Saturday, 26 December 2015

Biography of Min Maw Hla Myint .


Min Maw Hla Myint has been working with writing challenged clients for over 15 years.
At 1998, his first article “Kuala lumpur’s Bus (or) Bus nature” was published on Kyipwarya Magazine by the name Thet Htet (YSO, PKU).
He was born on 19 May 1961 in Yesagyo, the easternmost township of Magway Region, Myanmar. He grew up as eldest son among six siblings of his parents, U Hla Myint & Daw Khin San Myaing.
He graduated B.A degree from Mandalay University specialization on History major and he qualified to attend to M.A degree course at1991. 
During his studies, he also participated in High School (1), Pakokku and University’s football team and other sports such as Hurdles, Sprints(running), Long jump. 
He was one of the student’ leaders for 8888 uprising at Pakokku Township during Myanmar 8888 Nationwide Popular Pro-Democracy Protests.
On 1995, he married to Moe Moe Chit and got little treasure, daughter Thet Htet Nyein.
From 2005 onwards, h
e was happily living with his family at Denmark and writing articles those aimed to improve Myanmar country.

By Min Thaw Hla Myint, younger brother of writer.

Wednesday, 11 November 2015

စည်းလုံးပျူ ငှာ မြန်မာတိုင်းရင်းသားများရှိရာ ဘွန်ဟိုးကျွန်းသို့အလည်တခေါက်

၁၁.၇.၂၀၁၄၊ အားလပ်ရက်တုန်းက ၂ညအိပ်ခရီးအလည်ရောက်ခဲ့တဲ့ဒိန်းမတ်နိုင်ငံထဲက ဘွန်ဟိုးကျွန်းခရီးလေးကို တွေ့ဆုံခဲ့ကြရတဲ့မိတ်ဆွေများလဲအမှတ်တရဖြစ်အောင်ရယ်၊
မြန်မာပြည်ကမိတ်ဆွေများလဲစာထဲမှာရောက်ဘူးသွားအောင်ရယ်၊ ဓါတ်ပုံလေးတွေဝေေ၀ဆာဆာနဲ့ရေးသားမျှဝေလိုက်ပါတယ်။


ဘွန်ဟိုးကျွန်း(Bornholm)
                               ဘွန်ဟိုးကျွန်းရဲ့လှပတဲ့ကမ်းခြေတစ်နေရာ

ဘွန်ဟိုး(Bornholm) ကျွန်းဟာဒိန်းမတ်နိုင်ငံပိုင်ဆိုပေမဲ့ ဆွီဒင်နဲ့ပိုနီးပြီး ဆွီဒင်၊ ဂျာမနီနဲ့ပိုလန်တို့ဝိုင်းရံထားတဲ့ Baltic ပင်လယ်ထဲကအလွန်လှပတဲ့ကျွန်းလေးဘဲဖြစ်ပါတယ်။
ဘော(လ်)တစ်ရဲ့အလှတခုဖြစ်တဲ့ ဘွန်ဟိုးကျွန်းဟာ ၂၂၇ စတုရန်းမိုင်ကျယ်ပြီးတော့လူဦးရေ ၄သောင်းကျော်မှီတင်းနေထိုင်ကြပါတယ်။ အကြီးဆုံးမြို့က Ronne ဖြစ်ပြီး လူဦးရေ
၁သောင်း၃ထောင်ကျော်နေထိုင်ကြကြောင်းသိရပါတယ်။

သာယာလှပတဲ့မြို့လေးတွေနဲ့ဖွဲ့စည်းထားပြီး ကျွန်တော်တို့မိသားစုအဖွဲ့လေးကတော့ Svaneke(လူဦးရေ ၁ထောင်ကျော်)၊ Aakirkeby(၂ထောင်ကျော်)၊ Nexo(၃ထောင်ကျော်)၊
Halse(၁ထောင်ကျော်) စတဲ့မြို့လေးတွေကိုအလည်ရောက်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရောက်တဲ့ရက်တွေမှာ မိုးရွာနေတာကြောင့်နေရာများများမရောက်ခဲ့ရပေမယ့် ကျွန်းမှာနေထိုင်ကြတဲ့သူတွေရဲ့စေတနာတွေရယ်၊ မွန်လူမျိုးများရဲ့ဝါဆိုသင်္ကန်းကပ်လှူ ပွဲ
မှာ သင်င်္ကန်းကပ်ခွင့်ပါရခဲ့တာကြောင့်ရယ် အထူးကျေနပ်ခဲ့ရတဲ့ခရီးတစ်ခုဖြစ်ခဲ့ရပါတော့တယ်။

ခရီးစဉ်အစဆွီဒင်ကိုဖြတ်၍

ကျွန်တော်တို့ဟာသောကြာနေ့ ၁၁.၇.၁၄၊ နေ့လည် ၁၂နာရီခွဲမှာအိမ်ကနေခရီးစတင်ခဲ့ကြပါတယ်။ ကိုပင်ဟေဂင်ကနေဆွီဒင်နိုင်ငံရဲ့ Ystad မြို့ကို နေ့လည်၂နာရီ၄၅မှာထွက်မဲ့
ရထားလက်မှတ်ဝယ်ထားတာမို့ပါ။
ကျွန်တော်တို့နေတဲ့မြို့လေးကနေ ကိုပင်ဟေဂင်ကို မြို့ပတ်ရထား ၂ဆင့်ပြောင်းစီးပြီးနေ့လည် ၂နာရီမှာတော့ကျွန်တော်တို့မိသားစုအဖွဲ့လေး ကိုပင်ဟေဂင်ကိုရောက်ကြပါပြီ။
ခရီးဝေးလက်မှတ်ကိုတော့အွန်လိုင်းကနေ ၁၀ရက်ဝန်းကျင်ကြိုတင်ဝယ်ထားရင်ဈေးသက်သာတတ်ပါတယ်။ ကျွန်တော်တို့ကတော့ ၁ရက်ဘဲကြိုဝယ်မိတာကြောင့်ပုံမှန်နှုန်း
ပေးရပါတယ်။
ဒီမှာကမီးရထားတွေ၊ ဘတ်(စ်)ကားတွေဟာအချိန်တိတိကျကျထွက်တတ်တာကြောင့် အိမ်ကနေထွက်ကထဲက ဘွန်ဟိုးကျွန်းရောက်သည်အထိ ကျွန်တော်တို့ရဲ့ခရီးစဉ်
အချိန်ဇယားအတိုင်းဘဲ ရောက်ရှိသွားကြတာပါဘဲခင်ဗျား။

နေ့ခင်း ၂နာရီ၄၅မိနစ်မှာရထားဟာကိုကင်ဟေဂင်ဘူတာကြီးကနေ အချိန်မှန်ထွက်ခွါလာခဲ့ပါတယ်။ နာရီဝက်လောက်ခုတ်မောင်းပြီးရင်ဘဲ ဆွီဒင်ကိုကူးတဲ့ကမ္ဘာကျော် Oresund Bridge ကိုဖြတ်သန်းပါတော့တယ်။

ကမ္ဘာကျော် Oresund Bridge

         ဒိန်းမတ်ဘက်ကနေတံတားမကြီးဆီကိုပင်လယ်ထဲကနေTunnel နဲ့ဆက်သွယ်ထားပါတယ်

ဒိန်းမတ်နိုင်ငံရဲ့ ကိုပင်ဟေဂင်ဘက်ခြမ်းနဲ့ ဆွီဒင်နိုင်ငံရဲ့ မယ်(လ်)မိုမြို့ဘက်ခြမ်းတို့ကို ပင်လယ်ကိုဖြတ်လို့ဆက်သွယ်ဆောက်လုပ်ထားတဲ့ဥရောပတစ်ခွင်မှာတော့ အရှည်ဆုံး
တံတားကြီးဘဲဖြစ်ပါတယ်။
တံတားကြီးဟာအပေါ်မှာကားတွေအတွက်လေးလမ်း(4 lanes) ရှိပြီးတော့ ကားလမ်းအောက်မှာတော့နှစ်လမ်းသွား(Double track) မီးရထားလမ်းပါထည့်သွင်းဖေါက်လုပ်
ထားပါတယ်။
တံတားကြီးဟာ ၅မိုင်ရှည်ပြီး အလွန်ထူးခြားတာကတော့ ဒိန်းမတ်ဘက်ကနေတံတားကြီးပေါ်ကိုတက်ဖို့ ရေအောက်တာနယ်(Under tube tunnel) ကနေဖြတ်တဲ့အရှည်က
၂ မိုင်ခွဲရှိပါတယ်။ ပင်လယ်အောက်တာနယ်ထဲကနေကားတွေ၊ ရထားတွေဖြတ်သန်းကြရပါတယ်။

                                     ပင်လယ်ရေအောက်တာနယ်
တံတားကြီးကိုဒိန်းမတ်အစိုးရနဲ့ဆွီဒင်အစိုးရတို့ပူးပေါင်းဆောက်လုပ်ခဲ့ကြပြီး အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံကုန်ကျကာ ၂၀၀၀ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဘဲဖြစ်ပါတယ်။
တစ်နေ့ကိုကားစင်းရေ ၂သောင်းဝန်းကျင်ဖြတ်သန်းနေပြီး နှစ်၃၀ ၀န်းကျင်မှာဆောက်လုပ်စားရိတ်ကျေမယ်လို့ခန့်မှန်းထားကြပါတယ်။

                           တံတားကြီးမြင်ကွင်းတစိတ်တဒေသ

တံတားကြီးဖြတ်ပြီးတဲ့အခါမတော့ ကျွန်တော်တို့ရထားဟာဆွီဒင်မြို့ပြတွေကိုစတင်ဖြတ်သန်းခုတ်မောင်းပါတော့တယ်။ ဆွီဒင်ရဲ့တောင်ဘက်ဖျား၊ ပင်လယ်ဆိပ်ကမ်းရှိရာ
Ystad ဆိုတဲ့မြို့ကိုပြေးဆွဲတဲ့အမြန်ရထားဖြစ်တာကြောင့် ကြားကဆွီဒင်ဘူတာတွေမှာ မရပ်တော့ဘဲကျွန်တော်တို့ရထားကြီးဟာခရီးနှင်နေပါတော့တယ်။
ရထားဟာကောင်းကင်လျှပ်စစ်အားနဲ့မောင်းနှင်နေတာဖြစ်ပြီးမြန်သလောက်ငြိမ်နေပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းကမကြာခဏစီးခဲ့ရတဲ့ မြင်းခြံ၊ ရန်ကုန်။ ရန်ကုန်၊မန္တလေး လမ်းတွေပြေးတဲ့ဂျုံးဂျုံးဂျက်ဂျက် တကယ့်မီးရထားအစစ်ကြီးတွေကိုတောင်သတိရနေ
မိပါတော့တယ်။

Ystad ကူးတို့ဆိပ်ကမ်းရောက်ကြပြီ

ကျွန်တော်တို့စီးလာတဲ့ရထားဟာ ၁နာရီခွဲဝန်းကျင်ခုတ်မောင်းလိုက်ရင်ဘဲဆွီဒင်နိုင်ငံရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့
Ystad မြို့လေးရဲ့ဘူတာရုံကိုဆိုက်ရောက်ပါတော့တယ်။
ဒိန်းမတ်နိုင်ငံရဲ့ ဘွန်ဟိုးကျွန်းကိုသွားဖို့ ကူးတို့ဆိပ်ကမ်းကလဲဘူတာနဲ့ကပ်ရက်မှာဘဲဖြစ်ပါတော့တယ်။


                   Ystad မြို့လေးရဲ့ကူးတို့ဆိပ်ကမ်းနဲ့ နောက်ဘက်ကဘူတာရုံပါ

Ystad မှာ ရထားဆိုက်တယ်ဆိုရင်ဘဲ ဘူတာနဲ့ကူးတို့ဆိပ်ကမ်းဝန်းကျင်ဟာခရီးသွားများနဲ့ပျားပန်းခတ်
စည်ကားနေပါတော့တယ်။
ဒီဘက် Ystad မြို့ကနေ ဘွန်ဟိုးကျွန်းရဲ့မြို့ ကြီးဖြစ်တဲ့ Ronne မြို့ကို Ferry ကူးတို့သင်္ဘောကြီးတွေဟာ
တစ်နေ့မှာ ၈ ကြိမ်နဲ့အထက်ပြေးဆွဲပေးနေတာသိရပြီး ဘော(လ်)တစ်ပင်လယ်ပြင်ကြီးကိုဖြတ်သန်းလို့
တစ်နာရီနဲ့မိနစ်နှစ်ဆယ်ခုတ်မောင်းချိန်ကြာမြင့်ပါတယ်။
ကျွန်တော်တို့လို ရထားနဲ့မလာဘဲ ဘတ်(စ်)ကားနဲ့ဒိန်းမတ်ကနေလာချင်သူများအတွက်လဲ
ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင် ဘူတာရုံကြီးကနေပြေးဆွဲပေးနေတဲ့အမှတ် ဂ၆၆ ဘတ်(စ်)ကား
ဟာလဲ သင်္ဘောမထွက်ခင်အချိန်မှန်ဆိုက်ရောက်လာမှာဘဲဖြစ်ပါတယ်။


                           ကူးတို့ဆိပ်ကခရီးသွားများ

ကူးတို့သင်္ဘောစီးကြပြီ

ရထားလက်မှတ်ဝယ်ကထဲက ဘွန်ဟိုးကျွန်းအရောက်ဝယ်ထားတာမို့သင်္ဘောလက်မှတ်ထပ်ဝယ်နေစရာ
မလိုတော့ဘဲ အွန်လိုင်းက၀ယ်ထားပြီး Print ထုတ်ထားတဲ့လက်မှတ်စာရွက်ကိုပြပြီးတော့ဘဲ
သင်္ဘောကြီးပေါ်ကိုတက်ခဲ့ကြပါတော့တယ်။
သင်္ဘောကြီးထဲကိုလဲသူ့လမ်းကြောင်းကနေ အိတ်တွေဆွဲလျက်ဘဲဝင်သွားရတာဖြစ်လို့ သင်္ဘောထဲရောက်
သွားတာတောင်သတိမထားလိုက်မိပါဘူး။

စွန့်စားပြီးကုန်းဘောင်နဲ့တက်ခဲ့ရတဲ့ကျွန်တော်တို့နိုင်ငံကဆိပ်ကမ်းတွေကိုသတိရမိစေပါတယ်။
ကျွန်တော်တို့အညာဘက်က သင်္ဘောဆိပ်ကမ်း၊ မော်တော်ဆိပ်ကမ်းတွေဘက်များရောက်မိရင်
ကုန်းဘောင်ကျဉ်းကျဉ်းလေးပေါ်ကနေ အဆင်းအတက်လုပ်နေကြတဲ့သူတွေ ဆန်အိတ်တွေ၊ ပဲအိတ်တွေ၊
ဆေးရွက်ကြီးပုတ် အလေးကြီးတွေကိုပခုံးထမ်းသယ်နေကြတဲ့ကုန်တင်ကုန်ချအလုပ်သမားကြီးတွေကို
တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။
ဒီဘက်နိုင်ငံတွေမှာတော့ဒီမြင်ကွင်းတွေတွေ့ရတော့မှာမဟုတ်ပါဘူး။
နိုင်ငံကိုစက်မှုစနစ်တွေနဲ့တိုးတက်အောင်ကြိုးစားတည်ဆောက်ထားခဲ့ကြတာမို့ စက်တွေကိုဘဲခိုင်းစား
နေပြီး လူတွေသက်တောင့်သက်သာလုပ်ကိုင်နိုင်စေပါတယ်။

                         ဘွန်ဟိုးကျွန်းကိုသွားမယ့်ကူးတို့သင်္ဘောကြီး

သင်္ဘောကြီးရဲ့ဝမ်းဗိုက်ထဲမှာ ဧရာမကုန်ကားကြီးတွေ၊ ကားငယ်တွေကိုစနစ်တကျ တင်ဆောင်နေတာ
ကိုလဲတွေ့ရပါတယ်။ ယာဉ်မောင်းသူတွေလဲ သာမန်လမ်းမှာမောင်းသလို သင်္ဘောပေါ်မောင်းတင်လိုက်ပြီး
ရပ်ရမယ့်နေရာမှာရပ်ပြီးရင် အပေါ်ထပ်တက်လို့ အခြားခရီးသည်တွေနဲ့အတူ ဇိမ်ကျကျလိုက်ပါရုံပါဘဲ။
သင်္ဘောဆိုက်ခါနီး ၅ မိနစ်လောက်အလိုမှအောက်ကိုပြန်ဆင်း ကားကိုစက်နှိုးလို့ ကုန်းပေါ်ကိုသာမန်ဘဲ
မောင်းတက်လိုက်ရုံဘဲဖြစ်ပါတော့တယ်။

ဟိုလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ဝန်းကျင်က ကျွန်တော်လဲမြန်မာပြည်ထဲမှာကားကူးတဲ့နေရာတွေဖြစ်တဲ့
ကျွန်းချောင်း- ပုဂံ၊ ညောင်ပင်ကြီး- မုံရွာ၊ ပြည်- ပန်းတောင်း၊ မော်လမြိုင်- မုတ္တမ စတဲ့နေရာတွေမှာ
အချိန်တွေကြန့်ကြာပြီး ခက်ခက်ခဲခဲ ဇက်ကူးခဲ့ရတာတွေအမှတ်ရစေပါတော့တယ်။
ခုတော့တံတားတွေပြီးသွားလို့ ဇက်ကူးစရာမလိုတော့ပါဘူး။ ဒီဘက်နိုင်ငံတွေကတံတားတွေလိုဘဲ
အရည်အသွေးပြည့်မှီဖို့ဆုတောင်းရပါတော့တယ်။

                      သင်္ဘောထဲကခရီးသည်တွေ

ခရီးသည်တွေလိုက်ပါဖို့အတွက်သင်္ဘောခန်းမကြီးကလဲအကျယ်ကြီးဖြစ်ပါတော့တယ်။
မိမိအဆင်ပြေရာနေရာမှာထိုင်နိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။
စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဂျူ တီဖရီးအရောင်းဆိုင်များပါဖွင့်လှစ်ပေးထားပါတယ်။
ကားအတင်အချလုပ်တာတွေ၊ လူဆင်းလူတက်လုပ်တာတွေဟာလဲအလွန်စနစ်ကျပြီး
အင်မတန်မြန်ဆန်တာကြောင့်ကျွန်တော်တို့မှနေရာမှာကောင်းကောင်းမထိုင်ရသေးခင်
မှာဘဲသင်္ဘောကြီးအချိန်မှန်ထွက်တော့တာပါဘဲ။

ကျွန်တော်တို့သွားတဲ့နေ့ကလေတိုက်အားကောင်းပြီးလှိုင်းနည်းနည်းရှိတာမို့ သင်္ဘောစီးရတာ
ဟာပုခက်ကိုငြင်ငြင်သာသာလွှဲပေးနေသလိုမျိုးခံစားရပါတယ်။
ကုန်းခေါင်ခေါင်တွေမှာဘဲကြီးပြင်းလာရတဲ့သူတွေအတွက်တော့လှိုင်းမူးကြရပါပြီ။
ကျွန်တော့်ဇနီးနဲ့ ကိုဇော့်ဇနီးတို့ကတော့နောက်မစီးရဲတော့ဘူးဖြစ်သွားရပါတော့တယ်။
ကျွန်တော်တို့ညီအစ်ကိုနဲ့ တစ်နှစ်သားတူ Prince ကတော့အေးအေးဆေးဆေးပါဘဲ။
ဒီထက်မူးတာတွေသောက်ထားခဲ့ဘူးတဲ့ကျေးဇူးဘဲလို့ကျွန်တော်ကတော့ရီစရာတွေးရင်း
နဲ့သင်္ဘောခုတ်မောင်းချိန် ၁နာရီ  မိနစ်၂၀ တိတိမှာဘဲကျွန်တော်တို့ရဲ့သင်္ဘောကြီးဟာ
ဘွန်ဟိုးကျွန်းရဲ့ Rønne မြို့ဆိပ်ကမ်းကိုချောမောစွာဆိုက်ကပ်ပါတော့တယ်။

                         သင်္ဘောပေါ်မှာလှိုင်းစီးနေသူ၂ယောက်

Rønne မြို့ကိုရောက်ပါပြီ

သင်္ဘောကြီးထဲကထွက်ခဲ့ကြပြီး အဆောက်အအုံအပြင်ဘက်ရောက်တာနဲ့လာကြို နေကြတဲ့
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် သော်ဇင်နဲ့သူ့သူငယ်ချင်းဖိုးမင်း၊ ကိုအောင်၊ကိုလှမင်းတို့ကိုနွေးထွေးတဲ့
အပြုံးတွေကိုယ်စီနဲ့တန်းပြီးတွေ့ရတော့တာပါဘဲ။ ၀မ်းသာအားရနှုတ်ဆက်နေကြတာကြောင့်
မြန်မာသံလေးတွေ Ronne ဆိပ်ကမ်းမှာတဒင်္ဂဝေဆာသွားရပါတော့တယ်။

အဲဒီလာကြို ကြတဲ့သူတွေထဲက ကိုလှမင်းကနော်ဝေးမှာနေတာဖြစ်ပါတယ်။
အလုပ်အားရက်မှာဒိန်းမတ်ကိုလာလည်တာဖြစ်ပြီးကိုပင်ဟေဂင်မှာတုန်းကသူကကိုယ့်အိမ်လာမယ်၊
ကိုယ်ကသူတည်းရာ လင်းလင်းထွန်းတို့ အောင်ဖေတို့ဘက်ကိုလာမယ်နဲ့မဆုံဖြစ်ကြဘဲ
သူက ဘွန်ဟိုးကျွန်းကိုအလည်အရင်ရောက်နှင့်နေတာနဲ့ကြုံ သွားတာဘဲဖြစ်ပါတော့တယ်။

ကိုလှမင်းက ၈၈ မှာကထဲက Dpns လုပ်ဖေါ်ကိုင်ဖက်တွေလို့ပြောလို့ရပါတယ်။
၂၀၀၄ နှောင်းပိုင်းမှာမလေးရှားရဲ့ စွန်ဟိုင်းဗလို့ တောရမှာခဏဆုံခဲ့ပြီးကွဲသွားကြတာပါ။
သူနော်ဝေးရောက်နေတာသိရပြီး ဖုန်းအဆက်အသွယ်တော့ရှိပြီးလူချင်းမဆုံဖြစ်ကြပါဘူး။
သူ့ကြောင့်နော်ဝေးရောက်နေကြတဲ့ကိုဇော်ဝင်း၊အောင်ကျော်စိုး၊ ၀င်းသိန်းတို့ မိုးမောင်မောင်တို့နဲ့
အဆက်ပြန်ရပါတော့တယ်။
၂၀၁၃မှာ ကိုလှမင်းကနော်ဝေးကနေ ဂျင်မီနဲ့အတူဒိန်းမတ်ကိုပါလာလို့ပြန်ဆုံကြရပါတယ်။
အခုဟာကတော့ဥရောပရောက်မှဒုတိယအကြိမ်ပြန်ဆုံခြင်းပါ။


သူတို့တွေက ကား၂စင်းနဲ့လာကြို နေကြတာမို့ သူတို့ကားရပ်ထားတဲ့နေရာကိုစကားတပြောပြောနဲ့
လျောက်ခဲ့ကြပါတော့တယ်။

                    Rønne မြို့ရဲ့ဆိပ်ကမ်းတစ်နေရာရှုခင်း

ကျွန်တော်ကကျန်တဲ့ ၃ယောက်စလုံးနဲ့လူချင်းခုမှဘဲဆုံတွေ့ရတာဖြစ်ပါတော့တယ်။
facebook မှာလဲမိတ်ဆွေတွေဖြစ်ပြီး ဖုန်းတော့မကြာခဏဆက်ဖြစ်ကြပါတယ်။
သော်ဇင်ကတော့ကိုဇော့်အိမ်ကိုတစ်ခေါက်ရောက်ဘူးခဲ့ပါတယ်။
သူနေထိုင်ရာကျွန်းလေးကိုအလည်ခေါ်နေတာကြာပါပြီ။
ကျွန်းလေးရဲ့နံမည်ကြီး Svaneke ဘီယာစက်ရုံမှာအလုပ်ဝင်နေပြီးရိုးသားကြိုးစားတဲ့
ခင်မင်စရာလူငယ်လေးတစ်ယောက်ပါ။
သူ့သူငယ်ချင်းဖိုးမင်းကလဲမတူပီမှာနေဘူးတဲ့ချင်းလူငယ်တစ်ယောက်မို့ ကျွန်တော်ပခုက္ကူ ကောလိပ်မှာတုန်းက
ချင်းသူငယ်ချင်းတွေရှိခဲ့ပြီး သူတို့ရဲ့ ချင်းအမျိုးသားနေ့ ဖေဖေါ်ဝါရီ ၂၀ နေ့တွေမှာအမြဲပါဝင်ဖြစ်ခဲ့ကြောင်း
ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြပါတော့တယ်။

ကိုအောင်နဲ့အဆက်အသွယ်ဖြစ်သွားရတာကတော့ ပြီးခဲ့တဲ့လပိုင်းမှာစာရေးဆရာတွေဖြစ်တဲ့
ဆရာကြီး ဦးဖေမြင့်၊ ဇော်သက်ထွေး တို့အဖွဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကို နော်ဝေးက
အပြန်ခဏ၀င်လည်ကြပါတယ်။
အဲဒီအချိန်တုန်းက facebook ပေါ်မှာ ပဲခူးက တော်လှန်ရေးရဲဘော်ဟောင်းကြီး သခင်လှကြိုင်
တောင်းရမ်းစားသောက်နေရတဲ့အကြောင်းပြန့်နေတဲ့အချိန်ဖြစ်ပါတယ်။
ဒါကိုကြားကြတဲ့ ဘွန်ဟိုးကျွန်းကမြန်မာတိုင်းရင်းသားတွေဟာ သခင်လှကြိုင်ကိုတတ်နိုင်သလောက်
ထောက်ပံ့ချင်တာကြောင့် ငွေစုပြီး ဇော်သက်ထွေးတို့နဲ့ထည့်ပေးလိုက်နိုင်အောင် ကျွန်တော့်ဆီကို
လှမ်းဆက်သွယ်ကြတာဘဲဖြစ်ပါတော့တယ်။ မြန်မာ့စေတနာများပြောပါတယ်။
ဆရာဇော်သက်ထွေးကလဲဟိုရောက်တော့သခင်လှကြိုင်နေထိုင်ရာ ပဲခူးထိတကူးတကသွားပြီး
ထောက်ပံ့ပေးခဲ့ပါတယ်။

ကျွန်တော်ရေးတဲ့ဒိန်းမတ်နိုင်ငံအကြောင်းဆောင်းပါးလေးတွေကိုလဲမုဒိတာအပြည့်နဲ့အားပေးကြတဲ့
စာဖတ်ပရိသတ်များနဲ့လဲတွေ့ခဲ့ရပါတယ်။ အလုပ်တဘက်နဲ့အားတဲ့အချိန်လေးတွေမှာကိုယ့်နိုင်ငံ
အတွက်တဘက်တလမ်းကနေအကျိုးရှိစေချင်တဲ့စေတနာနဲ့ဆောင်းပါးလေးတွေရေးနေတဲ့ကျွန်တော့်
အတွက်ဘွန်ဟိုးကမိတ်ဆွေတွေရဲ့အားပေးမှုဟာအားဆေးတခွက်ဖြစ်ခဲ့ရပါတယ်။

               ဘွန်ဟိုးကျွန်းမှထောက်ပံ့ငွေကိုသခင်လှကြိုင်အားပေးအပ်စဉ်

Åkirkeby (သို့မဟုတ်) ပန်းမြို့တော်လေးသို့ 

ညနေ ၆ နာရီဝန်းကျင်မှာတော့ Rønne မြို့လေးကနေကျွန်တော်တို့အဖွဲ့လေးဟာ
ကိုအောင်နေထိုင်ရာ Åkirkeby မြို့လေးကိုဆက်လက်ထွက်ခွါလာခဲ့ကြပါတော့တယ်။
Rønne မြို့ရဲ့အရှေ့ဘက် ၁၆ ကီလိုကိုလမ်းတွေကလဲကောင်းနေပြီးသားတွေဆိုတော့ ၁၅မိနစ်ဝန်းကျင်
မောင်းလိုက်ကြရင်ဘဲကိုအောင်ရဲ့မိသားစုနေထိုင်ရာစံရိပ်ငြိမ်လေးကိုရောက်ကြပါပြီ။

ဒီမြို့လေးဟာဘွန်ဟိုးကျွန်းရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီးတော့ မြို့လေးရဲ့ဆောင်ပုဒ်ကတော့
(Blomsterbyen) "ပန်းမြို့တော်လေး"လို့တင်စားထားတဲ့နေချင်စရာမြို့လေးပါဘဲ။
နွေရာသီမှရောက်ပြီဆိုရင်ဒီမြို့လေးရဲ့နံမည်ကြီး ပန်းပွဲတော်ကို ကျင်းပလာခဲ့ကြတာဟာအခုဆိုရင်
နှစ်ပေါင်း ၄၀ မကတော့ကြောင်းလဲသိရပါတယ်။


                    Åkirkeby မြို့လေးရဲ့ ပန်းပွဲတော်ပုံရိပ်တစ်ချို့

ကိုအောင့်မိသားစုအိမ်မှစေတနာညနေစာနဲ့ကိုမင်းတင်လတ်မိသားစုရဲ့စေတနာမုန့်ဟင်းခါး

ကိုအောင့်အိမ်ရောက်ကြမှဘဲနားကြရပါတော့တယ်။ နွေရာသီရဲ့ဂျူ လိုင်လထဲမှာဖြစ်ပေမယ့်
မှိုင်းညို့တဲ့အေးမြခြင်း နဲ့ကျွန်းပေါ်မှာကြုံ ကြရတော့ပါလာတဲ့နွေအနွေးထည်တွေဘဲကောက်တုတ်ရတော့တာပါဘဲ။
ဖေါ်ရွေပျူ ငှာတဲ့ ကိုအောင်ရဲ့မိသားစုနဲ့ဆုံတွေ့ရပါတယ်။
သူတို့အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့သမီးချော "ဆည်းလည်းနဒီ" လေးကလဲရောက်ကာစမှာ
အိပ်ရာမှနိုးကာစဇဝေဇ၀ါဖြစ်နေရာကနေ ခဏတာမှာဘဲဧည့်သည်များနဲ့အဖွဲ့ကျခင်မင်သွားပါတော့တယ်။

ခင်မင်စရာကောင်းပြီး ပျော်တတ်တဲ့ ကိုအောင်ရဲ့အိမ်နီးချင်း ကိုရဲ လဲရောက်လာပါတော့တယ်။
facebook သူငယ်ချင်းတွေဖြစ်ပြီးသားမို့ ခဏမှာဘဲငယ်ပေါင်းတွေလိုရင်းနှီးသွားကြရပါတော့တယ်။
စေတနာမြန်မာထမင်းဝိုင်းကတော့ စကားသံတွေနဲ့စိုပြေအသက်ဝင်နေပါပြီ။
ပုဇွန်ချက်၊ ငါးဖယ်သုတ်၊ ဘဲဥသုတ်၊ ငါးပိချက်၊ ရွှေပဲသီးကြော်၊ ဟင်းခါးတွေနဲ့အရသာအလွန်ရှိတဲ့
ထမင်းဝိုင်းဘဲဖြစ်ပါတော့တယ်။
ကျွန်တော်တို့တတွေလဲခရီးပန်း၊ ဆာဆာနဲ့တော်တော်လေးဆွဲလိုက်ကြပါတော့တယ်။

                  ကိုအောင်အိမ်မှာမိတ်ဆွေတွေနဲ့အမှတ်တရ

စားသောက်ပြီးတဲ့အခါမတော့ သော်ဇင့်ရဲ့အိမ်ရှိရာ
Svaneke မြို့လေးကို သော်ဇင်၊ ကိုအောင် တို့ကား၂စင်းနဲ့ဘဲခရီးဆက်ခဲ့ကြပါတော့တယ်။

နောက်တစ်နေ့မှာတော့ ကိုမင်းတင်လတ်ရဲ့မိသားစုအိမ်မှာမြန်မာမုန့်ဟင်းခါး အ၀စားကြလို့
ဘွန်ဟိုးကျွန်းတစ်ခွင်ကို ကိုအကောင်း၊ ကိုသော်ဇင်ဦး တို့ကားများနဲ့လည်ပတ်ခဲ့ကြပါတော့တယ်။

ကျွန်တော်တို့အပေါ် ဧည့်ဝတ်ကျေခဲ့ကြသော မွန်မိသားစုများအားလုံး၊ ကိုအကောင်းမိသားစု၊
ကိုပလောင်မိသားစု၊ ကိုမင်းသိန်းဦးမိသားစု၊ ဖိုးမင်း၊ ဖိုးချမ်း တို့ အားလုံးကို မမေ့နိုင်မယ့်
ဘွန်ဟိုးကျွန်းခရီးစဉ်လေးအတွက် အထူးကျေးဇူးတင်နေကြောင်းပါခင်ဗျား။

(Fb post. Nov, 2014)
                               ဘွန်ဟိုးကျွန်းးရဲ့ ၁၃ ရာစုက ခံတပ်ဟောင်းမှာ






Tuesday, 10 November 2015

လုပ်ချင်တာလုပ်နိုင်တာ ဒီမိုကရေစီမဟုတ်ပါ


ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ဒိန်းမတ်နိုင်ငံရဲ့လူနေရပ်ကွက်တစ်ခုထဲက
လမ်းတစ်လမ်းပါ။
လမ်းလေးတွေတိုင်းမှာ မိမိတို့အိမ်ခြံစည်းရိုးတွေကို လူမြင်ကောင်းအောင်
အမြဲ ဖြတ်ထားရပါတယ်။ လူနေရပ်ကွက်တိုင်းမှာပါ။


ဘယ်သူမှ မာလီ ဌားမထားပါဘူး။ ကိုယ်တိုင်အလုပ်အားချိန်တွေမှာ ဖြတ်ထားကြတာပါ။
အသက် ၇၀ ကျော်အဖိုးကြီး၊ အဖွားကြီးတွေလည်း ကိုယ်တိုင်ဘဲဖြတ်ကြပါတယ်။
မိမိအိမ်ကြောင့် ပတ်ဝန်းကျင်စိတ်အနှောက်အယှက်မဖြစ်ရအောင်ပါ။
လမ်းလျောက်သူများလည်း အဆင်ပြေအောင်ဖြစ်ပါတယ်။

ဆောင်းတွင်း နှင်းတွေကျပြီဆိုရင်လည်း ကိုယ့်အိမ်ရှေ့လမ်း ကိုယ်နှင်းရှင်းကြရပါတယ်။
တစ်ခြားသူတွေ ချော်မလဲရအောင်ပါ။

ကိုယ့်အိမ်ကိုယ့်ယာဆိုပြီး နေချင်တိုင်းနေ၊ လုပ်ချင်ရာလုပ်လို့ မရပါဘူး။
အိမ်ဝန်းထဲမှာ အမှိုက်ပုံတွေမြင်မကောင်းဖြစ်နေရင် သက်ဆိုင်ရာကလာပြောပါလိမ့်မယ်။
ကိုယ့်အိမ်မှာဘဲဆိုပြီး ညအချိန်မတော် သီချင်းတွေအကျယ်ကြီးဖွင့်ပြီး အော်ဟစ်ဆူညံ
နေလို့မရပါဘူး။ ရဲ ရောက်လာပါလိမ့်မယ်။
ရပ်ကွက်ထဲမှာ မူးပြီးဆဲနေရင်လည်း အဆဲတွေမဆုံးသေးဘူး ရဲ ကလာမသွားမှာပါဘဲ။
လူကြီးသားသမီးဆိုပြီး ဥပဒေချိုးဖေါက်လို့မရပါဘူး။
သာမန်ပြည်သူသားသမီးထက် ပိုအရှက်ရစရာဖြစ်သွားပါလိမ့်မယ်။

ဒီမိုကရေစီရဲ့ လွတ်လပ်ပိုင်ခွင့်တွေဟာ ပတ်ဝန်းကျင်ကို(သို့) တစ်ခြားသောသူကို
နှောက်ယှက်ဖို့မဟုတ်ပါဘူး။
လူတစ်ယောက်ကို ဒေါသထွက်ပြီး ထိုးလို့ကြိတ်လို့ ပါးရိုက်လို့မရပါဘူး။
ချောင်းရိုက်၊ ချောင်းထု လို့မရပါဘူး။
ထောင် ကျသွားမှာဖြစ်ပါတယ်။

ပြည်သူအားလုံး လုံခြုံ စိတ်ချ အဆင်ပြေစွာ နေထိုင်နိုင်အောင် ကျောသားရင်သား၊
ဆင်းရဲချမ်းသာ၊ ဘာသာမခွဲတဲ့ ဥပဒေအောက်မှာ တစ်ပြေးညီနေထိုင်နိုင်အောင်
ဆောင်ရွက်ပေးခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုပါ။
ဒါကြောင့်ပြောင်းလဲဖို့ အချိန်တန်ပြီလို့ပြောနေကြတာဖြစ်ပါတယ်။
တစ်ပါတီအုပ်စိုးနေမှုကို တွန်းလှန်ကြဖို့အချိန်တန်ပါပြီ။
အစိုးရအဖွဲ့ထဲမှာ ပြည်သူ့ဘက်တော်သားတွေရောက်ဖို့အထူးလိုအပ်နေပါပြီ။
ဘေးထိုင်ဘုပြောနေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ပေါ်လာတဲ့လမ်းစလေးကို အမိအရစတင်လျှောက်လှမ်းကြည့်ကြရအောင်ပါ။
ကျွန်တော်တို့ သားစဉ်မြေးဆက်တွေအတွက်ပါ။
သူတို့တွေ ကျောင်းခန်းထဲကနေ လူကြီးလာမှာမို့ နေပူထဲထွက်စောင့်နေဖို့မလိုအောင်ပါ။
ကျောင်းသားတွေ အပူအပင်ကင်းကင်း လုံခြုံစွာ စာသင်ကြားနိုင်ကြအောင်ပါ။
ဘယ်တုန်းကမှ သခင်ဘ၀မရောက်ခဲ့ကြရတဲ့ ပြည်သူတွေ..
ပြည်သူ့ မျက်နှာကြီးတဲ့နိုင်ငံမှာ ကျွန်တော်တို့ မျိုးဆက်တွေနေဘူးအောင်လို့ပါ။
သူတို့တွေလွှတ်တော်ထဲ၊အစိုးရအဖွဲ့ထဲရောက်ဖို့ တာဝန်အနည်းနဲ့အများရှိနေကြပါပြီ။
သူတို့ကို ခင်ဗျားတို့ခိုင်းနိုင်အောင်ပါ။
သူတို့မဟုတ်တာလုပ်ရင်လည်း ခင်ဗျားတို့ကျွန်တော်တို့ မောင်းချနိုင်တဲ့အခွင့်အရေး
တွေရလာဖို့ ခင်ဗျားတို့ကျွန်တော်တို့မှာ အခွင့်အလမ်း မကြာခင် ပေါ်လာပါပြီ။
လက်မလွှတ်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရကြောင်းပါခင်ဗျား။

(ရွေးကောက်ပွဲမတိုင်ခင်က ရေးထားတဲ့စာလေးကို တိုင်းပြည်အတွက် အကောင်းဆုံး
လက်ဆောင်ရွေးပေးပြီးသွားပြီဖြစ်တဲ့ ပြည်သူတွေကို ဂုဏ်ပြု လို့ ပြန်လည်ထည့်သွင်း
လိုက်ပါတယ်။ Fb post, Oct 2015 )



Friday, 16 October 2015

စာရေးသူ ၏ ကိုယ်ရေးအကျဉ်း

စာရေးသူ ၏ ကိုယ်ရေးအကျဉ်း

၁၉၆၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြို မြို့၊ မြို့မရပ်ကွက်၌
အဖ ဦးလှမြင့်၊ အမိ ဒေါ်ခင်စန်းမြိုင် တို့မှ မွေးဖွားခဲ့သည်။
အမည်ရင်း မင်းမော် ဖြစ်ပြီးမွေးချင်း ၆ ယောက်တွင်သားအကြီးဆုံးဖြစ်သည်။

မူလတန်းမှသည်အထက်တန်းအထိကို မြို့မရပ်မူလတန်းကျောင်း၊ ရေစကြိုမြို့။ အလက(၄)ရန်ကင်း၊ ရန်ကုန်မြို့။အလက(၂)ရွှေချောင်း၊ ပခုက္ကူ မြို့ ။ အထက(၁)ပခုက္ကူ မြို့တို့တွင် ပညာဆည်းပူးခဲ့သည်။
၁၉၇၂ ခုနှစ်တွင် စတုတ္ထတန်းကို အလက(၄)ရန်ကင်းမှ ပထမဆုဖြင့်အောင်မြင်
ကာ ရန်ကင်းတစ်မြို့နယ်လုံးမှပေးအပ်သောပညာထူးချွှန်ဆုကိုရရှိခဲ့သည်။
၁၉၇၉ ခုနှစ်တွင် ပခုက္ကူ မြို့ အထက(၁) မှ ၁၀ တန်းအောင်မြင်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ပခုက္ကူ ကောလိပ်မှဂုဏ်ထူးဖြင့် ဒုတိယနှစ်ကိုအောင်မြင်ခဲ့ပြီး မကွေးဒီဂရီကောလိပ်၌ တတိယနှစ် တက်ရောက်ခဲ့သည်။
၁၉၇၈ မှ ၁၉၈၂ ခုနှစ်များအတွင်း အထက(၁)ပခုက္ကူ နှင့် ပခုက္ကူ ကောလိပ်
ကျောင်းလက်ရွေးစင်ဘောလုံးအသင်းများတွင်ပါဝင်ကစားခဲ့ပြီး၊ မကွေးတိုင်း (၂၅)မြို့နယ် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲများနှင့်တက္ကသိုလ်ကောလိပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ကျောင်းကိုယ်စားပြု ကာပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၊ စာပေးစာယူဌာနမှ သမိုင်းဘာသာအထူးပြု ဖြင့် မဟာဝိဇ္ဇာတန်းတက်ရောက်ရန်အရည်အချင်းမှီစွာနှင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် ပခုက္ကူ မြို့စာပေးစာယူကျောင်းသားများ
သမဂ္ဂ မှာဦးဆောင်ပါဝင်ခဲ့သည်။ ပခုက္ကူလူ့ဘောင်သစ်ဒီမိုကရက်တစ်ကျောင်းသားပါတီတွင်ဒု ဥက္ကဌ အဖြစ်ရွေးချယ်ခြင်းခံရပြီး ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထု၊ ပေါက်၊ ဆိပ်ဖြူ ၊ရေစကြို ၊ မြိုင်၊ ပခန်းကြီး မြို့များနှင့်ကျေးရွာများအရောက် ဒီမိုကရေစီရေးရာများဟောပြောခဲ့သည်။မြေလတ်ကျောင်းသားများညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းရာတွင်ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ပခုက္ကူ စီးကရက်စက်ရုံတွင် အလုပ်ဝင်ရောက်ခဲ့ကာ ညနေပိုင်းတွင်
အလယ်တန်း၊ အထက်တန်းကျောင်းသားများအား သင်္ချာဘာသာ သင်ကြားပေးခဲ့သည်။
၁၉၉၅ ခုနှစ်တွင်မမိုးမိုးချစ် နှင့်လက်ထပ်ခဲ့ပြီး သမီး မသက်ထက်ငြိမ်းကို ၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့သည်။
၁၉၉၆ မှ ၂၀၀၄ ခုနှစ်ထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်ခဲ့စဉ်အတွင်း ၁၉၉၈ ခုနှစ်
မှာ ကြီးပွါးရေးမဂ္ဂဇင်း ၌ "ဘတ်(စ်)ကား KL (သို့မဟုတ်) ဘတ်(စ်)ကားယဉ်ကျေးမှု"
ပြည်သူ့အကျိုးပြုဆောင်းပါးကိုသက်ထက်(YSO,PKU)ကလောင်အမည်ဖြင့်စတင်ရေးသားခဲ့သည်။
၂၀၀၅ ခုနှစ်မှ ယနေ့တိုင် ဒိန်းမတ်နိုင်ငံတွင် ဇနီးမမိုးမိုးချစ်၊ သမီးမသက်ထက်ငြိမ်းနှင့်အတူ
နေထိုင်လျှက်အလုပ်အားလပ်ချိန်များတွင် မြန်မာပြည်မှစာစောင်များအတွက်
နိုင်ငံအကျိုးပြုဆောင်းပါးများရေးသားလျှက်ရှိပါသည်။

Sunday, 11 October 2015

စုန်းမကိုမီးရှို့နေဆဲဥရောပ

ဥရောပက ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မြို့ကြီး၊ မြို့လေးတိုင်းဟာ ဂျွန်လ ၂၃ ရက် ညနေမှရောက် ပြီဆို မိသားစုတွေလှုပ်လှုပ်ရွရွဖြစ်နေကြပါပြီ။ နှစ်စဉ်အဲဒီနေ့မှာကျင်းပမြဲဖြစ်တဲ့ စုန်းမအရုပ်ကြီးကို
မီးရှို့တဲ့ပွဲကိုသွားကြမှာမို့ဘဲဖြစ်ပါတယ်။
ဒိန်းမတ်လိုတော့ စိန့်ဟန့်(စ်)အာဖတမ်(Sankthans aften)လို့ခေါ်ပြီး အင်္ဂလိပ်တွေကတော့ Saint John's Eve ( Midsummer)ဆိုပြီးကျင်းပကြတာဖြစ်ပါတယ်။
Jesus ထက် ၆ လစောပြီးမွေးခဲ့တဲ့ Saint John မွေးဖွားခြင်းအထိမ်းအမှတ်ပွဲလုပ်ရာကနေ
စတင်ခဲ့ကြောင်းသိရပါတယ်။ ဥရောပမြောက်ပိုင်းနိုင်ငံများမှာကျင်းပကြပါတယ်။
                                          ဒိန်းမတ်နိုင်ငံကမြို့လေးတစ်မြို့မှာ စိန့်ဂျွန်ပွဲတော်ကျင်းပနေပုံ

ဒိန်းမတ်နိုင်ငံမှာတော့ အဲဒီပွဲကို ဟိုး ပင်လယ်ဓါးမြခေတ်ကထဲက မကောင်းဆိုးဝါးတွေ
ပပျောက်အောင်ဆိုပြီး ထင်းပုံကြီးတွေဖိုကာ စုန်းမအရုပ်ကြီးကိုမီးရှို့ပွဲလုပ်ခဲ့
ကြတာဟာ ယနေ့ခေတ်တိုင်အောင်ပါဘဲ။
ဒီပွဲတော်ကို ဒိန်းမတ်နိုင်ငံရဲ့ မြို့ကြီး၊ မြို့လေးတိုင်းမှာကိုယ့်အစီအစဉ်နဲ့ကိုယ်စည်စည်
ကားကားကျင်းပကြတာတွေ့ရပါတယ်။ မြို့က ပင်လယ်နဲ့နီးရင်တော့ ပင်လယ်ကမ်းခြေ
တွေမှာကျင်းပကြပါတယ်။
အဲဒီနေ့ဟာနေ့တာရှည်တဲ့နေ့လည်းဖြစ်တာကြောင့် ည၁၁နာရီဝန်းကျင်မှဘဲနေ၀င်မှာ
လည်းဖြစ်ပါတယ်။ ည ၇ နာရီလောက်ကစလို့ ပွဲကျင်းပမယ့်နေရာကို မိသားစုတွေတဖွဲဖွဲရောက်လာကြပါပြီ။ တေးဂီတများနဲ့ဧည့်ခံဖျော်ဖြေလို့ ဖျော်ရည်၊ ဘီယာ များလည်းရောင်းချကြ သောက်သုံးကြပါတော့တယ်။ ၈ နာရီဝန်းကျင်မှာ အခမ်းအနားစလို့ အုပ်ချုပ်ရေးဌာနမှလူကြီးတစ်ဦးမှအမှာစကားပြေကြားပြီးတဲ့အခါမတော့ "We love our country" သီချင်းကို သံပြိုင်သီဆိုကြမှာဘဲဖြစ်ပါတယ်။ ည ၉ နာရီမှာ ပြင်ဆင်ထားတဲ့ ထင်းပုံကြီးကိုမီးစတင်ရှို့လိုက်ပါတော့တယ်။
ကျွန်တော်နေတဲ့မြို့လေးဟာလည်း ပင်လယ်ကမ်းစပ်မှာရှိတာကြောင့် ကျွန်တော်တို့မိသားစု
လည်း အဲဒီနေ့ဆိုရင် စုန်းမမီးရှို့ပွဲရှိရာ ကမ်းခြေကိုနှစ်တိုင်းလိုလို ရောက်ဖြစ်လေ့လာကြည့်
ရှုဖြစ်ပါတယ်။
ယနေ့ခေတ်မှာ ထူးခြားတာကတော့ ဒီပွဲကိုရှေးဟောင်းအယူအဆတွေကိုလက်ခံပြီး
ကျင်းပနေတာမဟုတ်တော့ဘဲ ရှေးဓလေ့ကိုမပျောက်ပျက်စေရုံ ပျော်ပွဲတစ်ခုအနေနဲ့သာ
လက်ခံကျင်းပကြတော့တာဖြစ်ပါတယ်။ မြို့နေမိသားစုအချင်းချင်းတွေ ချစ်ခင်စွာ တစ်စုတစ်ဝေးထဲတွေ့နိုင်ကြအောင်ဆက်လက်ကျင်းပနေကြတာဖြစ်ကြောင်းလည်း
သိရှိရပါတယ်။ကလေးတွေမေးရင်လည်း လူကြီးတွေက ယုတ္တိမတန်ခေတ်မမှီတော့တဲ့ အတွေးအခေါ်တွေကိုပြောပြမနေကြတော့ဘူးလို့သိရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း ဗုဒ္ဓဘာသာဝင်များဟာ  မြတ်ဗုဒ္ဓရဲ့ ထေရ၀ါဒ နဲ့ မကိုက်ညီတဲ့ 
ကိုးကွယ်ယုံကြည်မှုတွေ ကင်းရှင်းဖို့နဲ့ နောင်လာနောင်သားတွေလမ်းလွဲမလိုက်မိဖို့အားလုံးမှာ
တာဝန်ရှိကြပါကြောင်း သူတို့ဆီကရိုးရာဘာသာရေးပွဲတော်လေးတစ်ခုကို ဗဟုသုတအလို့ဌာတင်ပြရင်း 
နှိုးဆော်တိုက်တွန်း လိုက်ရကြောင်းပါခင်ဗျား။
(Fb post. June,2014)


Tuesday, 6 October 2015

ရေစကြို ကိုချစ်တဲ့ ရေစကြိုသားကြီး ဖေဖေ

ရေစကြို ကိုလှမြင့်နဲ့ သူ့ဇနီးဖြစ်လာမယ့် ကျောင်းသူ မခင်စန်းမြိုင် စသူတွေဟာ တပ်ဦးသစ်မှာ အတက်ကြွဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေပါ။ 
(ဝင်းမောင်သန်း - ကျောင်းသားအရေးတော်ပုံ ၁၉၅၃-၅၄)
                ကျွန်တော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး ဦးလှမြင့် မန္တလေးတက္ကသိုလ်ကျောင်းသားဘဝ

တစ်နေ့က Fb ဖွင့်ကြည့်တဲ့အချိန်မှာ ဘိုဘို(ဘိုဘိုလန်းစင်) တင်လိုက်တဲ့ အထက်က post လေးဖတ်ကြည့်ရင်း တစ်ခုခုထူးသလိုရုတ်တရက်ခံစားရပြီး နောက်တစ်ကြိမ် ထပ်ဖတ်ခါမှ "ဟာ ဒါ ငါ့အဖေနဲ့အမေပါလား" ဆိုပြီးဇနီးနဲ့သမီး ကိုပါခေါ်ပြဖြစ်တယ်။ ဘိုဘို ကိုလှမ်းမေးရတာပေါ့၊ ဘိုဘိုကစာအုပ်ဝယ်နိုင်တဲ့ link ကော၊ စာအုပ်ထဲကစာတစ်ချို့ နဲ့ စာအုပ်မျက်နှာဖုံး ပါပို့ပေးလိုက်တယ်။ စာရေးသူအကြောင်းနဲ့ပတ်သက်တဲ့ link ပါပို့ပေးလို့ ၀မ်းသာကြည်နူးစိတ်နဲ့ဖတ်ဖြစ်တယ်။

ကျွန်တော်ကသားအကြီးဆုံး၊အသက် ၅၂ နှစ်ရှိပါပြီ။ ကျွန်တော့်အဖေ
မန္တလေးတက္ကသိုလ်ကျောင်းသားဘ၀တုန်းက တပ်ဦးမှာပါဝင်ခဲ့ဘူးတာ သာမန်ကာလျှံကာ လောက်ဘဲသိထားတာ၊ မေမေဆို ပါဝင်ဆောင်ရွက်ခဲ့ဘူးတာ အခုမှသိရပါတယ်။ အခုမှဘဲဖေဖေနဲ့မေမေတို့ရဲ့ မန္တလေးတက္ကသိုလ်မှာ ၁၉၅၃-၅၄ တုန်းက သမိုင်းစာမျက်နှာတစ်ရွက်ကို ညီငယ် ဘိုဘိုရဲ့ကျေးဇူးနဲ့ပြန်တွေ့ရတာဘဲဖြစ်ပါတယ်။
ဘိုဘို ဆိုတာလည်းစာအလွန်ဖတ်တာကြောင့်တွေ့သွားတာပါ၊ သူအဲဒီစာအုပ်ဖတ်ရင်း သူက ဘဘနဲ့ကြီးကြီး လို့ခေါ်တဲ့ ကျွန်တော့်အဖေနဲ့အမေ နံမည်တွေတွေ့တော့ ကျွန်တော်တို့သိရအောင် fb ပေါ်တင်လိုက်တာနေမှာ။
ဘိုဘိုက ဆရာဝန်တစ်ယောက်လည်းဖြစ်ပေမဲ့ သူဝါသနာထုံရာစာတွေဖတ်မယ် ရေးမယ်ဆိုတာတွေဘဲလုပ်နေတယ်ကြားရတယ်။
ဘဘကြီးဦးလှနဲ့ ဖွားဖွားမာ တို့ရဲ့မြေး၊ အန်တီသန်း(စာရေးဆရာမ ဒေါက်တာမြမဉ္ဖူ )ရဲ့ သားဘဲလေ ဒီလောက်တော့ရှိမှာပေါ့။
          ကျေးဇူးရှင် မေမေ ဒေါ်ခင်စန်းမြိုင်က ၀ဲမှယာ၎ယောက်မြောက်ဖြစ်ပြီးရွှမန်းဆောင်ရှေ့မှာပါ

ကျွန်တော်စိတ်ထဲမှာ သိချင်နေတဲ့အဖြေတစ်ခုကိုလဲအခုမှရှင်းရှင်းလင်းလင်းပိုလို့သဘောပေါက်
သွားရတာလဲရှိပါတယ်။
၈၈ တုန်းက ကျွန်တော်အိမ်ပေါ်ကဆင်းပြီး ထောင်လမ်းနီးတဲ့နိုင်ငံရေးလုပ်တော့  ကြည်ကြည်သာသာ
ခွင့်ပြု ခဲ့ကြတာတွေရယ်၊၂ နှစ်အတွင်းမှာ တင့်ဆွေ၊ အောင်ဆင့်၊ မျိုးဝင်း စတဲ့
ကျွန်တော့်ရဲဘော်သူငယ်ချင်းတွေ စစ်ခုံရုံးနဲ့ ထောင်နှစ်ရှည်တွေ ကျသွားတော့လည်း တစ်ချက်ကလေးမှမတားတဲ့ အိမ်ပြန်လာဖို့မခေါ်တဲ့ ဖေဖေနဲ့မေမေကို နားလည်သွားရပါတော့တယ်။ အိမ်ကနေဟိုနားဒီနားသွားရင်တောင် စိတ်ပူတတ်ကြတဲ့ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့မပြီးဆုံးခဲ့တဲ့တိုက်ပွဲကို သားဖြစ်သူနောက်ဆံမတင်းရဘဲ ဆောင်ရွက်နိုင်အောင်စွန့်ခဲ့ကြတာပါလား။
ကျွန်တော့်ဖေဖေ
ကျွန်တော်ရဲ့ဆောင်းပါးလေးတွေနဲ့စာစုလေးတွေကို စာအုပ်လေးထုတ်တော့မယ်ဆိုတော့
အရင်ဆုံး သတိရမိတာကတော့ ကျွန်တော့်ရဲ့မိဘ၂ပါးဘဲဖြစ်ပါတော့တယ်။
ကျွန်တော်က ၁၉၉၅ ခုနှစ်ကထဲက မိသားစုနဲ့ခွဲကာ နိုင်ငံရပ်ခြားထွက်ခဲ့သူမို့ ဖေဖေ
နေထိုင်မကောင်းဖြစ်လို့ ၂၀၀၉ ခုနှစ်ကျမှဘဲ ဖေဖေ့ကို ခြေဆုပ်လက်နယ်ပြု စုချင်တဲ့စိတ်
နဲ့ပြန်ရောက်ခဲ့ပါတယ်။

ဖေဖေ အသက် ၆၀ ကျော်ကထဲကခွဲခဲ့တဲ့သားကြီးကျွန်တော် ဖေဖေ အသက် ၈၀ ပြည့်တော့
မှပြန်တွေ့ခွင့်ရတဲ့အခါ စကားတွေတ၀ကြီးပြောမယ်၊ ခြေဆုပ်လက်နယ် တ၀ကြီးပြုစုမယ်ဆိုတဲ့
စိတ်ကူးတွေ မပြည့်ဝခဲ့ရပါဘူး။ ဖေဖေ အခြေအနေမကောင်းဘူးဆိုတာလည်း ဖေဖေနဲ့တွေ့ဖို့
တစ်နာရီလောက်အလိုမှသိရတာဖြစ်ပါတယ်။
ကျွန်တော် ဖေဖေ့ဘေးရောက်တော့ ဖေဖေ မျောနေပါပြီ။ ကျွန်တော်လည်းရင်စို့ရပါပြီ။
မေမေက သားကြီးရောက်လာပြီလို့ပြောတော့ အတင်းကြိုးစားလို့ ကျွန်တော့်ကိုမျက်လုံးတစ်ချက်ဘဲဖွင့်ကြည့်လိုက်နိုင်ကာ ကျွန်တော်တို့မိသားစုကို ထာဝရခွဲခွါသွားခဲ့ပါတော့တယ်။

ဖေဖေကျန်းမာနေစဉ် ၁၉၉၈ ၀န်းကျင်လောက်က ကျွန်တော့်ရဲ့ဆောင်းပါးရှည်လေး ကြီးပွါးရေးမဂ္ဂဇင်းမှာ ပထမဆုံးပုံနှိပ်စာလုံးအဖြစ်ဖေါ်ပြခြင်းခံရပါတယ်။
မလေးရှားမှာနေစဉ်ရေးဖြစ်တဲ့ "ဘတ်(စ်)ကားKL(သို့)ဘတ်(စ်)ကားယဉ်ကျေးမှု"ဆိုတဲ့ဆောင်းပါးရှည်
ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဘတ်(
စ်)ကားတွေပေါ်ရောက်အောင်အတင်းတိုးတက်နေရချိန်မှာ
မလေးရှားမှာတန်းစီကြတဲ့အကြောင်းအပြုသဘောရေးဖြစ်တဲ့ဆောင်းပါးဖြစ်ပါတယ်။
အဲဒီတုန်းကရတဲ့စာမူခလေးကိုတော့အယ်ဒီတာကတဆင့်စာရေးဆရာကြီး အီကြာကွေး
ကိုကန်တော့ခဲ့ဘူးပါတယ်။

အဲဒီတုန်းကကျွန်တော့်ဆောင်းပါးပါတာကိုလည်းဖေဖေကပခုက္ကူ ကနေမလေးရှားကို
မဂ္ဂဇင်းလှမ်းပို့ပေးလိုက်မှသိရပြီးပျော်သွားခဲ့ရပါတယ်။ ၂နှစ်ဝန်းကျင်သမီးလေးရဲ့နံမည်
ကိုယူပြီး "သက်ထက်(YSO,PKU)" ကလောင်နံမည်နဲ့ရေးတာပါ။

အဲဒီအချိန်တွေတုန်းက သားရဲ့ဆောင်းပါးပါတဲ့ ဂ္ဂဇင်းလေးကိုကိုင်ပြီး မိတ်ဆွေတွေကိုလှည့်ပြ
နေတော့တာဘဲလို့ မေမေကပြန်ပြောပြပါတယ်။
                                စာရေးသူ၏ဖေဖေ ဦးလှမြင့် နှင့် မေမေ ဒေါ်ခင်စန်းမြိုင်

ရေစကြို အငြိမ်းစား ဆရာ၊ ဆရာမကြီးများကန်တော့ပွဲ

ပခုက္ကူ မှာ အငြိမ်းစားဆရာ၊ ဆရာမကြီးများကို ကျောင်းသားဟောင်းများကနှစ်စဉ်
ကန်တော့ပွဲကျင်းပနေတဲ့အချိန်မှာ ရေစကြို မှာကန်တော့ပွဲမလုပ်နိုင်သေးပါဘူး။
ဖေဖေဟာရေစကြိုရောက်တိုင်း အစ်ကိုဒေါက်တာအောင်မြင့်ဦး၊ ကျောင်းဆရာဦးကျော်ဝင်း၊
ဦးခင်မောင်ဦး၊ ကျောင်းအုပ်ကြီးဦးအောင်ထိုက်၊ ဦးဝင်းတင်စတဲ့သူတွေနဲ့ တွေ့ဆုံလို့
အငြိမ်းစားဆရာ၊ ဆရာမကြီးများပူဇော်ပွဲပေါ်ပေါက်လာရေးလုံးပမ်းကြပါတော့တယ်။
အဲဒီပွဲလေးဖြစ်ဖို့ မကြာခဏတိုက်တွန်းနေတဲ့ ဖေဖေ့ ကိုအစ်ကိုဒေါက်တာအောင်မြင့်ဦး
က နောက်ဆုံးမှာ " အစ်ကိုကြီးသာ မတည်ဖို့ငွေရအောင်ရှာပေး ကျန်တာကျွန်တော်တို့
ဆက်ကြိုးစားမယ်" လို့ဂတိပေးပါတော့တယ်။

အဲဒီအခါမှာ ၀န်ထမ်း ဖေဖေလဲ ပခုက္ကူ ပြန်ရောက်တော့ အစ်ကိုကြီးသံစည်ကိုပါခေါ်လို့
ပခုက္ကူ က ရေစကြို ဆက်တွေဆီမှာအလှူ လိုက်ခံပါတော့တယ်။
အလှူ ငွေမပြည့်သေးတာနဲ့ ရန်ကုန်ကိုကိုယ့်စားရိတ်နဲ့ကိုယ် အလှူ ခံဖို့ဆင်းသွား
ခဲ့ပါတော့တယ်။

 ရေစကြို အထက(၁) စတုတ္ထကြိမ်မြောက် အာစရိယပူဇော်ပွဲ အခန်းအနားတွင် 
                               ကျွန်တော်တို့ဖေဖေအမှာကား ပြောကြားနေစဉ်

၂၀၀၉ ဖေဖေဆုံးတဲ့အခါမှာ ပြန်တွေ့ရတဲ့ ရန်ကုန်ဆန်ကုန်သည်ကြီးများအသင်း
ဥက္ကဌ ဖြစ်နေတဲ့ အစ်ကိုဝင်း( ဦးဝင်း) က အဲဒီတုန်းကအကြောင်းလေးတစ်ခုပြန်ပြော
ပြတာဟာ ကျွန်တော့်ရင်ထဲမှာ ကြည်နူးဝမ်းသာရသလို ပရဟိတသမားတွေအတွက်
လည်း စံပြအတုယူစရာဖြစ်ခဲ့ပါတော့တယ်။

"အဲဒီတုန်းက မင်းဖေဖေ အစ်ကိုကြီးလှမြင့်ရယ် ငါတို့တွေရယ် ရန်ကုန်မှာအလှူ လိုက်ခံကြ
တယ်လေ။ ၃၊ ၄ အိမ်ပြီး မောတော့ လက်ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့၊ ငွေရှင်းကြမယ်ဆိုတော့
ငါက အလှူ ခံငွေထဲကပေးဖို့လုပ်တာပေါ့ကွာ၊ မင်းအဖေက အဲဒီထဲကမလုပ်ပါနဲ့မောင်ဝင်းရာ
ဆိုပြီး သူကအိတ်စိုက်ပြီး ရှင်းသွားတာ ငါ့ဘ၀မှာဘယ်တော့မှမေ့တော့မှာမဟုတ်ဘူး"
လို့ ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါတော့တယ်။

ရန်ကုန်ကပြန်ရောက်တဲ့အခါမတော့ ပခုက္ကူ မှာ ၀န်ထမ်းလုပ်နေဆဲဖေဖေဟာ သူချစ်တဲ့
ရေစကြို မြို့ကိုသွားလို့ ကျောင်းသားဟောင်းကြီးတွေအပါအ၀င်မြို့မိမြို့ဖတွေနဲ့
အခမ်းအနားလေးလုပ်လို့ အလှူ ခံရငွေအားလုံးကိုလွှဲအပ်ပေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ ရေစကြို မှာ နှစ်စဉ် အငြိမ်းစားဆရာ၊ ဆရာမများကန်တော့ပွဲ စတင်ကျင်းပ
နိုင်ခဲ့ပါတယ်။ ဖေဖေ မရှိတော့ပေမယ့်လည်း စေတနာရှင်ကျောင်းသားဟောင်းကြီး
တွေမှ ဆက်လက်ဦးဆောင်ကျင်းပနေကြတာ မုဒိတာပွါးဖွယ်ကြားသိနေရသလို ကျွန်တော်
တို့ကျန်ရစ်ခဲ့တဲ့ မေမေနဲ့မောင်နှမများမှလည်း နှစ်စဉ်တတ်စွမ်းသမျှ ၀ိုင်းဝန်းနေကြဆဲပါ။
                                   ကျွန်တော်တို့မိသားစုလေးစုံစုံညီညီ(၁၉၉၄)

ပခုက္ကူ စီးကရက်စက်ရုံမှာလည်း စက်ရုံဓမ္မာရုံလေး ပေါ်ထွန်းအောင်ကြိုးစားခဲ့တဲ့ဖေဖေ၊
ဝန်ထမ်းထဲက အရက်ဖြတ်ချင်သူများကိုလည်း ဆေးရုံတင်ပေးလို့ အိမ်ခြံထွက်နွားနို့ကို
ကိုယ်တိုင်ပို့ပေးခဲ့တဲ့ စက်ရုံမှူးဖေဖေ၊ ပင်စင်ရပြန်တော့လည်း နာရေးပရဟိတလုပ်ငန်း
တွေနဲ့ဘ၀နေညို ချိန်တွေကို မေမေနဲ့အတူဖြတ်သန်းခဲ့တဲ့ဖေဖေ၊
မိသားစုကိုတာဝန်ကျေခဲ့တဲ့ဖေဖေ၊ သားသမီး ၆ ယောက်စလုံးကို လောကအလည် တင့်တင့်တယ်တယ်
ရပ်နိုင်ဖို့ ရိုးသားခြင်းအမွေ၊ ပညာအမွေ ပေးခဲ့တဲ့ ဖေဖေဟာ မေမေနဲ့သားတို့၊ သမီးတို့ရင်ထဲမှာ ထာဝရရှင်သန်နေမှာဘဲဖြစ်ပါတယ် ဖေဖေ ခင်ဗျား။

(Fb Note. Oct, 2013)















လယ်ယာတွေ သိမ်းနေတဲ့ဒိန်းမတ်နိုင်ငံ

အစိုးရကလယ်ယာမြေတွေကိုသိမ်းပိုက်နေတာကိုဆိုလိုတာမဟုတ်ပါဘူး။
ဒိန်းမတ်နိုင်ငံမှာ အစိုးရရဲ့ပံ့ပိုးလမ်းညွှန်မှုနဲ့အထူးအောင်မြင်နေတဲ့သမ၀ါယမ စနစ်နဲ့လယ်ယာမြေတွေကသီးနှံတွေကို နေရာအချို့မှာစတင်ရိတ်သိမ်းနေကြတာ
ကိုပြောပါတယ်။
ဒီနေ့အလုပ်ကအပြန်မှာတွေ့ရလို့ဓါတ်ပုံလေးဆင်းရိုက်ခဲ့ပြီး ပေါ်လာတဲ့အတွေးတစ်စကိုမိတ်ဆွေများကိုမျှဝေပရစေ။

                                 စက်မှုလယ်ယာရဲ့ပုံရိပ် ကောက်ရိုးလိပ်များ(ဂျုံ ရိုးလိပ်)

ပုံမှာ ရိတ်သိမ်းပြီးစကောက်ရိုးပုံတွေကိုမြင်တွေ့ရမှာပါ၊
ဒီမှာတော့ကောက်ရိုးလိပ်လို့ခ်ါရမယ်ထင်တယ်၊
စက်မှုလယ်ယာစနစ်ရဲ့ ပုံရိပ်တစ်ခုပါ၊ကျွန်တော်တို့ဆီမှာတော့ ကောက်ရိုးပုံပေါ့။

ကျွန်တော်တို့နိုင်ငံမှာ နှစ်၅၀ ကျော်ဝန်းကျင်သက်တမ်းရှိပြီဖြစ်တဲ့
"လက်မှုလယ်ယာမှသည်စက်မှုလယ်ယာသို"့
ဆိုတဲ့ဆောင်ပုဒ်ဟာမှုန်ဝါးဝါးဖြစ်နေတုန်းနဲ့ HDI ( Human Development Index)
အရမ်းနိမ့်ကျနေတုန်းဆိုပေမယ့်ဒေါ်လာသန်း ၃၀ ကျော်သူဌေးတွေတော့
ရှိနေပြီလို့လည်းကြားရပါတယ်။

ဒိန်းမတ်မှာ သြဂုတ်လ ၃၁ ရက်ဆိုရင် သီးနှံရိတ်သိမ်းပွဲတော်ကျင်းပလေ့
ရှိပါတယ်။ ပြီးရင်လယ်ယာသမားမိသားစုတွေကမ္ဘာပတ်ပြီးအပန်းဖြေခရီး
ထွက်ကြပါတော့မယ်။
ကျွန်တော်အမှတ်မမှားဘူးဆိုရင်တော့ ဒိန်းမတ်နိုင်ငံရဲ့မြေ ၈၀ရာခိုင်နူန်းဟာ
စိုက်ပျိုးလို့ရကြောင်းသိရပါတယ်။
လယ်ယာလုပ်ငန်းတွေကို သမ၀ါယမစနစ်နဲ့အောင်မြင်အောင်ဆောင်ရွက်တဲ့
နေရာမှာကမ္ဘာကျော်ကြောင်းလဲသိရပါတယ်။
စနစ်ကောင်းတွေဟာ ကမ္ဘာပေါ်မှာအဆင်သင့်ပေါ်နေပြီး အောင်မြင်ခြင်း၊
မအောင်မြင်ခြင်းဟာ အဲဒီစနစ်ကိုအကောင်အထည်ဖေါ်တဲ့အဖွဲ့အစည်း(သို့)
အစိုးရအပေါ်မှာသာတာဝန်ရှိပါတယ်။

လူတစ်ဦးချင်းစီမှာလုပ်ပိုင်ခွင့်တွေပေးထားပြီး အဲဒီလုပ်ပိုင်ခွင့်တွေကို ပြည်သူလူထု
အတွက်အရင်မကြည့်ဘဲ ကိုယ်ကျိုးအတွက်အလွဲသုံးစားလုပ်ကြတဲ့အခါမှာတော့
ဘယ်လောက်ကောင်းတဲ့စနစ်ဖြစ်ဖြစ်အဲဒီနိုင်ငံရောက်ရင်အနှစ်သာရပါမြောင်းထဲ
ရောက်သွားလေ့ရှိပါတယ်။

ကျွန်တော်ပြောချင်နေတာကနိုင်ငံတစ်နိုင်ငံရဲ့အစိုးရမှဖြစ်လာပြီဆိုမှ ကိုယ့်နိုင်ငံသား
ပြည်သူတွေကို သူများနိုင်ငံကပြည်သူတွေလို ကောင်းတာတွေအရင်လုပ်ပေးနိုင်ဖို့
ဗိုလ်ချုပ်လိုစေတသိက်မျိုး အရင်မွေးကြဖို့အဓိကလိုအပ်နေပါတယ်။
ပဒေသာပင်ကတော့သူ့အလိုလိုပေါက်မလာနိုင်ပါဘူး။
လုပ်ခဲ့တဲ့အလုပ်တွေမှာ စေတနာထားပြီး ပြည်သူလူထုတွေအသက်ပါ
ဆုံးရှုံးနိုင်တဲ့ လုပ်ငန်းတွေမှာပြီးစလွယ်နဲ့ကိုယ်ချမ်းသာရင်ပြီးရော
လုပ်ရမယ့်ခေတ်တွေမဟုတ်တော့ပါဘူး။

တံတားတွေဆောက်မယ်၊ လမ်းတွေဖေါက်မယ်၊ ဓါတ်မီးတိုင်တွေထူတော့မယ်
ဆိုရင်လဲ သူများနိုင်ငံတွေမှာဘယ်လိုပြည်သူလူထုအသက်တွေလုံခြုံအောင်
ဆောက်ထားတယ်၊ ဖေါက်ထားတယ်၊ ထူထားတယ်ဆိုတာတွေ အသေအချာ
လေ့လာပြီးမှ အကောင်အထည်ဖေါ်ရမှာဘဲဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဟာလဲ ဗိုလ်ချုပ်လိုအသည်းမျိုးဘဲ
တောင်းတဲ့ပွဲဖြစ်ဖို့လူထုအထူးတောင့်တနေပါတယ်။
ရှင်းရှင်းဘဲပြောရရင် ကိုယ်ကျိုးရှေ့တန်းတင်မယ့်သူတွေဝေးဝေးကရှောင်ဖို့
လိုပါကြောင်းနဲ့ဒီလိုသူတွေကိုတောထုတ်ပစ်ဖို့ပြည်သူလူထုကလဲ
မောင်းတင်ထားဖို့လိုပါကြောင်းတိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါခင်ဗျား။

(Fb post. Sept, 2013)

Monday, 5 October 2015

Sweden နိုင်ငံ Helsingborg မြို့သို့ မိသားစု ဈေးဝယ်သွားခြင်း

ကျွန်တော်တို့အိမ်မှာမြန်မာမိတ်ဆွေများနဲ့မိတ်ဆုံအလှူ ပွဲလေးလုပ်မှာမို့ ဒိန်းမတ်ကနေ
တစ်နေ့ကဆွီဒင်နိုင်ငံရဲ့စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ ဟယ်ဆင်ဘိုး မြို့ကိုမိသားစုဈေးဝယ်
သွားခဲ့ကြပါတယ်။
                                     ကျွန်တော်တို့မိသားစုလေးHelsingborg မြို့မှာ

မိတ်ဆုံအလှူ ပွဲလေးမှာထမင်းရော မြန်မာမုန့်ဟင်းခါးပါကျွေးမွေးချင်တာကြောင့်
အဓိက မုန့်ဟင်းခါးဖတ်နဲ့ငါးခူသွားဝယ်ကြရတာပါ။
ဒိန်းမတ်ရဲ့မြို့တော် "ကိုပင်ဟေဂင်" ကိုသွားဝယ်ရင်လဲဖြစ်ပေမယ့် ပိုပြီးဈေးဝယ်လို့လဲကောင်း၊
တွက်ခြေလည်းကိုက်တာကြောင့်ဆွီဒင်ကိုဘဲနှစ်တိုင်းသွားဝယ်ဖြစ်ပါတယ်။

ကျွန်တော်တို့နေထိုင်ရာ "Dronningmølle" မြို့လေးကနေ ဆွီဒင်နဲ့ ဘော(လ်)တစ်ပင်လယ်၊
ရေလက်ကြားဘဲခြားတဲ့ ဒိန်းမတ်ရဲ့ "Helsingør" မြို့ကို မိနစ် ၂၀ ဘဲသွားကြရပါတယ်။
အဲဒီမြို့လေးရဲ့ ဆိပ်ကမ်းမှာကားတင်ကူးတို့သင်္ဘောကြီး (Ferry) ၃စင်းက
မိနစ် ၂၀ တိုင်းမှာ ဟိုဘက်ကမ်းဆွီဒင်ကိုခေါက်တုံ့ခေါက်ပြန် တနေကုန်ပြေးဆွဲပေးနေ
တာကြောင့်အဆင်ပြေပြေသွားကြရပါတယ်။

သင်္ဘောကြီးတွေဟာအောက်က၀မ်းဗိုက်ထဲမှာကားကြီး၊ ကားငယ်တွေတင်ပြီး အပေါ်က
အထပ်တွေမှာခရီးသည်တွေချောင်ချောင်ချိချိ စီးနိုင်ကြပါတယ်။
သင်္ဘောပေါ်ကိုကားတင်တဲ့အခါမှာလည်းသာမန်လမ်းပေါ်မှာမောင်းသလိုမောင်းတက်
နိုင်တဲ့အပြင် ခရီးသည်တွေအဆင်းအတက်လုပ်ရင်လည်း လူသွားစင်္ကြံ တွေမှတဆင့်
သက်တောင့်သက်သာဆင်းတက်နိုင်ကြပါတယ်။
၅ မိနစ်ဝန်းကျင်မှာကားအတင်အချ၊ လူအဆင်းအတက်အားလုံးပြီးသွားပါပြီ။
ကမ်းကူးချိန် ၁၅ မိနစ်ဝန်းကျင်ဘဲကြာပါတယ်။ သင်္ဘောကြီးပေါ်မှာစားသောက်ဆိုင်တွေ
ပါရှိပါတယ်။ ဒီတခေါက်ကျွန်တော်တို့စီးတဲ့ "Tycho" ဆိုတဲ့သင်္ဘောကြီးပေါ်မှာ
အလှကုန်ရောင်းတဲ့ Duty free ဆိုင်ပါ ပါလာတာကြောင့် ကျွန်တော်တွက်ခြေမကိုက်
ဖြစ်ရပြီးသူရို့သားအမိကတော့ရေမွှေးတွေရလာကြပါတော့တယ်။
နောက်အခေါက်တွေတော့ရေမွှေးဘိုးမကုန်အောင်ကိုယ်ဘဲအပင်ပန်းခံပြီး ကိုပင်ဟေဂင် ကိုဈေးသွားဝယ်ပေးရတာမှခပ်ကောင်းကောင်းဖြစ်မှာပါ။

ဟိုဘက်ကမ်းရောက်တဲ့အခါမတော့ မြို့ထဲမှာဓါတ်ပုံတွေရိုက်ကြပြီး ဈေးဝယ်မယ့်
ဗီယက်နမ်ဆိုင်ရှိရာကိုချီတက်ကြပါတော့တယ်။
အဲဒီမှာပစ္စည်းတွေက ဒိန်းမတ်ထက်ဈေးလဲချို တဲ့အပြင် ဒိန်းမတ်ငွေကို ဆွီဒင်ငွေနဲ့တွက်ယူ
တဲ့အတွက်ပိုလို့သက်သာပြန်ပါတော့တယ်။ ဒိန်းမတ်ငွေဈေးကပိုမြင့်တာကြောင့်ပါ။
ပွဲသွားကြော့ကြော့ ဖြစ်ခဲ့ပေမယ့်အပြန်မှာတော့ မိတ်ဆွေတွေကိုကျွေးရမှာမို့ ကြည်နူးစိတ်နဲ့အတူအထုတ်ကိုယ်စီထမ်းလို့ပြန်ခဲ့ကြပါတော့တယ်။

(Fb post. May,2015)

"သူဌေးများလေပြည်သူကောင်းလေ" ဆိုတဲ့ဒိန်းမတ်ကအခွန်စနစ်

"ဒကာမကြီးကဗိုလ်မကိုအိမ်အကူဌားထားတာကိုး" ဒိန်းမတ်နိုင်ငံကိုဘုန်းဘုန်း ရဝေနွယ်(အင်းမ)ဓမ္မဒူတ
ခရီးကြွရောက်စဉ်ကမိန့်ခဲ့တာပါ။
ဒိန်းမတ်နိုင်ငံ မြို့လေးတစ်မြို့မှာနေထိုင်ပြီး မကျန်းမမာဖြစ်နေတဲ့မြန်မာအမျိုးသမီးကြီးတစ်ဦးက
ပင့်ဖိတ်လို့ဘုန်းဘုန်းကြွရောက်ခဲ့ပါတယ်။ အိမ်ထဲကိုရောက်တဲ့အခါမှာသန့်ရှင်းရေးဆောင်ရွက်ပေးနေတဲ့
ဒိန်းမတ်အမျိုးသမီးငယ်ကိုတွေ့ရလို့ဘုန်းဘုန်းကတင်စားကာမိန့်လိုက်တာဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာသူ့နိုင်ငံသားများနဲ့တရားဝင်မှီတင်းနေထိုင်လျက်ရှိကြတဲ့သူများအားလုံးကိုတပြေးညီ
စောင့်ရှောက်ဝန်ဆောင်မှုတွေပေးပါတယ်။ မည်သည့်အစိုးရဘဲတက်တက်ပြည်သူ့အပေါ်ဝန်ဆောင်မှု
ကိုကောင်းသည်ထက်ကောင်းအောင်ပေးနိုင်ဖို့ကြိုးစားကြတာတွေ့ရမှာဖြစ်ပါတယ်။

အိမ်တိုင်ရာရောက်ဝန်ဆောင်မှု

ပြည်သူတစ်ဦးနေထိုင်မကောင်းလို့ ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါမှာမြို့နယ်ရဲ့လမ်းညွှန်မှုနဲ့
သက်ဆိုင်ရာဝန်ထမ်းတွေကအိမ်တိုင်ရာရောက်ဝန်ဆောင်မှုတွေပေးပါတယ်။
အ၀တ်လျော်၊ ချက်ပြုတ်၊ သန့်ရှင်းရေးဝန်ထမ်းလာသလို ကျန်းမာရေးဝန်ထမ်းကလဲသူ့အချိန်နဲ့သူ
စောင့်ရှောက်မှုလာရောက်ပေးတာကိုတွေ့ရပါတယ်။
ဆေးရုံတင်ကုသမှုခံယူဖို့လဲမလိုအပ်သေး၊ ဘိုးဘွားဂေဟာမှာလဲနေထိုင်သူမဟုတ်သေးတဲ့ နာမကျန်း
ဖြစ်နေတဲ့ပြည်သူတွေကို ဥပဒေအရ နိုင်ငံတော်အစိုးရကနေ လူမမာရဲ့အိမ်ကိုသွားရောက်လို့ကျန်းမာရေး
အခမဲ့စောင့်ရှောက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်။
သင်တန်းဆင်းပြီးသားကျန်းမာရေးစောင့်ရှောက်သူဝန်ထမ်းတွေနဲ့ကုမ္ပဏီတည်ထောင်ထားပြီး မြို့နယ်
အုပ်ချုပ်ရေးရုံးရဲ့လမ်းညွှန်မှုနဲ့ဝန်ထမ်းတွေကကားနဲ့တမျိုး စက်ဘီးနဲ့တသွယ်လူမမာရှိရာပြည်သူ့အိမ်တွေ
ကိုသွားရောက်စောင့်ရှောက်မှုပေးရပါတယ်။ ပြည်သူကဘာမှပေးစရာမလိုဘဲ မြို့နယ်ကကုမ္ပဏီကို
ကုန်ကျ စားရိတ်အားလုံးပေးချေ ပါတယ်။
ကျွန်တော်နေတဲ့မြို့လေးမှာ ပြည်တည်နာတွေပေါက်နေတဲ့ အဘိုးကြီးတစ်ယောက်ရှိပါတယ်။ ကိုယ်တိုင်
ဘာမှမလုပ်နိုင်တော့ဘဲအိပ်ရာပေါ်မှာဘဲလှဲနေရသူဖြစ်တာကြောင့် သူ့ကိုဟိုဘက်ဒီဘက်စောင်းပေးဖို့
ကျန်းမာရေးဝန်ထမ်းက ၄နာရီခြားနေ့ရောညပါလာရောက်တာတွေ့ရပါတယ်။

သက်ကြီးရွယ်အို အများစုဟာ ကျန်းမာရေးအရ သူတို့ ဘာသာရပ်တည်နိုင်ကြသည်အထိ ကိုယ်ပိုင်အိမ်ရာ
များမှာဘဲ နေထိုင်လေ့ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံလိုသားသမီးတွေနဲ့အတူနေထိုင်ကြတဲ့ဓလေ့မရှိ
ပါဘူး။ သားသမီးတွေကလဲ ၁၈နှစ်ဆိုရင်မိဘအိမ်ကဆင်းသွားကြပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကြပါပြီ။
ဒါကြောင့်ဒီနိုင်ငံမှာပင်စင်စားနဲ့အထက်သက်ကြီးရွယ်အိုများဟာ တစ်အိမ်လုံးမှာနှစ်ယောက်ဘဲရှိကြပါတယ်။
တစ်ဦးဆုံးပါးသွားပြန်ရင်တော့ တစ်အိမ်လုံးမှာအဘိုးကြီး၊ အဘွားကြီးတစ်ဦးတည်းနေထိုင်ကြရတာဟာ
အစဉ်အလာတစ်ခုဖြစ်နေပါပြီ။
အတူနေထိုင်တဲ့သူရှိသည်ဖြစ်စေ လူတစ်ဦးချင်းစီရဲ့အခွင့်အရေးအရ သက်ဆိုင်ရာကနေ၀န်ဆောင်မှုကို
ချ ထားပေးမှာဘဲဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့ အမျှ အိမ်မှုကိစ္စတွေကို ကိုယ်စားဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့ အစည်းကို လျှောက်ထားနိုင်ပါတယ်၊ သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုပြီး
လိုအပ်တဲ့ ၀န်ဆောင်မှုများကို ချထားပေးပါတယ်။
မိမိမှ မလျှောက်ထားသော်ငြားလည်း နိုင်ငံတွင်းတရားဝင်မှီတင်းနေထိုင်သူများဟာ အသက် ၇၅ နှစ်
ပြည့်တဲ့ အချိန်မှာတော့ နိုင်ငံတော်ကနေချမှတ်ထားတဲ့ ဥပဒေအရ သက်ဆိုင်ရာဌာနကနေလာရောက်
တွေ့ ဆုံပြီးတော့ လိုအပ်တဲ့ဝန်ဆောင်မှုတွေ ချမှတ်ပေးမှာဖြစ်ပါတယ်။
မြန်မာပြည်က ပင်စင်စားတွေဖြစ်ကြတဲ့ ကျွန်တော်ရဲ့အဖေနဲ့ အမေကို ဒီအကြောင်းတွေ ပြောပြမိတော့
အံ့သြပြီး သာဓုခေါ်ကြပါတယ်။
                        ပြည်သူဖွားဖွားတစ်ဦးအိမ်မှာဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းမိန်းခလေး

ကျန်းမာရေးအထောက်အကူပစ္စည်းများဝန်ဆောင်ခြင်း

ဒိန်းမတ်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို၊ ပင်စင်စားတွေနဲ့မသန်မစွမ်းသူများအားလုံးရဲ့ လိုအပ်တဲ့
ကျန်းမာရေးအထောက်အကူပြု ပစ္စည်း၊ ကရိယာတွေ ကိုနိုင်ငံတော်အစိုးရအစီအစဉ်နဲ့
အိမ်တိုင်ရာရောက်အခမဲ့ဌားရမ်းတတ်ဆင်ပေးပါတယ်။

လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်း တွေဖြစ်တဲ့၊ ဥပမာ၊ ကိုယ်တိုင်မောင်းနိုင်တဲ့
ဘီးတပ်ထိုင်ခုံ၊ လမ်းလျှောက်အထောက်အကူတွန်းလှည်း စတာတွေကိုလည်း နိုင်ငံတော်က ပံ့ပိုးပေး
ပါတယ်၊ ဆုံးပါးချိန်မှာတော့ပြန်အပ်ရမှာဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ပြောရရင်သက်ကြီးရွယ်အိုများ
ရဲ့အိမ်မှာရှိတဲ့အိမ်သာထိုင်ခုံများကို အသုံးပြုရလွယ်ကူအောင်အမြင့်ဘောင်ခွေလိုက်လံတတ်ဆင်ပေး
ကြတာကိုလဲတွေ့ရမှာဖြစ်ပါတယ်။
ဝယ်ယူသုံးစွဲကြသူများရှိသလို မြို့နယ်ကအခမဲ့ဌားပေးတဲ့ပစ္စည်းတွေဟာလဲအကောင်းတွေဖြစ်ပါတယ်။
ပစ္စည်းပျက်လို့အကြောင်းကြားရင်လဲ အခမဲ့ပြု ပြင်ပေးပြီး၊ ပြင်လို့မရပါကအသစ်လဲပေးပါတယ်။
ပြန်အပ်တဲ့အခါပျက်စီးနေရင်လဲလျော်ကြေးပေးစရာမလိုပါဘူး။ ဒီဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို
"ချိုင်းထောက်တောင်အိမ်တိုင်ရာရောက်ပို့ပေးတဲ့အစိုးရ" ဆိုပြီး The Voice မှာကျွန်တော်ရေးခဲ့ဘူးပါတယ်။

ပည်သူ့ဆေးရုံ၊ဆေးခန်းများ

ကျွန်တော်တို့နိုင်ငံအပါအ၀င် ယိုးဒယား၊ မလေးရှားစတဲ့နိုင်ငံတွေမှာလိုပိုက်ဆံပေးပြီးသွားပြလို့ရတဲ့
အထွေထွေရောဂါကုဆေးခန်းတွေဒိန်းမတ်နိုင်ငံမှာမရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ဒိန်းမတ်ကိုရောက်ခါစမှာ
နဲနဲမှနေထိုင်မကောင်းရင်ဆေးခန်းသွားပြချင်တတ်တဲ့ကျွန်တော့်အဖို့တော်တော်ဂွကျခဲ့ရပါတယ်။
ဒိန်းမတ်နိုင်ငံမှာမှီတင်းနေထိုင်ကြသူအားလုံးကို ကျန်းမာရေးကိစ္စတွေဆောင်ရွက်နိုင်ဖို့ မိသားစုဆရာဝန်
တစ်ဦးဆီသတ်မှတ်ပေးထားပါတယ်။ ဖုန်းဆက်ပြီးတွေ့ဖို့အချိန်ကိုအရင်ယူရမှာဘဲဖြစ်ပါတယ်။
ရောဂါအခြအနေပေါ်မူတည်လို့ ဆရာဝန်ကရက်ချိန်းသတ်မှတ်ပေးပါတယ်။
မိမိရဲ့ရောဂါကိုမိသားစုဆရာဝန်ကအရင်စစ်ဆေးပြီး သူကုသမှုမလုပ်နိုင်တဲ့ရောဂါဆိုရင် သက်ဆိုင်ရာ
ဆရာဝန်(သို့)ဆေးရုံကိုဆက်သွယ်ပြီးလမ်းညွှန်မှုပေးမှာဘဲဖြစ်ပါတယ်။
အထွေထွေကုသမှုမှသည်အကြီးစားခွဲစိတ်ကုသမှုအထိအခမဲ့ဝန်ဆောင်မှုပေးပါတယ်။
ဆေးရုံတက်ရပြီဆိုလဲတကယ့်ကိုစားရိတ်ငြိမ်းဘဲဖြစ်ပါတယ်။ လူနာကိုမနက်စာ၊နေ့လည်စာ၊ညစာကျွေး
တဲ့အပြင်လူနာစောင့်ပါကြိုက်တတ်ရင်ဆွဲလို့ရပါသေးတယ်။
အလကားဆေးခန်းပြရလို့ ဆေးရုံတက်ရလို့မျက်နှာမငယ်ရပါဘူး၊ အထူးဖေါ်ရွေ၊ယဉ်ကျေးစွာဂရုစိုက်တဲ့
ဝန်ဆောင်မှုကိုမိတ်ဆွေရရှိမှာဖြစ်ပါတယ်။ ပြည်သူ့မျက်နှာအင်မတန်ကြီးတဲ့နိုင်ငံပါ။
အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက်တော့ ၂၄နာရီဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ရှိပြီးအရေးကြီးလျင်
ကြီးသလိုဆရာဝန်လာရောက်ခြင်း၊ ဆေးရုံကားလွှတ်ပေးခြင်းများဆောင်ရွက်ပါတယ်။

သွားကုသမှုကိုတော့မွေးဖွားစဉ်မှသည် ၁၈နှစ်ပြည့်သည်အထိအခမဲ့ဆောင်ရွက်ပေးပါတယ်။
ကျွန်တော့်သမီးဒီကို ၁၁နှစ်မှာရောက်တော့ ကျောင်းကိုဘဲသွားဆရာဝန်တွေသတ်မှတ်ချိန်အတိုင်းလာလို့
သွားစစ်ဆေးကုသမှုတွေကိုကျောင်းသားတိုင်းသူ့နေ့နဲ့သူခံယူကြရပါတယ်။ သွားရောဂါတွေကုသပေး၊
ပညာပေးတဲ့အပြင်သွားခေါနေတဲ့ခလေးတွေကိုလဲသူတို့သဘောတူညီချက်နဲ့သွားဆွဲပေးထားတာတွေ့ရပါတယ်။
ဒါကြောင့်ဒီနိုင်ငံမှာသွားခေါတဲ့လူငယ်မရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
သွားကုသမှုကတော့အခမဲ့မဟုတ်ဘဲဈေးကြီးပေမဲ့ ပြည်သူထဲကသွားကုသမှုလိုလာတဲ့သူဟာသူ့ရဲ့ဝင်ငွေနဲ့
ပေးဖို့မတတ်နိုင်ပါကမြို့နယ်အာဏာပိုင်မှထောက်ပံ့မှုပေးတာကိုလဲတွေ့ရပါတယ်။
                                 ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ပြည်သူတစ်ဦး

အခမဲ့စာကြည့်တိုက်၊ပြတိုက်များနှင့်စာသင်ကျောင်းများ

ဒိန်းမတ်နိုင်ငံရဲ့မြို့ကြီးများမှာသာမကမြို့ငယ်လေးတိုင်းမှာပါအခမဲ့ဝန်ဆောင်မှုပေးတဲ့
ပြည်သူ့စာကြည့်တိုက်
တွေကိုဖွင့်လှစ်ပေးထားပါတယ်။ စာကြည့်တိုက်တိုင်းမှာစာအုပ်တွေသာမကရုပ်ရှင်တွေ၊ သီချင်းခွေတွေကို
ပါဖတ်ရှု့နားထောင်နိုင်သလိုအိမ်ကိုပါအခမဲ့ဌားရမ်းနိုင်ပါတယ်။ စာကြည့်တိုက်တွေအကြောင်းကိုလဲ "စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားတဲ့ဒိန်းမတ်" ခေါင်းစဉ်နဲ့The Voice ဂျာနယ်မှာရေးခဲ့ဘူးပါတယ်။
အမျိုးသားပြတိုက်ကိုလဲပြည်သူတွေအခမဲ့ဝင်နိုင်သလိုအလုပ်ပိတ်ရက်တွေမှာပါဖွင့်လှစ်ပေးထားပါတယ်။

ဒိန်းမတ်ရဲ့ပညာရေးစနစ်အရအထက်တန်းပညာကိုမသင်မနေရပြဌာန်းထားသလို
ပြည်သူ့ကျောင်းများကိုလဲ
လုံလောက်စွာဖွင့်ပေးထားပါတယ်။ အထက်တန်းပြီးရင် တက္ကသိုလ်ဝင်တန်းမှာ ၃နှစ်ထပ်တက်ပြီးမှမိမိ
ဝါသနာပါနှစ်သက်ရာ တက္ကသိုလ်ကိုလျောက်ထားရမှာဘဲဖြစ်ပါတယ်။
မူလတန်းမှသည်တက္ကသိုလ်အထိအခမဲ့တက်ရောက်နိုင်ကြပါတယ်။ ပိုက်ဆံပေးရတဲ့ပရိုက်ဗိတ်ကျောင်း
တစ်ချို့ရှိသော်လဲပြည်သူအများစုရဲ့ခလေးများကပြည်သူ့ကျောင်းမှာဘဲတက်ရောက်ကြပါတယ်။
လက်ရှိဒိန်းမတ်ဘုရင်မရဲ့မြေးဖြစ်ပြီး မြန်မာပြည်ကိုအလည်လာသွားတဲ့မင်းသမီးမေရီရဲ့သားငယ်လဲ
ပြည်သူ့ကျောင်းမှာဘဲတက်ရောက်ပါတယ်။

ပြည်သူလူထုအပေါ်နိုင်ငံတော်ရဲ့စောင့်ရှောက်မှုတွေရေးပြနေရရင်တော့အများကြီးကျန်နေအုံးမှာပါ။
ကျွန်တော်တို့အတွက်တော့ပြည်သူ့အပေါ်ဒီလောက်ကောင်းနေတာအံ့အားသင့်စရာဖြစ်နေပေမယ့်
ဒီနိုင်ငံတွေမှာတော့အစိုးရကပြည်သူလူထုစားဝတ်နေရေးနဲ့ခရီးသွားလာရေးတွေတတ်နိုင်သမျှအဆင်ပြေ
သည်ထက်ပြေအောင်ဆောင်ရွက်ပေးနေတာတွေဟာပုံမှန်ဘဲဖြစ်တဲ့အပြင်အစိုးရဆိုတဲ့သူတို့ရဲ့
အဓိကတာဝန်တွေကိုထမ်းဆောင်နေခြင်းမျှသာဖြစ်ပါတယ်။

ဒီနိုင်ငံကပြည်သူတွေကိုမေးကြည့်တော့လဲ သူတို့တွေကအစိုးရကိုထူးပြီးကျေးဇူးတင်မနေကြပါဘူး။
သူတို့ပြောတာက "အစိုးရကသူတို့အလုပ်သူတို့လုပ်တာဘဲ၊ သူတို့ဒါတွေမှမလုပ်ရင် ငါတို့
ပြည်သူတွေကနောက်တစ်ခါသူတို့ကိုမရွေးရုံဘဲပေါ့ " ဟုပြောသူတွေရှိသလို တစ်ချို့ကတော့
" အစိုးရကိုဒါတွေလုပ်ဖို့ ငါတို့ပြည်သူတွေအခွန်ဆောင်ထားတာ၊ သူတို့ဒါတွေလုပ်နေတာလဲငါတို့ဆောင်
ထားတဲ့အခွန်ငွေတွေနဲ့ဘဲလေ" လို့ဖြေကြပါတယ်။
ဒီလောက်ထိပြည်သူကိုအလုပ်အကျွေးပြု နေတဲ့ဒိန်းမတ်ရဲ့အခွန်စနစ်ကိုလေ့လာကြည့်တဲ့အခါ

သူဌေးများလေပြည်သူကောင်းလေဆိုတဲ့အခွန်စနစ်

"နိုင်ငံတော်မှာငွေရှိပါတယ်။ အလုပ်လုပ်တဲ့သူတိုင်းကအခွန်ပေးဆောင်ကြလို့ပါဘဲ"
လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်ကျွန်တော်တို့ဒိန်းမတ်ရောက်ကာစ ဒိန်းမတ်ဘာသာစကားသင်ကြရတုန်းက
အသံထွက်လေ့ကျင့်ခဲ့ရတဲ့ဒိန်းမတ်စာကြောင်းလေးကိုဘာသာပြန်ပေးလိုက်တာပါ။
အလုပ်လုပ်တဲ့သူတိုင်းဆိုရာမှာ လူတစ်ဦးတိုင်းကိုဆိုလိုတာတင်မကဘဲ ကုမ္ပဏီတွေ၊
လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကိုဆိုလိုတာဖြစ်ပါတယ်။

သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံမဟုတ်တာကြောင့် ပြည်သူလူထုအတွက်ဆောင်ရွက်ပေးနေတဲ့ဝန်ဆောင်မှု
တွေအားလုံးကိုအခွန်ငွေများမှဘဲဆောင်ရွက်မှုပေးကြောင်းအစိုးရကအတိအလင်းပြောပါတယ်။
နှစ်စဉ်အခွန်စာရင်းချု ပ်ပြီးတဲ့အခါတိုင်း အဲဒီအခွန်ငွေတွေကို နိုင်ငံတ၀ှမ်းမှာရှိတဲ့မြို့နယ်အလိုက်သုံးစွဲဖို့
အစိုးရကချထားပေးပါတယ်။ မြို့နယ်ရဲ့အကြီးအသေး၊ ၀င်ငွေလိုက်လို့ သင့်တော်တဲ့ပမာဏကိုသုံးစွဲနိုင်ရန်
ခွဲဝေပေးခြင်းဘဲဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံနဲ့မတူတာကဒိန်းမတ်နိုင်ငံမှာ အသက် ၆၅နှစ်ပြည့်ပြီးသူတိုင်း၊ အလုပ် လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်နိုင်ခဲ့သည်ဖြစ်စေ နိုင်ငံတော်ကနေ လုံလောက်မှုရှိတဲ့သက်ပြည့်ပင်စင်ထောက်ပံ့ပါတယ်။ ကျန်းမာရေးအရစောစီးစွာပင်စင်ထောက်ပံ့ကြေးရရှိသူများလည်းရှိပါတယ်။
ကျန်းမာရေးကောင်းတဲ့သူတိုင်းလည်း အလုပ်လုပ်ကြရပြီး လစဉ်ပင်စင်ကြေးကိုထည့်ဝင်ကြရပါတယ်။

မည်သည့်လုပ်ငန်းလုပ်ကိုင်သည့်မည်သူမဆို နိုင်ငံတော်ကိုဝင်ငွေခွန် ၃၈ ရာခိုင်နှုန်းနဲ့
သိပ်မများတဲ့ပင်စင်ကြေးကိုလစဉ်လစာငွေထဲမှဖြတ်ယူထားပါတယ်။
အခွန်ပေးရတာများတဲ့နိုင်ငံတွေထဲမှာဒိန်းမတ်ကထိပ်ဆုံးပိုင်းမှာရှိပါတယ်။ လစာအားလုံးဟာအခွန်ဖြတ်ပြီးမှရရှိကြတာဖြစ်လို့အစိုးရကလူတစ်ဦးရဲ့အနည်းဆုံးလစာကိုသတ်မှတ်ပေး ထားပါတယ်။ အခွန်ဖြတ်ပြီးတဲ့အခါမှာလုံလောက်စွာသုံးစွဲနိုင်တဲ့ပမာဏဘဲဖြစ်ပါတယ်။

ထူးခြားတာက ၀င်ငွေများလာတာနဲ့ အခွန်ရာခိုင်နှုန်းပါ များပြီးပြောင်းပေးရပါတယ်၊ ဥပမာ..ဒိန်းမတ်မှာအလုပ်လုပ်ချိန် တစ်ပတ်ကို ၃၇နာရီသတ်မှတ်ပေးထားပြီး ၀င်ငွေခွန် ၃၈% ပေးဆောင်ရပါတယ်၊ ၃၇ နာရီထက်ပိုလုပ်လို့ ရတဲ့ဝင်ငွေခွန်ကတော့ ၃၈% ထက်ပိုများသွားပါပြီ။  

ကျွန်တော့်ဇနီးကဘိုးဘွားဂေဟာမှာကျန်းမာရေးဝန်ထမ်းဖြစ်ပြီး မိမိဆန္ဒအလျောက်တပါတ်ကို ၃၇နာရီထက် ပိုလုပ်နိုင်တာကြောင့် ၀င်ငွေများတာနဲ့အညီ အခွန်ကိုလဲသာမန်ထက်ပိုများပြီးပေးဆောင်ရပါတယ်။           "သူတို့ကကိုယ်ပေးတဲ့ဝင်ငွေခွန်တွေကို ဆေးရုံတွေ၊ ကျောင်းတွေနဲ့လူမှုရေးကူညီမှုတွေမှာအမှန်တကယ်    သုံးစွဲကြတာမို့ လှူ တယ်လို့ဘဲသဘောထားပါတယ်" လို့ကျွန်တော့်ဇနီးကပြောပါတယ်။                         
ဒိန်းမတ်မှာလူတိုင်းအခွန်ဆောင်ကြရတယ်လို့ပြောလို့ရပါတယ်။ ပင်စင်ထောက်ပံ့ကြေးများ၊
ကလေးထောက်ပံ့ကြေးများ၊ ကျောင်းသားထောက်ပံ့ကြေးများ၊ အလုပ်လက်မဲ့ထောက်ပံ့ကြေး
များ၊ မသန်မစွမ်းထောက်ပံ့ကြေးများ နဲ့  နေ့စဉ်ဝယ်ယူသုံးစွဲနေတဲ့ပစ္စည်းတိုင်းဟာလည်း
အခွန်စည်းကြပ်ထားပြီးဖြစ်ပါတယ်။

အထူးစနစ်ကျ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းတဲ့ နိုင်ငံတော်အခွန်ဌာနနဲ့အပေါ်ထပ်အဆောက်အအုံရှိတာကြောင့်
နိုင်ငံတော်ကရတဲ့အကျိုးအမြတ်နဲ့ ပြည်သူ့ဘဏ္ဍာခွန်တွေဟာပြည်သူတွေဆီကိုဘဲစီးဆင်းပါတယ်။
လုပ်ငန်းရှင်သူဌေးကြီးများကလည်းဝင်ငွေခွန်ကိုတိကျစွာဆောင်ကြတာကြောင့် သူတို့တစ်တွေ
စီးပွားရေးအောင်မြင်ကြီးပွားတာနဲ့အမျှ နိုင်ငံတော်နဲ့ပြည်သူမှာအကျိုးများရပါတယ်။

၂၀၁၂ခုနှစ်ကကွယ်လွန်သွားတဲ့ဒိန်းမတ်နိုင်ငံမှာအချမ်းသာဆုံးနဲ့ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး
Maersk (Mærsk Mc-Kinney Møller) ဟာဆိုရင်နိုင်ငံတော်ကိုဝင်ငွေခွန်တွေနှစ်စဉ်အမြောက်အများပေးဆောင်ခဲ့ပါတယ်။ သူဟာကမ္ဘာအနှံပြေးဆွဲ
နေတဲ့ကွန်တိန်နာ သင်္ဘောကြီးတွေနဲ့စီးပွါးရေးလုပ်ငန်းတွေပိုင်ဆိုင်ပါတယ်။ နိုင်ငံတော်ကို
မှန်ကန်တဲ့ဝင်ငွေခွန်တွေပေးသွင်းသလို သူပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုလဲအချိန်မရွေးစစ်ဆေးနိုင်
ကြောင်းအဆိုပြု ထားပါတယ်။ ရိုးသားတဲ့သူဌေးကြီးဟာပြည်သူတွေအတွက်လဲအဆောက်အအုံတွေဆောက်လုပ်
လှူ ဒါန်းခဲ့ပါတယ်။ ဒါကြောင့်ဘုရင်မရဲ့သူကောင်းပြု ခြင်းခံရတဲ့အပြင် ပြည်သူတွေကလဲသူဌေးကြီးရဲ့
ပိုင်ဆိုင်မှုတွေအပေါ်မှာမုဒိတာအပြည့်ရှိကြတာတွေ့ရပါတယ်။ သူဌေးကြီးဟာဗုဒ္ဓဘာသာဝင်မဟုတ်သော်
ငြား ကုသိုလ်တွေအများကြီးရသွားခဲ့မှာပါဘဲ။
                           သူဌေးကြီးဆောက်လုပ်လှူ ဒါန်းခဲ့တဲ့ပြည်သူ့အော်ပရာဇာတ်ရုံကြီး

ဒီနိုင်ငံကလူတွေဟာလဲမတော်လောဘမများကြတာတွေ့ရပါတယ်။
ပြည်သူတွေဟာနှစ်ပေါင်းများစွာအလုပ်
လုပ်ခဲ့ကြပြီးအသက်ကြီးလာတဲ့အခါမှာအိမ်တစ်လုံးရှိရင်ပြည့်စုံကြပါပြီ။ အသက် ၄၀၊ ၅၀ ၀န်းကျင်မှာတော့
အမြဲနေဖို့အိမ်တစ်လုံးအပြင် တတ်နိုင်ကြရင်ဈေးသိပ်မကြီးတဲ့နွေရာသီနားရက်နေဖို့အပူပေးစနစ်တတ်ဆင်
မထားတဲ့ summer house တစ်လုံးထပ်ဝယ်ကြမယ်။ ဒီ့ထက်မပိုကြပါဘူး။
စနစ်ကျတဲ့အခွန်ကလဲလိုက်လာမယ်လေ။ ပိုင်ဆိုင်မှုတွေပိုများလာလေအခွန်ပေးဆောင်ကြရမှာလဲအများကြီး
မို့လို့ အိမ်တွေတစ်လုံးပြီးတစ်လုံး၊ တိုက်ခန်းတွေတစ်လုံးပြီး၊ မြေကွက်တွေတစ်ကွက်ပြီးတစ်ကွက် အတော
မသတ်နိုင်အောင်ဝယ်မနေအားပါဘူး။ ပိုက်ဆံလဲမရှိကြပါဘူး။ ဒီနိုင်ငံကသူတွေမှာလုံလောက်တဲ့လစာကလွဲရင် အပိုဝင်ငွေမရှိကြပါဘူး။
နေစရာနဲ့အလုပ်သွားစရာရှိပြီးကြရင်လစဉ်စုထားတဲ့ငွေလေးတွေနဲ့တစ်နှစ်ကိုတစ်ကြိမ်၊ နှစ်ကြိမ်ပြည်ပ
ခရီးထွက်ကြပါမယ်။ ပြီးရင်ပိုက်ဆံမရှိကြပြန်ပါဘူး။ နောက်တစ်နှစ်ပြည်ပခရီးထွက်ဖို့အတွက်
အလုပ်ပြန်လုပ်ငွေစုကြရအုံးမှာဘဲဖြစ်ပါတယ်။

မော်တော်ကားအခွန်ဆိုရင်လဲဇိမ်ခံကား၊ တန်ဘိုးကြီးတဲ့ကားဖြစ်လေ နှစ်စဉ်အခွန်ဆောင်ရတဲ့ကားခွန်က
ပိုဈေးကြီးထားပါတယ်။ ၁.၀ အင်ဂျင်အားဘဲရှိတဲ့အလုပ်သွားရုံအိမ်စီးကားမျိုး ကတော့အခွန်သိပ်မများပါဘူး။
အလုပ်လုပ်ဖို့အတွက် ဆလွန်းကားကိုဘဲနောက်ထိုင်ခုံတွေဖြုတ်ထားပြီး လုပ်ငန်းသုံးဆိုရင်အခွန်သက်သာ
ပါလိမ့်မယ်။

ပြီးတော့ဒီနိုင်ငံမှာကျွန်တော်တို့နိုင်ငံနဲ့မတူတာကအစိုးရ၀န်ထမ်းဆိုပြီးသီးသန့်မရှိတာပါဘဲ။ အလုပ်လုပ်သူအားလုံးဟာဝန်ထမ်းတွေဖြစ်ကြပြီးတပြေးညီတဲ့အလုပ်သမားဥပဒေတစ်ခုအောက်
မှာဘဲရှိကြပါတယ်။
ဘယ်သူမှလစာကလွဲလို့အပိုဝင်ငွေမရှိကြပါဘူး။
ဒါကြောင့်လူတန်းစားညီမျှ မှုရှိပါတယ်။ ဆင်းရဲချမ်းသာကွာဟချက်မကြီးမားတာတွေ့ရပါတယ်။

ပြည်သူအားလုံးဆောင်ကြတဲ့အခွန်ငွေတွေအားလုံးဟာလဲ နိုင်ငံအကျိုးပြု ၊ ပြည်သူ့အကျိုးပြု လုပ်ငန်း
တွေမှာဘဲသုံးစွဲပေးတာကြောင့်သူဌေးကြီးတွေများလေ နိုင်ငံနဲ့ပြည်သူအတွက်အကျိုးရှိလေလို့ပြော
လို့ရပါတယ်။

အခွန်နှစ်ချုပ်ခြင်း

ဒိန်းမတ်နိုင်ငံမှာနှစ်စဉ် မတ်လမှာအခွန်နှစ်ချုပ်ပါတယ်။ ပြည်သူအားလုံးလဲအခွန်နှစ်ချုပ်ကိုစောင့်မျှော်လေ့
ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့မိမိပေးထားခဲ့တဲ့ဝင်ငွေခွန်တွေပေါ်မှာအခွန်ဌာနကတွက်ချက်ပြီး
ဆောင်ရမှာထက်ပိုနေတဲ့ငွေတစ်ချို့ကိုတစ်ဦးချင်းစီပြန်ပေးတာကြောင့်ပါဘဲ။ ငွေအနဲအများကွာခြားတာက
လွဲပြီးလူတိုင်းလိုလိုပြန်ရလေ့ရှိကြပါတယ်။
တစ်ချို့တစ်လေကတော့ပြန်မရတဲ့အပြင်ဆောင်ဖို့လိုနေသေးတာလဲရှိပါတယ်။ နောက်နှစ်တွေမှာဆက်
တွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်အခွန်ဌာနမှာမိမိအကြွေးတင်ရှိနေရင်လဲမိမိပြန်ရမယ့်ငွေထဲကထုတ်နုတ်သွားမှာဖြစ်ပါတယ်။

ဒိန်းမတ်မှာနိုင်ငံတော်နဲ့သက်ဆိုင်တဲ့အကြွေးတင်လို့ ၂ကြိမ် ၃ကြိမ်မှတောင်းလို့မပေးရင်တော့သက်ဆိုင်
ရာဌာနကနေ အဲဒီအကြွေးကိုအခွန်ဌာနကိုလွှဲလိုက်တော့တာပါဘဲ။ အကြွေးရှိနေတဲ့သူဆီကနေအတိုးနဲ့
ပါအခွန်ဌာနကဖြတ်ယူနေမှာကြောင့်ဘယ်သူမှမိမိအကြွေးကိုအခွန်ဌာနမရောက်ချင်ကြပါဘူး။
ဥပမာ။     ။မီးရထား၊ ဘတ်(စ်)ကား လက်မှတ်မဲ့စီးတာမျိုး၊ ယာဉ်မရပ်ရနေရာမှာရပ်တာမျိုးဆိုရင်
မနည်းတဲ့ဒဏ်ငွေကိုဆောင်ဖို့ပြေစာလက်ခံရရှိမှာဖြစ်ပါတယ်။ မဆောင်ချင်ရင်လဲရပါတယ်။
နောက်ဆုံးမှာအခွန်ဌာနကိုအကြွေးလွှဲလိုက်မှာပါဘဲ။
ဒါကြောင့်ဒီကသူတွေဒဏ်ငွေအရမ်းကြောက်ကြတော့စည်းကမ်းတွေလိုက်နာကြတာများပါတယ်။

အစကောင်းမှအနှောင်းသေချာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့

ပြည်သူ့ဝန်ဆောင်မှုတွေကောင်းနေတဲ့ဒိန်းမတ်နိုင်ငံရဲ့စနစ်ကိုလေ့လာကြည့်တဲ့အခါထူးထူးထွေထွေ
မတွေ့ရဘဲလူတွေကိုကိုယ်ကျွမ်းကျင်ရာအလုပ်ကိုစိတ်ချမ်းသာစွာလုပ်ကိုင်နိုင်ကြအောင်ဖေါ်ဆောင်ပေးထား
ခြင်းပါဘဲ။
နိုင်ငံကိုအုပ်ချုပ်နေတဲ့ဝန်ကြီးချုပ်ကစလို့အောက်ခြေ၀န်ထမ်းတွေအဆုံး မိမိနဲ့ထိုက်တန်စွာရရှိတဲ့လုပ်အားခ၊
လစာငွေတစ်ခုတည်းနဲ့ဘဲကောင်းမွန်စွာရပ်တည်နေနိုင်အောင်ဆောင်ရွက်ထားတာတွေ့ရပါတယ်။
လုံလောက်တဲ့မိမိရဲ့တရားဝင်လစာငွေကလွဲရင်ဘယ်သူမှအပိုဝင်ငွေမရှိကြပါဘူး။
ဆိုတော့ကာဘယ်နေရာကတော့ဝင်ငွေကောင်းတယ်၊ ဒီနေရာကတော့အောက်ဆိုဒ်မရှိဘူး ဆိုတဲ့
အကြောင်းအရာတွေမရှိတော့ပါဘူး။
ဝန်ထမ်းတိုင်းကိုလုံလောက်တဲ့လစာပေးထားပြီး လာဘ်ပေးလာဘ်ယူစနစ်ကိုပြည်သူကော၊
ဝန်ထမ်းတွေပါမကျင့်သုံးကြတာပါဘဲ။
ကျွန်တော်တို့နိုင်ငံမှာလဲ တရားဝင်လစာငွေမဟုတ်ဘဲရနေကြတဲ့ငွေတွေကိုထိန်းချုပ်နိုင်ခဲ့ရင်
အဲဒီဘေးထွက်ငွေတွေဟာ ၀န်ထမ်းအားလုံးကိုသူများနိုင်ငံနည်းတူလစာပေးဖို့လုံလောက်နိုင်မှာဘဲ
ဖြစ်ပါတယ်။

အထက်ကစလို့အောက်ခြေအထိခြစားနေမှုတွေကိုအရင်မတိုက်ဖျက်နိုင်ခဲ့ရင် အစကောင်းတဲ့
ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုခြေလှမ်းပြင်နေတာနဲ့အညီ ပြည်သူ့နိုင်ငံတော်သစ်
ပေါ်ထွန်းနိုင်ဖို့ "မိုးခါးရေဖြတ်ပွဲကြီး"ကို ခြိမ့်ခြိမ့်သည်းကျင်းပနိုင်ဖို့အရေးတကြီးလိုအပ်နေပါပြီ။

ကျွန်တော်တို့နောင်လာနောင်သားများခေတ်ရောက်ရင် ပြည်သူ့ဘဏ္ဍာတွေပြည်သူ့ဆီကိုဘဲ အပြည့်အ၀စီးဆင်းပြီး
 ဒီမိုကရေစီအသီးအပွင့်တွေနဲ့သန့်ရှင်းတဲ့နိုင်ငံတော်ကြီးမှာလူဖြစ်ခွင့်ရကြအောင်
ပျက်အစဉ်ပြင်ခဏဆိုသလိုစနစ်ဆိုးတွေကိုပြု ပြင်တိုက်ဖျက်ဖို့ကျွန်တော်တို့ပြည်သူလူထုအပါအ၀င်
နိုင်ငံတော်အစိုးရမှာအထူးတာဝန်ကျရောက်နေပြီဖြစ်ပါကြောင်း ဒီဆောင်းပါးနဲ့အတူတိုက်တွန်းနှိုးဆော်
လိုက်ရကြောင်းပါခင်ဗျား။

(Reality ဂျာနယ်၊ V0l 1, No 4. 05.12.2014)





Sunday, 4 October 2015

ဥရောပကမင်းတပ်မြို့(သို့) Liege, Belgium

                             ဘယ်(လ်)ဂျီယမ် က Liege မြို့ရဲ့  Guillemins ဘူတာရုံကြီး

၁၉၈၀ ၀န်းကျင်နဲ့ ၈၈ မှာ ၂ခေါက်ရောက်ဘူးခဲ့တဲ့ သာယာလှပတဲ့
ချင်းပြည်နယ်တောင်ပိုင်းက သွေးချင်းတို့ရဲ့ တောင်ပေါ်မြို့လေး မင်းတပ်ကို
သူများနိုင်ငံကတောင်ပေါ်မြို့လေးတွေလို လမ်းပန်းဆက်သွယ်ရေးကောင်းပြီး
နိုင်ငံခြားသားများလည်းလည်ပတ်ဖို့စိတ်ဝင်စား၊ လူနေမှု စီးပွါးရေးလည်းဖွံ့ဖြိုး
စေချင်တဲ့စိတ်နဲ့ တင်စားရေးသားလိုက်တာပါ။

ကျွန်တော်တို့နိုင်ငံမှာမင်းတပ်မြို့လေးလိုသာယာလှပတဲ့တောင်ပေါ်မြို့ကြီး၊ မြို့လေးတွေ
အများကြီးရှိပေမယ့်လည်း အဘက်ဘက်ကဖွံ့ဖြိုး အောင်ဆောင်ရွက်နိုင်မှု အားနည်းတဲ့
အတွက်ကြောင့် မြို့တွေရဲ့လှပမှုကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တွေကို မြို့နေပြည်သူ
တွေ ထိုက်သင့်စွာမခံစားနိုင်ကြပါဘူး။

လမ်းတွေ၊ တံတားတွေကိုရေရှည်ခိုင်ခံအောင်၊ ကောင်းအောင် ဆောင်ရွက်ကြမယ်
ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လှပတဲ့နေရာတွေ၊ ရှေးယဉ်ကျေးမှုအမွေအနှစ်တွေ
အများကြီးရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေတိုးတက်၊ ဒေသခံတွေဖွံ့ဖြိုး လို့
နိုင်ငံတော်မှာလည်းရေရှည်အကျိုးဖြစ်စေမှာမလွဲပါဘူး။

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအစီအစဉ်တွေလည်း အားနည်းတာကြောင့်
ဖြစ်လာလိုက်ရင် ပြည်သူလူထုမှာအလူးအလဲခံစားရပါတယ်။
အခုရေဘေးကြုံ လာတဲ့အခါမှာလည်း အရေးကြီးတော့သွေးစည်းတဲ့ ပြည်ပနေမြန်မာ တိုင်းရင်းသားများမှနိုင်ငံအရပ်ရပ်မှ လှူ ဒါန်းကြတာတွေ့ရပါတယ်။
ဒိန်းမတ်နိုင်ငံနေမြန်မာတိုင်းရင်းသားများမှလည်း စုပေါင်းလို့တစ်ဖုံ
တစ်ဦးချင်းမိမိအစီအစဉ်နဲ့ပါ လှူ ဒါန်းကြတာ ကျွန်တော်သိသလောက်တင်
သိန်း ၉၀ ၀န်းကျင်ရှိကြောင်းလည်းကြုံ ကြို က်လို့ မျှဝေအသိပေးလိုပါတယ်။

မင်းတပ်မြို့လေးဟာ ကျွန်တော်တို့ ပခုက္ကူ မြို့ကဆိုရင် မိုင် ၁၀၀ နီးပါးဘဲဝေး
ပေမယ့် လမ်းပန်းဆက်သွယ်ရေး မချောမွေ့မှုကြောင့် ကိစ္စအထူးတလည်မရှိဘဲ
သွားရောက်လည်ပတ်ခဲကြပါတယ်။
ပခုက္ကူ ဘက်မှသွားမယ်ဆိုရင် ၁၉၈၀ ၀န်းကျင်တွေတုန်းကတော့ ပေါက်၊ ကျောက်ထု တို့ကိုဖြတ်လို့သွားခဲ့ရတာဘဲဖြစ်ပါတယ်။

ကျွန်တော့်ဖေဖေက ခေါ်သွားလို့ မင်းတပ်ကို ပထမဆုံးအကြိမ်ရောက်ဘူးခဲ့ရပါတယ်။
တောင်စောင်းတွေပေါ်မှာအိမ်ခြေတွေဆောက်လုပ်ထားတဲ့ တောင်ဇလပ်ပန်းတို့ဝေရာ
နဲ့ အောက်ချင်းငှက်တို့ပျော်ရာ လှပတဲ့ မြို့လေးဖြစ်ပါတယ်။
တောင်ပေါ်ဘုရားတည်ချိန်နဲ့ကြုံ ကြိုက်လို့ ကျွန်တော်တို့မိသားစု တောင်ပေါ်ကို
အုတ်ခဲသည်လုပ်အားဒါနပြုခဲ့ဘူးတာလည်းအမှတ်ရနေသလို
တောင်ခြေမှတောင်ထိပ်ထိ အုတ်ခဲတွေကိုလက်ဆင့်ကမ်းလို့ လုပ်အားဒါန
ပြုနေကြတဲ့သွေးချင်းတိုင်းရင်းသားလူတန်းရှည်ကြီးကိုလည်းမြင်ယောင်နေဆဲပါ။

အမျိုး၊ ဘာသာ၊ သာသနာ ပျောက်မှာကို ထန်းရွက်အောက်မှာပုန်းနေတဲ့
ယုန်သူငယ်လို ပူပင်နေစရာမလိုကြောင်းအတွေးဝင်မိပါတယ်။
လက်တွေ့ကျကျ အပင်ပန်းခံပြီး သာသနာကိုစောင့်ရှောက်ခဲ့တဲ့
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးရဲ့ မေတ္တာတရားကိုလည်း
အကြိမ်ကြိမ် ကြည်ညိုစွာ သာဓုခေါ်မိပါတယ်။

ဒီအကြောင်းရေးမိတော့ ၂၀၀၉ မှာကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့
ကျေးဇူးရှင်ဖေဖေကိုအထူးသတိရမိပါတော့တယ်။
ဘယ်သူမဆို မိမိတို့ရဲ့မိဘတွေအပေါ်မှာချစ်ကြတာချည်းဘဲ ဆိုတာတော့သံသယ
ဖြစ်စရာမဟုတ်ပါဘူး။
ကိုယ်တိုင်တောင်မှ ဘယ်နေ့မှန်းမသိတဲ့တစ်နေ့ လျှောက်ကြရမယ့်လမ်းမို့
သင်္ခါရတရားကို ထိတ်လန့်စွာဆင်ခြင်မိပြီး ဒီလမ်းကိုမိမိတို့မလျှောက်ခင်
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်မိတ်ဆွေပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံလူမျိုးနဲ့သာသနာအတွက်ဘာတွေပြင်ဆင်ပြီးလို့ဘာတွေထားခဲ့မလဲ
ဆိုတာဟာအလွန်အရေးကြီးကြောင်းလည်း သတိပြုမိစေပါတော့တယ်။
                                            Liege မြို့တွင်းတစ်နေရာ

 မင်းတပ်တို့တောင်ကြီးတို့လို တောင်ကုန်း၊ တောင်စောင်းတွေပေါ်မှာမြို့တည်ထားတဲ့
ဥရောပအနောက်ပိုင်းက ဘယ်(လ်)ဂျီယမ်နိုင်ငံအရှေ့ခြမ်းမှာရှိတဲ့ Liege မြို့ဟာဆိုရင်
တောင်ကုန်းတွေနဲ့လှပတဲ့မြို့ဘဲဖြစ်ပါတယ်။
လူဦးရေ ၁၁ သန်းကျော်ဘဲရှိတဲ့နိုင်ငံဖြစ်ပြီး အဲဒီမြို့မှာတော့ ၂သိန်းနီးပါးနေထိုင်
ကြကြောင်းသိရပါတယ်။
Liege မြို့ဟာ ဘယ်(လ်)ဂျီယမ်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့လည်းဖြစ်ပါတယ်။

မြို့တော် ဘရပ်ဆဲ(စ်) Brussels မှာတော့ လူဦးရေ ၁သန်း၁သိန်းကျော်ရှိကြောင်း
လည်းမှတ်သားရပါတယ်။
ဒိန်းမတ်တွေက လီယက် လို့ခေါ်တဲ့ Liege မြို့ဟာ
တောင်ကုန်းတွေနဲ့တောင်စောင်းတွေပေါ်မှာပါ လူနေအိမ်ခြေတွေဆောက်ထားပါတယ်။
ခပ်မတ်မတ် တက်ရတဲ့လမ်းတွေမှာတော့ ကားတွေရှောမကျအောင်နဲ့ကုပ်အား
ကောင်းအောင် အုတ်ကြမ်းလမ်းတွေ ခင်းထားတာတွေ့ရပါတယ်။
ကျွန်တော်တို့ ကိုယ့်နိုင်ငံမှာသုံးခဲ့ရတဲ့ ဂျန်းတုံး ကိုသတိရမိစေပါတယ်။

ခေတ်ဟောင်းအမွေအနှစ် အဆောက်အအုံတွေကို မူရင်းမပျက်အောင်အထူးဂရုပြု
ထိန်းသိမ်းထားသလို ခေတ်သစ်ရဲ့တိုးတက်မှုပြရုပ် အဆောက်အအုံတွေပါ တစ်မြို့
ထဲမှာဘဲပေါင်းစပ်လို့ ခံစားနိုင်မှာဘဲဖြစ်ပါတယ်။

၂၀၀၉ ခေတ်သစ်ဒီဇိုင်းလက်ရာဖြစ်တဲ့ Liege မြို့ရဲ့ ရထားလမ်း ၁၀ လမ်း
ပါတဲ့ Guillemins ဘူတာရုံကြီးကိုထည်ဝါစွာတွေ့ရမှာဖြစ်သလို ၁၁ရာစုကထဲက
ကျောက်မီးသွေး၊ သဲကျောက်စတာတွေနဲ့ဆောက်လုပ်ခဲ့တဲ့ ဘာသိုလိုမြူ ဘုရားကျောင်း
(St. Bartholomew Church) ကြီးကိုလည်းမူရင်းမပျက် သမိုင်းကိုခံစားနိုင်ပါတယ်။

ခရီးသွားတိုးရစ်(စ်)တွေလည်း အများကြီးလာရောက် လည်ပတ်ကြပါတယ်။
ဘယ်နေရာသွားသွား တွေ့ရမှာက တရုတ်တွေရဲ့တိုးရစ်(စ်)ဘတ်(စ်)တွေပါဘဲ။
ကျွန်တော်တို့တည်းတဲ့ဟော်တယ်မှာဘဲ တရုတ်လူမျိုးတွေ စီးလာတဲ့ ဘတ်(စ်)
၂စင်းကိုတွေ့ရပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်တွေလည်း ကမ္ဘာပတ်နေကြပါပြီ။
တောင်မရှိတဲ့ဒိန်းမတ်နိုင်ငံက ကားတွေဟာ Liege မြို့က ကားတွေလို
ဘရိတ်ဆီ၊ ဘရိတ်၊ တာယာ မကြာခဏလဲစရာမလို အင်ဂျင်လည်းအကျမမြန်ကြောင်း
ဝမ်းသာစရာကြံဖန်တွေးရင်း တွေးမိရေးရာ ဖတ်မိမှတ်ရာ အတိုအထွာကို
မိတ်ဆွေများအား မျှဝေတင်ပြလိုက်ရကြောင်းပါခင်ဗျား။

(Fb post. Aug, 2015)

ဒိန်းမတ်ကပြည်သူ့စားသောက်ခြင်းဆိုင်ရာစောင့်ရှောက်မှုတစ်ခု

Smileys keep food safety high in Denmark.
                          ဆိုင်အ၀င်ဝတိုင်းမှာပြည်သူတွေမြင်အောင်ကပ်ထားရပါတယ်

ဒိန်းမတ်နိုင်ငံမှာအများပြည်သူတွေရဲ့စားသောက်ခြင်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေ
တိုင်းဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာထိန်းချုပ်မှုအောက်မှာ တင်းတင်းကျပ်ကျပ်ရှိတယ်
လို့ပြောလို့ရပါတယ်။
Ministry of environment and food ကနေဒါရိုက်ကွပ်ကဲမှုလုပ်ပြီး လက်ရှိ
ကျင့်သုံးနေတဲ့"ပြုံးမဲ့စနစ်" ကိုတော့ ၂၀၀၁ ကထဲကစတင်ခဲ့ကြောင်းသိရပါတယ်။

အများပြည်သူတွေဝယ်ယူစားသောက်ကြတဲ့ စူပါမာကတ်တိုင်း၊ အသား၊
ဟင်းသီးဟင်းရွက်ဆိုင်တိုင်း၊ စားသောက်ဆိုင်တိုင်း၊
ကျောင်း၊ ရုံး၊ ဆေးရုံကန်တင်း(န်) တွေပါမကျန် ရှောင်တခင်စစ်ဆေးခြင်းတွေကို
ခံရမှာဘဲဖြစ်ပါတယ်။
ဒိန်းမတ်ကအစားအသောက်နဲ့ပတ်သက်တဲ့ဆိုင်တိုင်းမှာ အဲဒီအပြုံးဖေါ်ပြတဲ့
စာရွက်ကို မြင်သာတဲ့နေရာတွေမှာ ကပ်ထားကြတာကို ပြည်သူတွေ တွေ့မြင်
ကြရမှာဘဲဖြစ်ပါတယ်။

" ပြုံး မဲ့ စနစ်" မှာအဆင့် ၄ ဆင့်ခွဲထားပါတယ်။
၁၊ ပြည့်ပြည့်၀၀အပြုံး သင်္ကေတဆိုရင် သန့်ရှင်းမှုကောင်းပါတယ်။
၂၊ နည်းနည်းဘဲ ပြုံး နေတဲ့သင်္ကေတဆိုရင် ဆိုင်အပိတ်မခံရသေးပေမယ့်
ဒီထက်သန့်ရှင်းအောင်ဆောင်ရွက်ဖို့အမိန့်ပေးခံထားရတဲ့ဆိုင်ဖြစ်ပါတယ်။
၃၊ မပြုံး တော့တဲ့သင်္ကေတဆိုရင်တော့ တားမြစ်ခြင်းခံရပါပြီ။
၎၊ မဲ့ တဲ့သင်္ကေတဆိုရင်တော့ ဆိုင်ပိတ်ဒဏ်ငွေရိုက်ခြင်းခံရပြီး၊ ရဲအတိုင်ခံရခြင်း
(ဒါမှမဟုတ်) ပါမစ်ရုပ်သိမ်းခြင်းကို ခံရတော့မှာဘဲဖြစ်ပါတယ်။
အဆင့် ၁ ချည်းဘဲ နောက်ဆုံးတစ်နှစ်အတွင်းလာစစ်တဲ့ ၄ကြိမ်လုံးမှာဆက်တိုက်
ရတဲ့ဆိုင်ကိုတော့ E lite အပြုံး သင်္ကေတကိုပေးပါတယ်။

ပုံမှာဖေါ်ပြထားတာ ကျွန်တော်တို့အိမ်ဘေးက ဒိန်းမတ်နိုင်ငံက အိမ်ရှင်မတွေ
လက်စွဲNetto ဈေးဆိုင်ရဲ့ ၀င်ပေါက်မှာကပ်ထားတဲ့ အပြုံး စာရွက်ဖြစ်ပါတယ်။
ဆိုင်ဖွင့်တာ ၃လ၀န်းကျင်ဘဲရှိပြီး မဖွင့်ခင်ဌာနဆိုင်ရာမှ လာရောက်စစ်ဆေး
သွားကြောင်းသိရပါတယ်။
တစ်နှစ်ပြည့်ရင် e lite အပြုံး ရမရတော့စောင့်ကြည့်ရအုံးမှာပါ။

လွန်ခဲ့တဲ့ ၂နှစ်ကျော်က ကျွန်တော်အလုပ်ဝင်ဘူးတဲ့ ပေါင်မုန့်ဆိုင်ကို စစ်ဆေးရေး
ဝင်ပါတယ်။ တိတိကျကျတော့ကြိုမသိရပါဘူး။ လာစစ်တဲ့ဝန်ထမ်း ၃ယောက်မှာ
တစ်ယောက်က ဆိုင်ရှင်နဲ့အသိဖြစ်ပါတယ်။
ကိတ်မုန့်အကောင်းစားတွေထုတ်ကျွေးပေမယ့်လည်း သန့်ရှင်းရေးလုပ်ဖို့ ၂ ရက်
ဆိုင်ပိတ်ခံလိုက်ရပါတယ်။ ၂ရက်အတွင်းဆေးတွေပြန်သုတ်၊ သန့်ရှင်းရေးတွေ
လုပ်ပြီးသူရို့ ကျေနပ်သွားမှ အပြုံးပြန်ရလို့ဆိုင်ပြန်ဖွင့်ခွင့်ရခဲ့တာဘဲဖြစ်ပါတယ်။

ဒီနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ မှုမရှိသလောက်ဆိုတာကလည်း တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေးမှာ အခရာကျတယ်ဆိုတာသတိပြုစရာအချက်လည်းဖြစ်ပါတယ်။
ကောင်းတဲ့စနစ်တွေအသက်ဝင်ဖို့ဆိုရာမှာ ပုဂ္ဂိုလ်ရေးပတ်သက်မှုတွေ၊ လာဘ်စား
မှုတွေ ကင်းရှင်းဖို့ အထူးအရေးကြီးကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း "ရွှေပြည်တော်မျှော်တိုင်းမဝေးရအောင်"
ပြည်သူ့အတွက်လုပ်ပေးသင့်တာတွေကို နိုင်ငံသစ်ပေါ်ထွန်းဖို့
အားယူနေစဉ်အချိန်အတွင်းမှာဘဲ သက်ဆိုင်ရာဌာနတွေကနေ
တတ်နိုင်သလောက်ကစလို့ အကောင်အထည်ဖေါ်သင့်ကြပြီဖြစ်ကြောင်း
စေတနာကောင်းနဲ့တိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါခင်ဗျား။

(Fb post. Aug, 2015)

ပခုက္ကူ အလွမ်းတစ်စ နဲ့ ဖဲကြိုးဝါ

 ပခုက္ကူ မှာ ၁၉၇၆ ၀န်းကျင်တွေတုန်းက "အပျံသင်စ" နဲ့ "ပုလဲနက်" ဆိုတဲ့ဂစ်တာတီးဝိုင်း
၂ ၀ိုင်းမြို့ပေါ်မှာ နံမည်ရပေါ်ထွန်းခဲ့ဘူးပါတယ်။
သူတို့တွေက မြို့ပေါ်ပွဲလမ်းသဘင်တွေမှာဖျော်ဖြေကြသလို တစ်ခြားမြို့ ၊ ရွာတွေကိုပါ
အဌားလိုက်လို့ တီးခတ်ဖျော်ဖြေခဲ့ကြတာပါ။

မှတ်မိသမျှ သူတွေကတော့ "ပုလဲနက်တီးဝိုင်း" မှာ ကိုတင်ဦး၊ ကျွန်တော့်သူငယ်ချင်း
ဝီလျှံနဲ့ဇော်ဝိတ်၊ ကိုဖိုးလုံး၊ ကိုရဲမြင့်သန်း၊ ကိုတင်ထွန်း၊ ၊ကိုစိန်ပွါး၊ ကိုမြင့်အောင်၊
ကိုမျိုးမြင့်ဝင်း၊ ကိုဝင်းကို၊ ကိုသန်းထွန်း၊ ကိုအောင်တင့်ကျော်၊ကိုထွန်းဝင်း(နုတင်)၊         ကိုမြင့်ဦးတို့ပါဝင်ခဲ့ကြပါတယ်။

၁၉၈၀ ၀န်းကျင် ပခုက္ကူ ကောလိပ်ကို ကိုတင်ဦး လာတီးတာ အနီးကပ်ကြည့်ဖြစ်တဲ့
အခါလိ(ဒ်)ဂစ်တာရဲ့ကြိုးတွေကို သားရေကွင်းတွေအလား တို့ထိကစားလို့သံစဉ်တွေ
ရောင်စုံဖြာစေတာကို ချီးကျူးစရာမြင်ခဲ့ရဘူးပါတယ်။
ပုလဲနက်တီးဝိုင်းရဲ့ တီးခတ်မှုခေါင်းဆောင် ကိုတင်ဦးရဲ့သံစဉ်ဖြာစေတဲ့ လက်တွေဟာ
၁၉၈၀ ၀န်းကျင်ပခုက္ကူ ကလူငယ်တွေ ခေတ်မှီစွာ ၀တ်ဆင်နိုင်စေဖို့ အ၀တ်အစားတွေ
ချု ပ်ပေးခဲ့ဘူးတယ်ဆိုရင်လည်းမမှားပါဘူး။
စကားပြောအေးဆေးလို့ ပြုံးနေတတ်တဲ့၊ ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ ပခုက္ကူ မြို့က
ဂီတ အနုပညာသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။
                       ပုလဲနက်တီးဝိုင်းရဲ့ဖျော်ဖြေပွဲတစ်ခု။ကိုတင်ဦး၊ကိုမြင့်ဦး၊ကိုနုတင်၊၀ီလျှံ
       
သူငယ်ချင်း ၀ီလျှံကလည်း အော်ဂမ်တီးလေ့ကျင့်ရင်း ၁၉၇၉ခုနှစ်မှာ
၁၀တန်းစာမေးပွဲကို ကျွန်တော်နဲ့အတူတူအောင်မြင်စွာဖြေဆိုခဲ့သူပါ။
ဆုံးသွားရှာပြီဖြစ်တဲ့ သူငယ်ချင်းဇော်ဝိတ်ကတော့ ပုလဲနက်တီးဝိုင်းမှာ မင်းအောင်ရဲ့
သီချင်းတွေကို ထပ်တူသီဆိုခဲ့ကာ ပရိသတ်ကိုအလွမ်းတွေဝေစေခဲ့သူဖြစ်ပါတယ်။
ကိုဝင်းကို ခေါ် ကိုဆာမိကတော့ကျန်နေသေးတဲ့အနုပညာပိုးနဲ့ ဟိုနေ့ကဘဲအုတ်တစ်ချပ်
ထမ်းတာဆိုပြီးNLD အောင်နိုင်ရေးအတွက်ရန်ကုန်မှာသီချင်းသွင်းနေတာ
တွေ့လိုက်ရပါသေးတယ်။ ကိုစိန်ပွါးကြီးကလည်း ပဲခူးမှာ NLD အောင်နိုင်ရေး
ပါဝင်အားဖြည့်နေကြောင်းကြားလိုက်ရပါတယ်။

"အပျံသင်စတီးဝိုင်း" မှာတော့ ကိုညွန့်အောင်၊ ကိုထွန်းထွန်း၊ ကိုသန့်ဇင်၊
ကိုမောင်မောင်လွင်တို့ ပါဝင်ခဲ့ကြပါတယ်။
သိပ်မဝေးသေးတဲ့ကာလက ပခုက္ကူ လူထုကို ဂီတနဲ့ ပျော်ရွှင်နှစ်သိမ့်မှုတွေ
ပေးခဲ့ကြသူတွေဆိုလည်း မှားမယ်မထင်ပါဘူး။
ပခုက္ကူ မြို့ရဲ့ ဘုရားပွဲတော်တွေ၊ ကထိန်ပွဲတွေ၊ သင်္ကြန်ကာလတွေ၊
အလှူ ၊ မင်္ဂလာဆောင်ပွဲတွေမှာ သူတို့တီးဝိုင်းတွေနဲ့စည်ကားသိုက်မြိုက်
ခဲ့ဘူးပါတယ်။

ကျွန်တော်တို့တွေက ၈တန်း၊ ၉တန်း ဖြစ်ကြပြီး စတီရီယိုသီချင်းတွေကိုစတင်
နှစ်သက်စွဲလမ်းမိတဲ့အချိန်ပေါ့။
"ယုဇနပင်နဲ့ဖဲကြိုးဝါ" သီချင်းလေးကို နှစ်သက်စွဲလမ်းခဲ့ဘူးပါတယ်။
အဆိုတော် မင်းမင်းလတ် သီဆိုခဲ့တာဖြစ်ပြီး
အမေရိကန်အဆိုတော် Tony Orlando ရဲ့ "Tie a Yellow Ribbon"
သီချင်းကို ပြန်ဆိုခဲ့တာဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ ပခုက္ကူ မှာတော့ အပျံသင်စ တီးဝိုင်းရဲ့ ပင်တိုင်အဆိုတော်
ကိုမောင်မောင်လွင်က မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုလို့
ပခုက္ကူ ဆယ်ကျော်သက်လူငယ် ပရိသတ်ရဲ့ နားကိုစွဲစေခဲ့ပါတော့တယ်။
သီချင်းထဲက ဖဲကြိုးဝါတွေကတော့ ချစ်သူကို ကြိုဆိုခဲ့တဲ့ဖဲကြိုးဝါတွေပါ။

အခု ကျွန်တော်ကြိုဆိုချင်တဲ့ ဖဲကြိုး တွေကတော့ အရောင်ပိုလို့စုံပါတယ်။
စည်းလုံးညီညွတ်ခြင်း၊ မိမိပညာရပ်ကို တန်ဘိုးထားခြင်း၊
နည်းလမ်းမကျတဲ့ အာဏာဖြန့်ကြက်မှုကို တွန်းလှန်ခြင်း၊
မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းတွေ ပေါင်းစည်းထားတဲ့ ဖဲကြိုးတွေပါဘဲ။
နိုင်ငံအ၀ှမ်း ဖဲကြိုးရောင်စုံဖြာပါစေ ဆန္ဒပြုရင်း....
ဇာတိမြေအလွမ်းလေးတစ်စကို စာရှု့သူမိတ်ဆွေများနဲ့မျှဝေခံစားလိုက်ရကြောင်းပါခင်ဗျား။

(Fb post. Sept, 2015)

စာတော် စာညံ့ အတန်းခွဲခြင်း နှင့် ဒိန်းမတ်ကစနစ်

ပခုက္ကူ က ၄တန်း တူနဲ့တူမ ၂ယောက် စာတော်စာညံ့အတန်းခွဲတော့မှာမို့
A ခန်းမှာ နေရအောင် အမေကအတင်းစာတွေကျက်ခိုင်း၊ ပြန်ခိုင်းလုပ်နေပါတယ်။
အကြီးကောင်က စာကောင်းကောင်းမကျက်ချင်လို့ မကြာခဏလည်း သူ့အမေရဲ့
အရိုက်ကိုခံနေရပါတယ်တဲ့။
အရွယ်နဲ့မမျှတဲ့ စိတ်ဖိစီးမှုတွေ ကလေးတွေမသိမသာ ခံစားနေကြရပါတယ်။
စာတွေကိုလည်း ကြက်တူရွေးစာအံ့သလို ၏ ၊ သည် ၊ ကစလို့မှားလို့မရအောင်
အတင်း အလွတ်ကျက်မှတ်နေကြရတာတွေ့ရပါတယ်။

ရန်ကုန်က ၈တန်းတက်နေတဲ့တူမတစ်ယောက်ကတော့ အတန်းခွဲနေရာချတာမှာ
စာအတော်ကြီးမဟုတ်လို့ A ခန်းမှာမနေရဘဲ B ခန်းမှာဘဲနေရပါတယ်တဲ့။

ကမာဝက်မြို့မှာ အဖွားနဲ့နေတဲ့ ၂ တန်းကျောင်းသား တူတစ်ယောက်ကတော့
အရွယ်နဲ့မလိုက်စာတွေရေးရတာများ၊ ည ၉ နာရီကျော်လည်း စာတွေရေးလို့
မပြီးသေးတော့ အဖွားက ကလေးပင်ပန်းလွန်းနေတော့ မီးမှိတ်ပြီး အိပ်ခိုင်းရတာ
ခဏခဏလို့ကြားရပါတယ်။
မနက်အစောကြီး သူ့အဖွားမနိုးခင် စာတွေထရေးနေရကြောင်းလည်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂ လ၀န်းကျင်တုန်းကတော့ ညောင်ရွှေမှာ ၉တန်းတက်နေတဲ့ သူငယ်ချင်း
တစ်ယောက်ရဲ့ သမီးလေး စာတော်လို့ A ခန်းမှာတက်နေရာကနေ ဆရာမကြီးက
စာတော်တဲ့သူတွေကို အခြားအခန်းတွေကို မျှသွားအောင်နေရာချပေးတာကြောင့်
ငိုနေတာကို ကျွန်တော်တို့သူငယ်ချင်းတစ်တွေဝိုင်းဝန်းနှစ်သိမ့်လိုက်ရပါသေးတယ်။
ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ အရာရှိကြီးတွေ ပါဝင်ကြတဲ့ ကျွန်တော်တို့
သူငယ်ချင်း အဖွဲ့လေးက အဲဒီဆရာမကြီးရဲ့ အမြှော်အမြင်ကောင်းနဲ့လုပ်ရပ်ကို
ကြို ဆိုခဲ့ကြပြီး သမီးလေးကိုသဘောပေါက်အောင် ၀ိုင်းဝန်းနှစ်သိမ့်ရှင်းပြခဲ့ကြလို့
အခုအခါမှာ သမီးလေးက သူ့ထက်စာမလိုက်နိုင်တဲ့သူတွေကို ကူညီရင်း အတန်းသစ်
မှာပျော်နေပြီလို့ ကြားရပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူ့ကျောင်းတွေမှာဘဲ အတန်းခွဲချထားခြင်းစနစ်ဟာ
တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဖြစ်နေတာသတိပြုမိရပါတော့တယ်။
ကျွန်တော်တို့နိုင်ငံမှာ မိဘတွေပညာရေးကိုအားပေးကြတာကို ကြို ဆိုရမှာဖြစ်ပေမယ့်
ကလေးတွေ အရွယ်နဲ့မလိုက်အောင် စာတွေနဲ့ပိနေပြီး ပင်ပန်းနေကြရတာဟာ
ရေရှည်အတွက် ဘယ်လိုမှမကောင်းနိုင်တဲ့အလားအလာတစ်ရပ်ဖြစ်သလို
မနိုင်ဝန်ထမ်းနေရသလိုဖြစ်နေတဲ့ မူလတန်းကလေးတွေအတွက်လည်း
စိတ်မကောင်းဖြစ်ရပါတယ်။

တစ်ချို့ ကျောင်းတွေမှာ အတန်းပိုင် ဆရာ၊ ဆရာမရဲ့ ကျူ ရှင်တက်တဲ့ကလေးက
စာမေးပွဲမှာ ၅ ပုဒ်ဘဲကျက်ရပြီး၊ မတက်တဲ့ ကလေးက ၁၀ ပုဒ်လုံး ကျက်ကြရတယ်
ဆိုတာကြားရတော့လည်းမယုံကြည်နိုင်အောင်ပါဘဲ။

ကျွန်တော်လက်ရှိနေထိုင်ရာ ဒိန်းမတ်နိုင်ငံရဲ့ ပြည်သူ့ကျောင်းတွေမှာ တက်ရောက်
နေကြတဲ့ မူလတန်းကလေးတွေ အရွယ်နဲ့မမျှစာတွေပိနေတာလုံးဝမတွေ့ရပါဘူး။
စာကိုအလွတ် ၏၊ သည်၊ မလွဲ ကျက်ကြရတာလည်းမရှိပါဘူး။
အလွတ်မကျက်စေဘဲ ကလေးတွေ ခေါင်းထဲမှာမှတ်မိသွားစေတဲ့နည်းလမ်းများ
ကိုအသုံးပြု ကြတာတွေ့ရပါတယ်။

ကလေးတွေချင်းအတူတူ ဒီနိုင်ငံက ကလေးတွေက ကျောင်းဆင်းပြီးရင် စိတ်လွတ်
ကိုယ်လွတ် ကလေးဘာဝ ကစားနေနိုင်ကြပြီး ကျွန်တော်တို့နိုင်ငံက ကလေးတွေ
ကျတော့ စာတွေပိနေကြတာကို ကြားရတာအလွန်သနားဖို့လည်းကောင်းပါတယ်။
ဒီနိုင်ငံက ကလေးတွေစာမပိပုံများ ပြောရရင် ၁၂နှစ်ပြည့်လို့ ၆တန်း၊ ၇တန်း
ရောက်ပြီဆိုရင် ကျောင်းအားချိန်(သို့) ကျောင်းအားရက် တွေမှာ အချိန်ပိုင်းလုပ်ငန်း
ခွင်တောင်ဝင်နေကြတာတွေ့ရပါတယ်။
စူပါမာကက်တွေမှာဝင်လုပ်ကြတယ်၊ သတင်းစာ၊ ကြော်ငြာလိုက်ပို့ကြတယ်။
လုပ်အားခလည်း လူကြီးတွေနည်းတူရကြပါတယ်။

ဒီလိုကွာခြားနေတာကို သတိပြုမိတာကြောင့်
သူတို့ရဲ့စနစ်ကောင်းသည် ဆိုးသည်ဆိုတာထက် ကျွန်တော်တို့ဆီမှာကျင့်သုံးနေတဲ့
စနစ်နဲ့ယှဉ်ထိုးကြည့်နိုင်အောင်ရယ်၊ ပညာရှင်များလည်းကျွန်တော်တို့ကလေးများအတွက်ပိုမိုသင့်တော်ကောင်းမွန်တဲ့
သင်ကြားခြင်းစနစ်များကိုရှာကြံရာမှာအထောက်အကူဖြစ်နိုင်အောင်ရည်ရွယ်ပြီး
ဒီဒိန်းမတ်နိုင်ငံရဲ့အခြေခံကျောင်းတွေမှာကျင့်သုံးနေကြတဲ့သင်ကြားပုံစနစ်ရဲ့
တစ်စိတ်တစ်ဒေသကိုအထူးသတိပြု နိုင်အောင်လက်လှမ်းမှီသမျှရေးသားလိုက်ပါတယ်။
                              အုပ်စုဖွဲ့ပေးကာသင်ကြားခြင်းကိုအထူးဆောင်ရွက်ပါတယ်

 "ဒိန်းမတ်နိုင်ငံအခြေခံအဆင့် အတန်းခွဲခြင်းနှင့်သင်ကြားခြင်းတစ်စိတ်တစ်ဒေသ"

စာတော်သူများကိုသီးသန့်အတန်းခွဲထားတဲ့စနစ်မရှိပါဘူး။
၃ ယောက်ပိုမိုထူးခွှန်လာဖို့ထက် ၃၀ အရည်အချင်းမှီလာဖို့ကိုဦးစားပေးပါတယ်။
သဘာဝအရင်းအမြစ်ပြောပလောက်အောင်မပိုင်ဆိုင်တာကြောင့်ပြည်သူလူထု
အသိဖွံ့ဖြိုးရေးကိုအထူးအဓိကထားတာတွေ့ရပါတယ်။
ကျောင်းသားတစ်ယောက် "ငါဟာစာညံ့တဲ့သူပါလား၊ ဥာဏ်မကောင်းတဲ့သူပါလား"
လို့မိမိဘာသာထင်သွားနိုင်တာမျိုးအထူးရှောင်ကြဉ်ကြပါတယ်။

ပြည်သူ့ကျောင်းတိုင်း အတန်းခွဲနေရာချထားရာမှာ စာတော်တဲ့သူတွေကိုသီးသန့်
အတန်းခွဲထားတာမျိုး မရှိပါဘူး။

မူလတန်းမှစပြီးတော့ အခါအားလျော်စွာဆရာကလူမျှအောင်ခွဲပေးထားတဲ့ အုပ်စုလိုက်
သင်ကြားလေ့လာမှုတွေဆောင်ရွက်ပေးပါတယ်။
အသင်းအဖွဲ့နဲ့လုပ်တတ်ကိုင်တတ်လာစေရန်နဲ့ စာသိပ်မလိုက်နိုင်သူများကိုလည်း
လက်တွဲခေါ်နိုင်ရန်ရည်ရွယ်ပါတယ်။
အတန်းထဲကစာတော်တဲ့ကလေးရဲ့ထက်မြက်မှုကို အုပ်စုလိုက်သင်ခန်းစာဆောင်ရွက်
စေခြင်းနဲ့ စာမလိုက်နိုင်တဲ့ကလေးတွေကို လက်တွဲခေါ်စေပါတယ်။

ကျွန်တော်တို့တုန်းကထဲက စာတော်တဲ့သူကျောင်းသားဟာ သူ့ဘာသာတော်သွားတာ
ဘဲရှိပြီး ကျန်သူများကိုပြောပလောက်အောင်အကျိုးပြု သွားခွင့်မရပါဘူး။
ဒီကအဖွဲ့လိုက်ဆောင်ရွက်စေတဲ့စနစ်ကြောင့် စာတော်သူလည်းပိုလို့တော်လာပြီး
ကျန်သူများကိုလည်းအကူအညီပေးရာရောက်စေပါတယ်။

၏ ၊ သည် မလွဲသင်ခန်းစာတွေကိုအလွတ်ကျက်မှတ်ခြင်းကိုအားမပေးပါဘူး။
ကလေးတွေသိသွားအောင် မှတ်မိသွားအောင် သင်ကြားခြင်းစနစ်တွေကို
အသုံးပြု ပါတယ်။
အတန်းထဲမှာဘယ်သူကတော်တယ်၊ ဘယ်သူကညံ့တယ်ဆိုတာမျိုး ဘယ်တော့မှ
မပြောပါဘူး။
ပုံမှန်အတိုင်းဆို ၃ လတစ်ကြိမ် မိဘတိုင်းနဲ့သီးသန့်တွေ့ဆုံပါတယ်။
ကလေးရဲ့ ဘာသာရပ်ဆရာတိုင်းက မိဘကို ကလေးပညာရေးအခြေအနေ ရှင်းပြ
ပြီး လိုအပ်နေတဲ့ဘာသာမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို
တိုင်ပင်ဆွေးနွေးပါတယ်။
နှစ်ကုန်ရင်တတန်းလုံးအတန်းတင်ပေးတဲ့စနစ်ကျင့်သုံးပါတယ်။

ထူးခြားတာက ပထမတန်းကနေတတိယတန်းအထိ၊ ၄ တန်းကနေ ၆တန်းအထိ နဲ့
၇တန်းကနေ ၉တန်း(၁၀တန်း)အထိကို အတန်းပိုင်ဆရာပါအတူလိုက်တက်သွားပါတယ်။
ကလေးတွေဘာလိုအပ်တယ်ဆိုတာကောင်းကောင်းသိ ထိတွေ့မှုမပြတ်အောင်
ရည်ရွယ်ပုံရပါတယ်။
ပြည်သူ့စာသင်ကျောင်းတွေလုံလောက်အောင်ထားရှိပေးတာကြောင့်
စာသင်ခန်းတစ်ခန်းမှာကျောင်းသား ကျောင်းသူ အယောက် ၃၀ အောက်မှာဘဲ
ရှိတာတွေ့ရပါတယ်။

အတန်းစဉ်တိုင်းမှာအခါအားလျော်စွာစာမေးပွဲတွေထားရှိပေးပေမယ့် ပထမ၊ ဒုတိယ၊
စသဖြင့်အဆင့်ပေးတာမျိုး ဆုပေးတာမျိုးမရှိပါဘူး။
စာမေးပွဲတိုင်းမှာဘာသာရပ်အလိုက်အမှတ်(Grade)တွေပေးပါတယ်. ၁၂၊ ၁၀၊ ၇၊ ၄၊ ၀၂
ကအောင်မှတ်တွေဖြစ်ပြီး ၀၀၊ -၃ ကတော့မအောင်ပါဘူး။
အတန်းထဲမှာဘယိသူကတော့ ဘယ်ဘာသာမှာ Grade 12 ရတယ်ဆိုပြီးဆရာက
ပြောလေ့မရှိသလို ဘယ်သူကတော့ ၀၂ ဘဲရတယ်လို့လည်းမပြောပါဘူး။

ကလေးတွေအတွက်မလိုလားအပ်တဲ့စိတ်ဖိစီးမှုကိုမဖြစ်စေပါဘူး။
ကလေးတွေချင်းစိတ်ဝမ်းကွဲစေမယ့် အပြုအမူ လုပ်ရပ်မျိုးကိုအထူးရှောင်ရှားပါတယ်။
အားနည်းသူကို ကူညီတတ်တဲ့စိတ်ဓါတ်ကို ငယ်ငယ်ကထဲကပျိုးထောင်ပါတယ်။
ကလေးအားလုံးကို တပြေးညီဆက်ဆံပါတယ်။ အခွင့်အရေးပိုရတဲ့ကလေးမရှိပါဘူး။

ဒါကြောင့် ကလေးတိုင်းကလည်း မေးစရာ သိချင်တာရှိရင် ဆရာ၊ ဆရာမတွေကို
အချိန်မဆိုင်း လက်ညှိုးထောင်ပြီးမေးကြတာတွေ့ရပါတယ်။

အချုပ်ဆိုရရင်တော့
၃ ယောက်ထူးခွှန်ဖို့ထက် ၃၀ အသိပညာအတွေးအခေါ် မြင့်မားမှန်ကန်ဖို့ကို
ဦးစားပေးခဲ့တဲ့အတွက်..ဥပမာပြောရရင်..
ဒီနိုင်ငံမှာ ပြည်သူတွေအတွက်အကျိုးမများနိုင်တဲ့ မရောင်ရာဆီလူး ဥပဒေမျိုးတွေ၊
လမ်းမှားတွေညွှန်ပြတဲ့ ဦးဆောင်နေသူတွေ၊
ပေါ်လာမှာမဟုတ်သလို ပေါ်လာရင်လည်းထောက်ခံမယ့်သူရှိမှာမဟုတ်ပါဘူး။
ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအများစုကြီးကို မှန်ကန်တဲ့အတွေးအခေါ်၊
နည်းလမ်းကျတဲ့အယူအဆတွေကို လက်ခံတတ်လာအောင်ဆောင်ကျဉ်းပေးမယ့်၊
ကလေးတွေကိုလည်းအရွယ်နဲ့မမျှ ပင်ပန်းမှုကိုမဖြစ်စေမယ့်၊
သင်ကြားမှုစနစ်တစ်ရပ်အထူးအရေးတကြီးလိုအပ်နေကြောင်းပါခင်ဗျား။

စကားချပ်။ ။ ကျွန်တော်ကိုယ်တိုင်ပညာရေး အသိုင်းအ၀ိုင်းကမို့ ဆရာ၊ ဆရာမတွေ ပင်ပန်းရမှုကိုအထူးနားလည်မိပါတယ်။ ဆရာ၊ ဆရာမတွေ ပင်ပန်းသလောက် အကျိုးထိရောက်အောင်ရယ်၊ ကလေးတွေ အရွယ်နဲ့မမျှ စာတွေနဲ့ နပန်းလုံးနေရတာတွေမဖြစ်အောင်ရယ်၊ အထက်ကလူကြီးတွေ ပြန်ပြီးသုံးသပ်နိုင်ကြအောင် တတ်နိုင်သမျှတင်ပြခြင်းသာဖြစ်ကြောင်းပါ။

(Fb post. Oct, 2015)