည်သူ့အိမ်တွေ
ကိုသွားရောက်စောင့်ရှောက်မှုပေးရပါတယ်။ ပြည်သူကဘာမှပေးစရာမလိုဘဲ မြို့နယ်ကကုမ္ပဏီကို
ကုန်ကျ စားရိတ်အားလုံးပေးချေ ပါတယ်။
ကျွန်တော်နေတဲ့မြို့လေးမှာ ပြည်တည်နာတွေပေါက်နေတဲ့ အဘိုးကြီးတစ်ယောက်ရှိပါတယ်။ ကိုယ်တိုင်
ဘာမှမလုပ်နိုင်တော့ဘဲအိပ်ရာပေါ်မှာဘဲလှဲနေရသူဖြစ်တာကြောင့် သူ့ကိုဟိုဘက်ဒီဘက်စောင်းပေးဖို့
ကျန်းမာရေးဝန်ထမ်းက ၄နာရီခြားနေ့ရောညပါလာရောက်တာတွေ့ရပါတယ်။
သက်ကြီးရွယ်အို အများစုဟာ ကျန်းမာရေးအရ သူတို့ ဘာသာရပ်တည်နိုင်ကြသည်အထိ ကိုယ်ပိုင်အိမ်ရာ
များမှာဘဲ နေထိုင်လေ့ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံလိုသားသမီးတွေနဲ့အတူနေထိုင်ကြတဲ့ဓလေ့မရှိ
ပါဘူး။ သားသမီးတွေကလဲ ၁၈နှစ်ဆိုရင်မိဘအိမ်ကဆင်းသွားကြပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကြပါပြီ။
ဒါကြောင့်ဒီနိုင်ငံမှာပင်စင်စားနဲ့အထက်သက်ကြီးရွယ်အိုများဟာ တစ်အိမ်လုံးမှာနှစ်ယောက်ဘဲရှိကြပါတယ်။
တစ်ဦးဆုံးပါးသွားပြန်ရင်တော့ တစ်အိမ်လုံးမှာအဘိုးကြီး၊ အဘွားကြီးတစ်ဦးတည်းနေထိုင်ကြရတာဟာ
အစဉ်အလာတစ်ခုဖြစ်နေပါပြီ။
အတူနေထိုင်တဲ့သူရှိသည်ဖြစ်စေ လူတစ်ဦးချင်းစီရဲ့အခွင့်အရေးအရ သက်ဆိုင်ရာကနေ၀န်ဆောင်မှုကို
ချ ထားပေးမှာဘဲဖြစ်ပါတယ်။
အသက်အရွယ်ရလာတာနဲ့ အမျှ အိမ်မှုကိစ္စတွေကို ကိုယ်စားဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့ အစည်းကို လျှောက်ထားနိုင်ပါတယ်၊ သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုပြီး
လိုအပ်တဲ့ ၀န်ဆောင်မှုများကို ချထားပေးပါတယ်။
မိမိမှ မလျှောက်ထားသော်ငြားလည်း နိုင်ငံတွင်းတရားဝင်မှီတင်းနေထိုင်သူများဟာ အသက် ၇၅ နှစ်
ပြည့်တဲ့ အချိန်မှာတော့ နိုင်ငံတော်ကနေချမှတ်ထားတဲ့ ဥပဒေအရ သက်ဆိုင်ရာဌာနကနေလာရောက်
တွေ့ ဆုံပြီးတော့ လိုအပ်တဲ့ဝန်ဆောင်မှုတွေ ချမှတ်ပေးမှာဖြစ်ပါတယ်။
မြန်မာပြည်က ပင်စင်စားတွေဖြစ်ကြတဲ့ ကျွန်တော်ရဲ့အဖေနဲ့ အမေကို ဒီအကြောင်းတွေ ပြောပြမိတော့
အံ့သြပြီး သာဓုခေါ်ကြပါတယ်။
ပြည်သူဖွားဖွားတစ်ဦးအိမ်မှာဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းမိန်းခလေး
ကျန်းမာရေးအထောက်အကူပစ္စည်းများဝန်ဆောင်ခြင်း
ဒိန်းမတ်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို၊ ပင်စင်စားတွေနဲ့မသန်မစွမ်းသူများအားလုံးရဲ့ လိုအပ်တဲ့
ကျန်းမာရေးအထောက်အကူပြု ပစ္စည်း၊ ကရိယာတွေ ကိုနိုင်ငံတော်အစိုးရအစီအစဉ်နဲ့
အိမ်တိုင်ရာရောက်အခမဲ့ဌားရမ်းတတ်ဆင်ပေးပါတယ်။
လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်း တွေဖြစ်တဲ့၊ ဥပမာ၊ ကိုယ်တိုင်မောင်းနိုင်တဲ့
ဘီးတပ်ထိုင်ခုံ၊ လမ်းလျှောက်အထောက်အကူတွန်းလှည်း စတာတွေကိုလည်း နိုင်ငံတော်က ပံ့ပိုးပေး
ပါတယ်၊ ဆုံးပါးချိန်မှာတော့ပြန်အပ်ရမှာဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ပြောရရင်သက်ကြီးရွယ်အိုများ
ရဲ့အိမ်မှာရှိတဲ့အိမ်သာထိုင်ခုံများကို အသုံးပြုရလွယ်ကူအောင်အမြင့်ဘောင်ခွေလိုက်လံတတ်ဆင်ပေး
ကြတာကိုလဲတွေ့ရမှာဖြစ်ပါတယ်။
ဝယ်ယူသုံးစွဲကြသူများရှိသလို မြို့နယ်ကအခမဲ့ဌားပေးတဲ့ပစ္စည်းတွေဟာလဲအကောင်းတွေဖြစ်ပါတယ်။
ပစ္စည်းပျက်လို့အကြောင်းကြားရင်လဲ အခမဲ့ပြု ပြင်ပေးပြီး၊ ပြင်လို့မရပါကအသစ်လဲပေးပါတယ်။
ပြန်အပ်တဲ့အခါပျက်စီးနေရင်လဲလျော်ကြေးပေးစရာမလိုပါဘူး။ ဒီဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို
"ချိုင်းထောက်တောင်အိမ်တိုင်ရာရောက်ပို့ပေးတဲ့အစိုးရ" ဆိုပြီး The Voice မှာကျွန်တော်ရေးခဲ့ဘူးပါတယ်။
ြ
ပည်သူ့ဆေးရုံ၊ဆေးခန်းများ
ကျွန်တော်တို့နိုင်ငံအပါအ၀င် ယိုးဒယား၊ မလေးရှားစတဲ့နိုင်ငံတွေမှာလိုပိုက်ဆံပေးပြီးသွားပြလို့ရတဲ့
အထွေထွေရောဂါကုဆေးခန်းတွေဒိန်းမတ်နိုင်ငံမှာမရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ဒိန်းမတ်ကိုရောက်ခါစမှာ
နဲနဲမှနေထိုင်မကောင်းရင်ဆေးခန်းသွားပြချင်တတ်တဲ့ကျွန်တော့်အဖို့တော်တော်ဂွကျခဲ့ရပါတယ်။
ဒိန်းမတ်နိုင်ငံမှာမှီတင်းနေထိုင်ကြသူအားလုံးကို ကျန်းမာရေးကိစ္စတွေဆောင်ရွက်နိုင်ဖို့ မိသားစုဆရာဝန်
တစ်ဦးဆီသတ်မှတ်ပေးထားပါတယ်။ ဖုန်းဆက်ပြီးတွေ့ဖို့အချိန်ကိုအရင်ယူရမှာဘဲဖြစ်ပါတယ်။
ရောဂါအခြအနေပေါ်မူတည်လို့ ဆရာဝန်ကရက်ချိန်းသတ်မှတ်ပေးပါတယ်။
မိမိရဲ့ရောဂါကိုမိသားစုဆရာဝန်ကအရင်စစ်ဆေးပြီး သူကုသမှုမလုပ်နိုင်တဲ့ရောဂါဆိုရင် သက်ဆိုင်ရာ
ဆရာဝန်(သို့)ဆေးရုံကိုဆက်သွယ်ပြီးလမ်းညွှန်မှုပေးမှာဘဲဖြစ်ပါတယ်။
အထွေထွေကုသမှုမှသည်အကြီးစားခွဲစိတ်ကုသမှုအထိအခမဲ့ဝန်ဆောင်မှုပေးပါတယ်။
ဆေးရုံတက်ရပြီဆိုလဲတကယ့်ကိုစားရိတ်ငြိမ်းဘဲဖြစ်ပါတယ်။ လူနာကိုမနက်စာ၊နေ့လည်စာ၊ညစာကျွေး
တဲ့အပြင်လူနာစောင့်ပါကြိုက်တတ်ရင်ဆွဲလို့ရပါသေးတယ်။
အလကားဆေးခန်းပြရလို့ ဆေးရုံတက်ရလို့မျက်နှာမငယ်ရပါဘူး၊ အထူးဖေါ်ရွေ၊ယဉ်ကျေးစွာဂရုစိုက်တဲ့
ဝန်ဆောင်မှုကိုမိတ်ဆွေရရှိမှာဖြစ်ပါတယ်။ ပြည်သူ့မျက်နှာအင်မတန်ကြီးတဲ့နိုင်ငံပါ။
အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက်တော့ ၂၄နာရီဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ရှိပြီးအရေးကြီးလျင်
ကြီးသလိုဆရာဝန်လာရောက်ခြင်း၊ ဆေးရုံကားလွှတ်ပေးခြင်းများဆောင်ရွက်ပါတယ်။
သွားကုသမှုကိုတော့မွေးဖွားစဉ်မှသည် ၁၈နှစ်ပြည့်သည်အထိအခမဲ့ဆောင်ရွက်ပေးပါတယ်။
ကျွန်တော့်သမီးဒီကို ၁၁နှစ်မှာရောက်တော့ ကျောင်းကိုဘဲသွားဆရာဝန်တွေသတ်မှတ်ချိန်အတိုင်းလာလို့
သွားစစ်ဆေးကုသမှုတွေကိုကျောင်းသားတိုင်းသူ့နေ့နဲ့သူခံယူကြရပါတယ်။ သွားရောဂါတွေကုသပေး၊
ပညာပေးတဲ့အပြင်သွားခေါနေတဲ့ခလေးတွေကိုလဲသူတို့သဘောတူညီချက်နဲ့သွားဆွဲပေးထားတာတွေ့ရပါတယ်။
ဒါကြောင့်ဒီနိုင်ငံမှာသွားခေါတဲ့လူငယ်မရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
သွားကုသမှုကတော့အခမဲ့မဟုတ်ဘဲဈေးကြီးပေမဲ့ ပြည်သူထဲကသွားကုသမှုလိုလာတဲ့သူဟာသူ့ရဲ့ဝင်ငွေနဲ့
ပေးဖို့မတတ်နိုင်ပါကမြို့နယ်အာဏာပိုင်မှထောက်ပံ့မှုပေးတာကိုလဲတွေ့ရပါတယ်။
ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ပြည်သူတစ်ဦး
အခမဲ့စာကြည့်တိုက်၊ပြတိုက်များနှင့်စာသင်ကျောင်းများ
ဒိန်းမတ်နိုင်ငံရဲ့မြို့ကြီးများမှာသာမကမြို့ငယ်လေးတိုင်းမှာပါအခမဲ့ဝန်ဆောင်မှုပေးတဲ့
ပြည်သူ့စာကြည့်တိုက်
တွေကိုဖွင့်လှစ်ပေးထားပါတယ်။ စာကြည့်တိုက်တိုင်းမှာစာအုပ်တွေသာမကရုပ်ရှင်တွေ၊ သီချင်းခွေတွေကို
ပါဖတ်ရှု့နားထောင်နိုင်သလိုအိမ်ကိုပါအခမဲ့ဌားရမ်းနိုင်ပါတယ်။
စာကြည့်တိုက်တွေအကြောင်းကိုလဲ
"စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားတဲ့ဒိန်းမတ်" ခေါင်းစဉ်နဲ့The Voice
ဂျာနယ်မှာရေးခဲ့ဘူးပါတယ်။
အမျိုးသားပြတိုက်ကိုလဲပြည်သူတွေအခမဲ့ဝင်နိုင်သလိုအလုပ်ပိတ်ရက်တွေမှာပါဖွင့်လှစ်ပေးထားပါတယ်။
ဒိန်းမတ်ရဲ့ပညာရေးစနစ်အရအထက်တန်းပညာကိုမသင်မနေရပြဌာန်းထားသလို
ပြည်သူ့ကျောင်းများကိုလဲ
လုံလောက်စွာဖွင့်ပေးထားပါတယ်။ အထက်တန်းပြီးရင် တက္ကသိုလ်ဝင်တန်းမှာ ၃နှစ်ထပ်တက်ပြီးမှမိမိ
ဝါသနာပါနှစ်သက်ရာ တက္ကသိုလ်ကိုလျောက်ထားရမှာဘဲဖြစ်ပါတယ်။
မူလတန်းမှသည်တက္ကသိုလ်အထိအခမဲ့တက်ရောက်နိုင်ကြပါတယ်။ ပိုက်ဆံပေးရတဲ့ပရိုက်ဗိတ်ကျောင်း
တစ်ချို့ရှိသော်လဲပြည်သူအများစုရဲ့ခလေးများကပြည်သူ့ကျောင်းမှာဘဲတက်ရောက်ကြပါတယ်။
လက်ရှိဒိန်းမတ်ဘုရင်မရဲ့မြေးဖြစ်ပြီး မြန်မာပြည်ကိုအလည်လာသွားတဲ့မင်းသမီးမေရီရဲ့သားငယ်လဲ
ပြည်သူ့ကျောင်းမှာဘဲတက်ရောက်ပါတယ်။
ပြည်သူလူထုအပေါ်နိုင်ငံတော်ရဲ့စောင့်ရှောက်မှုတွေရေးပြနေရရင်တော့အများကြီးကျန်နေအုံးမှာပါ။
ကျွန်တော်တို့အတွက်တော့ပြည်သူ့အပေါ်ဒီလောက်ကောင်းနေတာအံ့အားသင့်စရာဖြစ်နေပေမယ့်
ဒီနိုင်ငံတွေမှာတော့အစိုးရကပြည်သူလူထုစားဝတ်နေရေးနဲ့ခရီးသွားလာရေးတွေတတ်နိုင်သမျှအဆင်ပြေ
သည်ထက်ပြေအောင်ဆောင်ရွက်ပေးနေတာတွေဟာပုံမှန်ဘဲဖြစ်တဲ့အပြင်အစိုးရဆိုတဲ့သူတို့ရဲ့
အဓိကတာဝန်တွေကိုထမ်းဆောင်နေခြင်းမျှသာဖြစ်ပါတယ်။
ဒီနိုင်ငံကပြည်သူတွေကိုမေးကြည့်တော့လဲ သူတို့တွေကအစိုးရကိုထူးပြီးကျေးဇူးတင်မနေကြပါဘူး။
သူတို့ပြောတာက "အစိုးရကသူတို့အလုပ်သူတို့လုပ်တာဘဲ၊ သူတို့ဒါတွေမှမလုပ်ရင် ငါတို့
ပြည်သူတွေကနောက်တစ်ခါသူတို့ကိုမရွေးရုံဘဲပေါ့ " ဟုပြောသူတွေရှိသလို တစ်ချို့ကတော့
" အစိုးရကိုဒါတွေလုပ်ဖို့ ငါတို့ပြည်သူတွေအခွန်ဆောင်ထားတာ၊ သူတို့ဒါတွေလုပ်နေတာလဲငါတို့ဆောင်
ထားတဲ့အခွန်ငွေတွေနဲ့ဘဲလေ" လို့ဖြေကြပါတယ်။
ဒီလောက်ထိပြည်သူကိုအလုပ်အကျွေးပြု နေတဲ့ဒိန်းမတ်ရဲ့အခွန်စနစ်ကိုလေ့လာကြည့်တဲ့အခါ
သူဌေးများလေပြည်သူကောင်းလေဆိုတဲ့အခွန်စနစ်
"နိုင်ငံတော်မှာငွေရှိပါတယ်။ အလုပ်လုပ်တဲ့သူတိုင်းကအခွန်ပေးဆောင်ကြလို့ပါဘဲ"
လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်ကျွန်တော်တို့ဒိန်းမတ်ရောက်ကာစ ဒိန်းမတ်ဘာသာစကားသင်ကြရတုန်းက
အသံထွက်လေ့ကျင့်ခဲ့ရတဲ့ဒိန်းမတ်စာကြောင်းလေးကိုဘာသာပြန်ပေးလိုက်တာပါ။
အလုပ်လုပ်တဲ့သူတိုင်းဆိုရာမှာ လူတစ်ဦးတိုင်းကိုဆိုလိုတာတင်မကဘဲ ကုမ္ပဏီတွေ၊
လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကိုဆိုလိုတာဖြစ်ပါတယ်။
သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံမဟုတ်တာကြောင့် ပြည်သူလူထုအတွက်ဆောင်ရွက်ပေးနေတဲ့ဝန်ဆောင်မှု
တွေအားလုံးကိုအခွန်ငွေများမှဘဲဆောင်ရွက်မှုပေးကြောင်းအစိုးရကအတိအလင်းပြောပါတယ်။
နှစ်စဉ်အခွန်စာရင်းချု ပ်ပြီးတဲ့အခါတိုင်း အဲဒီအခွန်ငွေတွေကို နိုင်ငံတ၀ှမ်းမှာရှိတဲ့မြို့နယ်အလိုက်သုံးစွဲဖို့
အစိုးရကချထားပေးပါတယ်။ မြို့နယ်ရဲ့အကြီးအသေး၊ ၀င်ငွေလိုက်လို့ သင့်တော်တဲ့ပမာဏကိုသုံးစွဲနိုင်ရန်
ခွဲဝေပေးခြင်းဘဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံနဲ့မတူတာကဒိန်းမတ်နိုင်ငံမှာ
အသက် ၆၅နှစ်ပြည့်ပြီးသူတိုင်း၊ အလုပ် လုပ်ခဲ့သည်ဖြစ်စေ၊
မလုပ်နိုင်ခဲ့သည်ဖြစ်စေ နိုင်ငံတော်ကနေ
လုံလောက်မှုရှိတဲ့သက်ပြည့်ပင်စင်ထောက်ပံ့ပါတယ်။
ကျန်းမာရေးအရစောစီးစွာပင်စင်ထောက်ပံ့ကြေးရရှိသူများလည်းရှိပါတယ်။
ကျန်းမာရေးကောင်းတဲ့သူတိုင်းလည်း အလုပ်လုပ်ကြရပြီး လစဉ်ပင်စင်ကြေးကိုထည့်ဝင်ကြရပါတယ်။
မည်သည့်လုပ်ငန်းလုပ်ကိုင်သည့်မည်သူမဆို နိုင်ငံတော်ကိုဝင်ငွေခွန် ၃၈ ရာခိုင်နှုန်းနဲ့
သိပ်မများတဲ့ပင်စင်ကြေးကိုလစဉ်လစာငွေထဲမှဖြတ်ယူထားပါတယ်။
အခွန်ပေးရတာများတဲ့နိုင်ငံတွေထဲမှာဒိန်းမတ်ကထိပ်ဆုံးပိုင်းမှာရှိပါတယ်။
လစာအားလုံးဟာအခွန်ဖြတ်ပြီးမှရရှိကြတာဖြစ်လို့အစိုးရကလူတစ်ဦးရဲ့အနည်းဆုံးလစာကိုသတ်မှတ်ပေး
ထားပါတယ်။
အခွန်ဖြတ်ပြီးတဲ့အခါမှာလုံလောက်စွာသုံးစွဲနိုင်တဲ့ပမာဏဘဲဖြစ်ပါတယ်။
ထူးခြားတာက
ဝင်ငွေများလာတာနဲ့ အခွန်ရာခိုင်နှုန်းပါ များပြီးပြောင်းပေးရပါတယ်၊
ဥပမာ..ဒိန်းမတ်မှာအလုပ်လုပ်ချိန် တစ်ပတ်ကို ၃၇နာရီသတ်မှတ်ပေးထားပြီး
ဝင်ငွေခွန် ၃၈% ပေးဆောင်ရပါတယ်၊ ၃၇ နာရီထက်ပိုလုပ်လို့
ရတဲ့ဝင်ငွေခွန်ကတော့ ၃၈% ထက်ပိုများသွားပါပြီ။
ကျွန်တော့်ဇနီးကဘိုးဘွားဂေဟာမှာကျန်းမာရေးဝန်ထမ်းဖြစ်ပြီး
မိမိဆန္ဒအလျောက်တပါတ်ကို ၃၇နာရီထက် ပိုလုပ်နိုင်တာကြောင့်
ဝင်ငွေများတာနဲ့အညီ အခွန်ကိုလဲသာမန်ထက်ပိုများပြီးပေးဆောင်ရပါတယ်။
"သူတို့ကကိုယ်ပေးတဲ့ဝင်ငွေခွန်တွေကို ဆေးရုံတွေ၊
ကျောင်းတွေနဲ့လူမှုရေးကူညီမှုတွေမှာအမှန်တကယ် သုံးစွဲကြတာမို့ လှူ
တယ်လို့ဘဲသဘောထားပါတယ်" လို့ကျွန်တော့်ဇနီးကပြောပါတယ်။
ဒိန်းမတ်မှာလူတိုင်းအခွန်ဆောင်ကြရတယ်လို့ပြောလို့ရပါတယ်။ ပင်စင်ထောက်ပံ့ကြေးများ၊
ကလေးထောက်ပံ့ကြေးများ၊ ကျောင်းသားထောက်ပံ့ကြေးများ၊ အလုပ်လက်မဲ့ထောက်ပံ့ကြေး
များ၊ မသန်မစွမ်းထောက်ပံ့ကြေးများ နဲ့ နေ့စဉ်ဝယ်ယူသုံးစွဲနေတဲ့ပစ္စည်းတိုင်းဟာလည်း
အခွန်စည်းကြပ်ထားပြီးဖြစ်ပါတယ်။
အထူးစနစ်ကျ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းတဲ့ နိုင်ငံတော်အခွန်ဌာနနဲ့အပေါ်ထပ်အဆောက်အအုံရှိတာကြောင့်
နိုင်ငံတော်ကရတဲ့အကျိုးအမြတ်နဲ့ ပြည်သူ့ဘဏ္ဍာခွန်တွေဟာပြည်သူတွေဆီကိုဘဲစီးဆင်းပါတယ်။
လုပ်ငန်းရှင်သူဌေးကြီးများကလည်းဝင်ငွေခွန်ကိုတိကျစွာဆောင်ကြတာကြောင့် သူတို့တစ်တွေ
စီးပွားရေးအောင်မြင်ကြီးပွားတာနဲ့အမျှ နိုင်ငံတော်နဲ့ပြည်သူမှာအကျိုးများရပါတယ်။
၂၀၁၂ခုနှစ်ကကွယ်လွန်သွားတဲ့ဒိန်းမတ်နိုင်ငံမှာအချမ်းသာဆုံးနဲ့ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး
Maersk (Mærsk Mc-Kinney Møller) ဟာဆိုရင်နိုင်ငံတော်ကိုဝင်ငွေခွန်တွေနှစ်စဉ်အမြောက်အများပေးဆောင်ခဲ့ပါတယ်။ သူဟာကမ္ဘာအနှံပြေးဆွဲ
နေတဲ့ကွန်တိန်နာ သင်္ဘောကြီးတွေနဲ့စီးပွါးရေးလုပ်ငန်းတွေပိုင်ဆိုင်ပါတယ်။ နိုင်ငံတော်ကို
မှန်ကန်တဲ့ဝင်ငွေခွန်တွေပေးသွင်းသလို သူပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုလဲအချိန်မရွေးစစ်ဆေးနိုင်
ကြောင်းအဆိုပြု ထားပါတယ်။ ရိုးသားတဲ့သူဌေးကြီးဟာပြည်သူတွေအတွက်လဲအဆောက်အအုံတွေဆောက်လုပ်
လှူ ဒါန်းခဲ့ပါတယ်။ ဒါကြောင့်ဘုရင်မရဲ့သူကောင်းပြု ခြင်းခံရတဲ့အပြင် ပြည်သူတွေကလဲသူဌေးကြီးရဲ့
ပိုင်ဆိုင်မှုတွေအပေါ်မှာမုဒိတာအပြည့်ရှိကြတာတွေ့ရပါတယ်။ သူဌေးကြီးဟာဗုဒ္ဓဘာသာဝင်မဟုတ်သော်
ငြား ကုသိုလ်တွေအများကြီးရသွားခဲ့မှာပါဘဲ။
သူဌေးကြီးဆောက်လုပ်လှူ ဒါန်းခဲ့တဲ့ပြည်သူ့အော်ပရာဇာတ်ရုံကြီး
ဒီနိုင်ငံကလူတွေဟာလဲမတော်လောဘမများကြတာတွေ့ရပါတယ်။
ပြည်သူတွေဟာနှစ်ပေါင်းများစွာအလုပ်
လုပ်ခဲ့ကြပြီးအသက်ကြီးလာတဲ့အခါမှာအိမ်တစ်လုံးရှိရင်ပြည့်စုံကြပါပြီ။ အသက် ၄၀၊ ၅၀ ၀န်းကျင်မှာတော့
အမြဲနေဖို့အိမ်တစ်လုံးအပြင် တတ်နိုင်ကြရင်ဈေးသိပ်မကြီးတဲ့နွေရာသီနားရက်နေဖို့အပူပေးစနစ်တတ်ဆင်
မထားတဲ့ summer house တစ်လုံးထပ်ဝယ်ကြမယ်။ ဒီ့ထက်မပိုကြပါဘူး။
စနစ်ကျတဲ့အခွန်ကလဲလိုက်လာမယ်လေ။ ပိုင်ဆိုင်မှုတွေပိုများလာလေအခွန်ပေးဆောင်ကြရမှာလဲအများကြီး
မို့လို့ အိမ်တွေတစ်လုံးပြီးတစ်လုံး၊ တိုက်ခန်းတွေတစ်လုံးပြီး၊ မြေကွက်တွေတစ်ကွက်ပြီးတစ်ကွက် အတော
မသတ်နိုင်အောင်ဝယ်မနေအားပါဘူး။ ပိုက်ဆံလဲမရှိကြပါဘူး။ ဒီနိုင်ငံကသူတွေမှာလုံလောက်တဲ့လစာကလွဲရင် အပိုဝင်ငွေမရှိကြပါဘူး။
နေစရာနဲ့အလုပ်သွားစရာရှိပြီးကြရင်လစဉ်စုထားတဲ့ငွေလေးတွေနဲ့တစ်နှစ်ကိုတစ်ကြိမ်၊ နှစ်ကြိမ်ပြည်ပ
ခရီးထွက်ကြပါမယ်။ ပြီးရင်ပိုက်ဆံမရှိကြပြန်ပါဘူး။ နောက်တစ်နှစ်ပြည်ပခရီးထွက်ဖို့အတွက်
အလုပ်ပြန်လုပ်ငွေစုကြရအုံးမှာဘဲဖြစ်ပါတယ်။
မော်တော်ကားအခွန်ဆိုရင်လဲဇိမ်ခံကား၊ တန်ဘိုးကြီးတဲ့ကားဖြစ်လေ နှစ်စဉ်အခွန်ဆောင်ရတဲ့ကားခွန်က
ပိုဈေးကြီးထားပါတယ်။ ၁.၀ အင်ဂျင်အားဘဲရှိတဲ့အလုပ်သွားရုံအိမ်စီးကားမျိုး ကတော့အခွန်သိပ်မများပါဘူး။
အလုပ်လုပ်ဖို့အတွက် ဆလွန်းကားကိုဘဲနောက်ထိုင်ခုံတွေဖြုတ်ထားပြီး လုပ်ငန်းသုံးဆိုရင်အခွန်သက်သာ
ပါလိမ့်မယ်။
ပြီးတော့ဒီနိုင်ငံမှာကျွန်တော်တို့နိုင်ငံနဲ့မတူတာကအစိုးရ၀န်ထမ်းဆိုပြီးသီးသန့်မရှိတာပါဘဲ။
အလုပ်လုပ်သူအားလုံးဟာဝန်ထမ်းတွေဖြစ်ကြပြီးတပြေးညီတဲ့အလုပ်သမားဥပဒေတစ်ခုအောက်
မှာဘဲရှိကြပါတယ်။
ဘယ်သူမှလစာကလွဲလို့အပိုဝင်ငွေမရှိကြပါဘူး။
ဒါကြောင့်လူတန်းစားညီမျှ မှုရှိပါတယ်။ ဆင်းရဲချမ်းသာကွာဟချက်မကြီးမားတာတွေ့ရပါတယ်။
ပြည်သူအားလုံးဆောင်ကြတဲ့အခွန်ငွေတွေအားလုံးဟာလဲ နိုင်ငံအကျိုးပြု ၊ ပြည်သူ့အကျိုးပြု လုပ်ငန်း
တွေမှာဘဲသုံးစွဲပေးတာကြောင့်သူဌေးကြီးတွေများလေ နိုင်ငံနဲ့ပြည်သူအတွက်အကျိုးရှိလေလို့ပြော
လို့ရပါတယ်။
အခွန်နှစ်ချုပ်ခြင်း
ဒိန်းမတ်နိုင်ငံမှာနှစ်စဉ် မတ်လမှာအခွန်နှစ်ချုပ်ပါတယ်။ ပြည်သူအားလုံးလဲအခွန်နှစ်ချုပ်ကိုစောင့်မျှော်လေ့
ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့မိမိပေးထားခဲ့တဲ့ဝင်ငွေခွန်တွေပေါ်မှာအခွန်ဌာနကတွက်ချက်ပြီး
ဆောင်ရမှာထက်ပိုနေတဲ့ငွေတစ်ချို့ကိုတစ်ဦးချင်းစီပြန်ပေးတာကြောင့်ပါဘဲ။ ငွေအနဲအများကွာခြားတာက
လွဲပြီးလူတိုင်းလိုလိုပြန်ရလေ့ရှိကြပါတယ်။
တစ်ချို့တစ်လေကတော့ပြန်မရတဲ့အပြင်ဆောင်ဖို့လိုနေသေးတာလဲရှိပါတယ်။ နောက်နှစ်တွေမှာဆက်
တွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်အခွန်ဌာနမှာမိမိအကြွေးတင်ရှိနေရင်လဲမိမိပြန်ရမယ့်ငွေထဲကထုတ်နုတ်သွားမှာဖြစ်ပါတယ်။
ဒိန်းမတ်မှာနိုင်ငံတော်နဲ့သက်ဆိုင်တဲ့အကြွေးတင်လို့ ၂ကြိမ် ၃ကြိမ်မှတောင်းလို့မပေးရင်တော့သက်ဆိုင်
ရာဌာနကနေ အဲဒီအကြွေးကိုအခွန်ဌာနကိုလွှဲလိုက်တော့တာပါဘဲ။ အကြွေးရှိနေတဲ့သူဆီကနေအတိုးနဲ့
ပါအခွန်ဌာနကဖြတ်ယူနေမှာကြောင့်ဘယ်သူမှမိမိအကြွေးကိုအခွန်ဌာနမရောက်ချင်ကြပါဘူး။
ဥပမာ။ ။မီးရထား၊ ဘတ်(စ်)ကား လက်မှတ်မဲ့စီးတာမျိုး၊ ယာဉ်မရပ်ရနေရာမှာရပ်တာမျိုးဆိုရင်
မနည်းတဲ့ဒဏ်ငွေကိုဆောင်ဖို့ပြေစာလက်ခံရရှိမှာဖြစ်ပါတယ်။ မဆောင်ချင်ရင်လဲရပါတယ်။
နောက်ဆုံးမှာအခွန်ဌာနကိုအကြွေးလွှဲလိုက်မှာပါဘဲ။
ဒါကြောင့်ဒီကသူတွေဒဏ်ငွေအရမ်းကြောက်ကြတော့စည်းကမ်းတွေလိုက်နာကြတာများပါတယ်။
အစကောင်းမှအနှောင်းသေချာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့
ပြည်သူ့ဝန်ဆောင်မှုတွေကောင်းနေတဲ့ဒိန်းမတ်နိုင်ငံရဲ့စနစ်ကိုလေ့လာကြည့်တဲ့အခါထူးထူးထွေထွေ
မတွေ့ရဘဲလူတွေကိုကိုယ်ကျွမ်းကျင်ရာအလုပ်ကိုစိတ်ချမ်းသာစွာလုပ်ကိုင်နိုင်ကြအောင်ဖေါ်ဆောင်ပေးထား
ခြင်းပါဘဲ။
နိုင်ငံကိုအုပ်ချုပ်နေတဲ့ဝန်ကြီးချုပ်ကစလို့အောက်ခြေ၀န်ထမ်းတွေအဆုံး မိမိနဲ့ထိုက်တန်စွာရရှိတဲ့လုပ်အားခ၊
လစာငွေတစ်ခုတည်းနဲ့ဘဲကောင်းမွန်စွာရပ်တည်နေနိုင်အောင်ဆောင်ရွက်ထားတာတွေ့ရပါတယ်။
လုံလောက်တဲ့မိမိရဲ့တရားဝင်လစာငွေကလွဲရင်ဘယ်သူမှအပိုဝင်ငွေမရှိကြပါဘူး။
ဆိုတော့ကာဘယ်နေရာကတော့ဝင်ငွေကောင်းတယ်၊ ဒီနေရာကတော့အောက်ဆိုဒ်မရှိဘူး ဆိုတဲ့
အကြောင်းအရာတွေမရှိတော့ပါဘူး။
ဝန်ထမ်းတိုင်းကိုလုံလောက်တဲ့လစာပေးထားပြီး လာဘ်ပေးလာဘ်ယူစနစ်ကိုပြည်သူကော၊
ဝန်ထမ်းတွေပါမကျင့်သုံးကြတာပါဘဲ။
ကျွန်တော်တို့နိုင်ငံမှာလဲ တရားဝင်လစာငွေမဟုတ်ဘဲရနေကြတဲ့ငွေတွေကိုထိန်းချုပ်နိုင်ခဲ့ရင်
အဲဒီဘေးထွက်ငွေတွေဟာ ၀န်ထမ်းအားလုံးကိုသူများနိုင်ငံနည်းတူလစာပေးဖို့လုံလောက်နိုင်မှာဘဲ
ဖြစ်ပါတယ်။
အထက်ကစလို့အောက်ခြေအထိခြစားနေမှုတွေကိုအရင်မတိုက်ဖျက်နိုင်ခဲ့ရင် အစကောင်းတဲ့
ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုခြေလှမ်းပြင်နေတာနဲ့အညီ ပြည်သူ့နိုင်ငံတော်သစ်
ပေါ်ထွန်းနိုင်ဖို့ "မိုးခါးရေဖြတ်ပွဲကြီး"ကို ခြိမ့်ခြိမ့်သည်းကျင်းပနိုင်ဖို့အရေးတကြီးလိုအပ်နေပါပြီ။
ကျွန်တော်တို့နောင်လာနောင်သားများခေတ်ရောက်ရင် ပြည်သူ့ဘဏ္ဍာတွေပြည်သူ့ဆီကိုဘဲ အပြည့်အ၀စီးဆင်းပြီး
ဒီမိုကရေစီအသီးအပွင့်တွေနဲ့သန့်ရှင်းတဲ့နိုင်ငံတော်ကြီးမှာလူဖြစ်ခွင့်ရကြအောင်
ပျက်အစဉ်ပြင်ခဏဆိုသလိုစနစ်ဆိုးတွေကိုပြု ပြင်တိုက်ဖျက်ဖို့ကျွန်တော်တို့ပြည်သူလူထုအပါအ၀င်
နိုင်ငံတော်အစိုးရမှာအထူးတာဝန်ကျရောက်နေပြီဖြစ်ပါကြောင်း ဒီဆောင်းပါးနဲ့အတူတိုက်တွန်းနှိုးဆော်
လိုက်ရကြောင်းပါခင်ဗျား။
(Reality ဂျာနယ်၊ V0l 1, No 4. 05.12.2014)