၁၁.၇.၂၀၁၄၊ အားလပ်ရက်တုန်းက
၂ညအိပ်ခရီးအလည်ရောက်ခဲ့တဲ့ဒိန်းမတ်နိုင်ငံထဲက ဘွန်ဟိုးကျွန်းခရီးလေးကို
တွေ့ဆုံခဲ့ကြရတဲ့မိတ်ဆွေများလဲအမှတ်တရဖြစ်အောင်ရယ်၊
မြန်မာပြည်ကမိတ်ဆွေများလဲစာထဲမှာရောက်ဘူးသွားအောင်ရယ်၊ ဓါတ်ပုံလေးတွေဝေေ၀ဆာဆာနဲ့ရေးသားမျှဝေလိုက်ပါတယ်။
ဘွန်ဟိုးကျွန်း(Bornholm)
ဘွန်ဟိုးကျွန်းရဲ့လှပတဲ့ကမ်းခြေတစ်နေရာ
ဘွန်ဟိုး(Bornholm)
ကျွန်းဟာဒိန်းမတ်နိုင်ငံပိုင်ဆိုပေမဲ့ ဆွီဒင်နဲ့ပိုနီးပြီး ဆွီဒင်၊
ဂျာမနီနဲ့ပိုလန်တို့ဝိုင်းရံထားတဲ့ Baltic
ပင်လယ်ထဲကအလွန်လှပတဲ့ကျွန်းလေးဘဲဖြစ်ပါတယ်။
ဘော(လ်)တစ်ရဲ့အလှတခုဖြစ်တဲ့
ဘွန်ဟိုးကျွန်းဟာ ၂၂၇ စတုရန်းမိုင်ကျယ်ပြီးတော့လူဦးရေ
၎သောင်းကျော်မှီတင်းနေထိုင်ကြပါတယ်။ အကြီးဆုံးမြို့က Ronne ဖြစ်ပြီး
လူဦးရေ
၁သောင်း၃ထောင်ကျော်နေထိုင်ကြကြောင်းသိရပါတယ်။
သာယာလှပတဲ့မြို့လေးတွေနဲ့ဖွဲ့စည်းထားပြီး
ကျွန်တော်တို့မိသားစုအဖွဲ့လေးကတော့ Svaneke(လူဦးရေ ၁ထောင်ကျော်)၊
Aakirkeby(၂ထောင်ကျော်)၊ Nexo(၃ထောင်ကျော်)၊
Halse(၁ထောင်ကျော်) စတဲ့မြို့လေးတွေကိုအလည်ရောက်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရောက်တဲ့ရက်တွေမှာ
မိုးရွာနေတာကြောင့်နေရာများများမရောက်ခဲ့ရပေမယ့် ကျွန်းမှာနေထိုင်ကြတဲ့သူတွေရဲ့စေတနာတွေရယ်၊
မွန်လူမျိုးများရဲ့ဝါဆိုသင်္ကန်းကပ်လှူ ပွဲ
မှာ သင်င်္ကန်းကပ်ခွင့်ပါရခဲ့တာကြောင့်ရယ် အထူးကျေနပ်ခဲ့ရတဲ့ခရီးတစ်ခုဖြစ်ခဲ့ရပါတော့တယ်။
ခရီးစဉ်အစဆွီဒင်ကိုဖြတ်၍
ကျွန်တော်တို့ဟာသောကြာနေ့
၁၁.၇.၁၄၊ နေ့လည် ၁၂နာရီခွဲမှာအိမ်ကနေခရီးစတင်ခဲ့ကြပါတယ်။
ကိုပင်ဟေဂင်ကနေဆွီဒင်နိုင်ငံရဲ့ Ystad မြို့ကို နေ့လည်၂နာရီ၄၅မှာထွက်မဲ့
ရထားလက်မှတ်ဝယ်ထားတာမို့ပါ။
ကျွန်တော်တို့နေတဲ့မြို့လေးကနေ
ကိုပင်ဟေဂင်ကို မြို့ပတ်ရထား ၂ဆင့်ပြောင်းစီးပြီးနေ့လည်
၂နာရီမှာတော့ကျွန်တော်တို့မိသားစုအဖွဲ့လေး ကိုပင်ဟေဂင်ကိုရောက်ကြပါပြီ။
ခရီးဝေးလက်မှတ်ကိုတော့အွန်လိုင်းကနေ
၁၀ရက်ဝန်းကျင်ကြိုတင်ဝယ်ထားရင်ဈေးသက်သာတတ်ပါတယ်။ ကျွန်တော်တို့ကတော့
၁ရက်ဘဲကြိုဝယ်မိတာကြောင့်ပုံမှန်နှုန်း
ပေးရပါတယ်။
ဒီမှာကမီးရထားတွေ၊
ဘတ်(စ်)ကားတွေဟာအချိန်တိတိကျကျထွက်တတ်တာကြောင့် အိမ်ကနေထွက်ကထဲက
ဘွန်ဟိုးကျွန်းရောက်သည်အထိ ကျွန်တော်တို့ရဲ့ခရီးစဉ်
အချိန်ဇယားအတိုင်းဘဲ ရောက်ရှိသွားကြတာပါဘဲခင်ဗျား။
နေ့ခင်း
၂နာရီ၄၅မိနစ်မှာရထားဟာကိုကင်ဟေဂင်ဘူတာကြီးကနေ
အချိန်မှန်ထွက်ခွါလာခဲ့ပါတယ်။ နာရီဝက်လောက်ခုတ်မောင်းပြီးရင်ဘဲ
ဆွီဒင်ကိုကူးတဲ့ကမ္ဘာကျော် Oresund Bridge ကိုဖြတ်သန်းပါတော့တယ်။
ကမ္ဘာကျော် Oresund Bridge
ဒိန်းမတ်ဘက်ကနေတံတားမကြီးဆီကိုပင်လယ်ထဲကနေTunnel နဲ့ဆက်သွယ်ထားပါတယ်
ဒိန်းမတ်နိုင်ငံရဲ့
ကိုပင်ဟေဂင်ဘက်ခြမ်းနဲ့ ဆွီဒင်နိုင်ငံရဲ့ မယ်(လ်)မိုမြို့ဘက်ခြမ်းတို့ကို
ပင်လယ်ကိုဖြတ်လို့ဆက်သွယ်ဆောက်လုပ်ထားတဲ့ဥရောပတစ်ခွင်မှာတော့ အရှည်ဆုံး
တံတားကြီးဘဲဖြစ်ပါတယ်။
တံတားကြီးဟာအပေါ်မှာကားတွေအတွက်လေးလမ်း(4
lanes) ရှိပြီးတော့ ကားလမ်းအောက်မှာတော့နှစ်လမ်းသွား(Double track)
မီးရထားလမ်းပါထည့်သွင်းဖေါက်လုပ်
ထားပါတယ်။
တံတားကြီးဟာ
၅မိုင်ရှည်ပြီး အလွန်ထူးခြားတာကတော့ ဒိန်းမတ်ဘက်ကနေတံတားကြီးပေါ်ကိုတက်ဖို့
ရေအောက်တာနယ်(Under tube tunnel) ကနေဖြတ်တဲ့အရှည်က
၂ မိုင်ခွဲရှိပါတယ်။ ပင်လယ်အောက်တာနယ်ထဲကနေကားတွေ၊ ရထားတွေဖြတ်သန်းကြရပါတယ်။
ပင်လယ်ရေအောက်တာနယ်
တံတားကြီးကိုဒိန်းမတ်အစိုးရနဲ့ဆွီဒင်အစိုးရတို့ပူးပေါင်းဆောက်လုပ်ခဲ့ကြပြီး
အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံကုန်ကျကာ ၂၀၀၀
ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဘဲဖြစ်ပါတယ်။
တစ်နေ့ကိုကားစင်းရေ ၂သောင်းဝန်းကျင်ဖြတ်သန်းနေပြီး နှစ်၃၀ ၀န်းကျင်မှာဆောက်လုပ်စားရိတ်ကျေမယ်လို့ခန့်မှန်းထားကြပါတယ်။
တံတားကြီးမြင်ကွင်းတစိတ်တဒေသ
တံတားကြီးဖြတ်ပြီးတဲ့အခါမတော့
ကျွန်တော်တို့ရထားဟာဆွီဒင်မြို့ပြတွေကိုစတင်ဖြတ်သန်းခုတ်မောင်းပါတော့တယ်။
ဆွီဒင်ရဲ့တောင်ဘက်ဖျား၊ ပင်လယ်ဆိပ်ကမ်းရှိရာ
Ystad ဆိုတဲ့မြို့ကိုပြေးဆွဲတဲ့အမြန်ရထားဖြစ်တာကြောင့် ကြားကဆွီဒင်ဘူတာတွေမှာ မရပ်တော့ဘဲကျွန်တော်တို့ရထားကြီးဟာခရီးနှင်နေပါတော့တယ်။
ရထားဟာကောင်းကင်လျှပ်စစ်အားနဲ့မောင်းနှင်နေတာဖြစ်ပြီးမြန်သလောက်ငြိမ်နေပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းကမကြာခဏစီးခဲ့ရတဲ့
မြင်းခြံ၊ ရန်ကုန်။ ရန်ကုန်၊မန္တလေး လမ်းတွေပြေးတဲ့ဂျုံးဂျုံးဂျက်ဂျက်
တကယ့်မီးရထားအစစ်ကြီးတွေကိုတောင်သတိရနေ
မိပါတော့တယ်။
Ystad ကူးတို့ဆိပ်ကမ်းရောက်ကြပြီ
ကျွန်တော်တို့စီးလာတဲ့ရထားဟာ ၁နာရီခွဲဝန်းကျင်ခုတ်မောင်းလိုက်ရင်ဘဲဆွီဒင်နိုင်ငံရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့
Ystad မြို့လေးရဲ့ဘူတာရုံကိုဆိုက်ရောက်ပါတော့တယ်။
ဒိန်းမတ်နိုင်ငံရဲ့ ဘွန်ဟိုးကျွန်းကိုသွားဖို့ ကူးတို့ဆိပ်ကမ်းကလဲဘူတာနဲ့ကပ်ရက်မှာဘဲဖြစ်ပါတော့တယ်။
Ystad မြို့လေးရဲ့ကူးတို့ဆိပ်ကမ်းနဲ့ နောက်ဘက်ကဘူတာရုံပါ
Ystad မှာ ရထားဆိုက်တယ်ဆိုရင်ဘဲ ဘူတာနဲ့ကူးတို့ဆိပ်ကမ်းဝန်းကျင်ဟာခရီးသွားများနဲ့ပျားပန်းခတ်
စည်ကားနေပါတော့တယ်။
ဒီဘက် Ystad မြို့ကနေ ဘွန်ဟိုးကျွန်းရဲ့မြို့ ကြီးဖြစ်တဲ့ Ronne မြို့ကို Ferry ကူးတို့သင်္ဘောကြီးတွေဟာ
တစ်နေ့မှာ ၈ ကြိမ်နဲ့အထက်ပြေးဆွဲပေးနေတာသိရပြီး ဘော(လ်)တစ်ပင်လယ်ပြင်ကြီးကိုဖြတ်သန်းလို့
တစ်နာရီနဲ့မိနစ်နှစ်ဆယ်ခုတ်မောင်းချိန်ကြာမြင့်ပါတယ်။
ကျွန်တော်တို့လို ရထားနဲ့မလာဘဲ ဘတ်(စ်)ကားနဲ့ဒိန်းမတ်ကနေလာချင်သူများအတွက်လဲ
ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင် ဘူတာရုံကြီးကနေပြေးဆွဲပေးနေတဲ့အမှတ် ဂ၆၆ ဘတ်(စ်)ကား
ဟာလဲ သင်္ဘောမထွက်ခင်အချိန်မှန်ဆိုက်ရောက်လာမှာဘဲဖြစ်ပါတယ်။
ကူးတို့ဆိပ်ကခရီးသွားများ
ကူးတို့သင်္ဘောစီးကြပြီ
ရထားလက်မှတ်ဝယ်ကထဲက ဘွန်ဟိုးကျွန်းအရောက်ဝယ်ထားတာမို့သင်္ဘောလက်မှတ်ထပ်ဝယ်နေစရာ
မလိုတော့ဘဲ အွန်လိုင်းက၀ယ်ထားပြီး Print ထုတ်ထားတဲ့လက်မှတ်စာရွက်ကိုပြပြီးတော့ဘဲ
သင်္ဘောကြီးပေါ်ကိုတက်ခဲ့ကြပါတော့တယ်။
သင်္ဘောကြီးထဲကိုလဲသူ့လမ်းကြောင်းကနေ အိတ်တွေဆွဲလျက်ဘဲဝင်သွားရတာဖြစ်လို့ သင်္ဘောထဲရောက်
သွားတာတောင်သတိမထားလိုက်မိပါဘူး။
စွန့်စားပြီးကုန်းဘောင်နဲ့တက်ခဲ့ရတဲ့ကျွန်တော်တို့နိုင်ငံကဆိပ်ကမ်းတွေကိုသတိရမိစေပါတယ်။
ကျွန်တော်တို့အညာဘက်က သင်္ဘောဆိပ်ကမ်း၊ မော်တော်ဆိပ်ကမ်းတွေဘက်များရောက်မိရင်
ကုန်းဘောင်ကျဉ်းကျဉ်းလေးပေါ်ကနေ အဆင်းအတက်လုပ်နေကြတဲ့သူတွေ ဆန်အိတ်တွေ၊ ပဲအိတ်တွေ၊
ဆေးရွက်ကြီးပုတ် အလေးကြီးတွေကိုပခုံးထမ်းသယ်နေကြတဲ့ကုန်တင်ကုန်ချအလုပ်သမားကြီးတွေကို
တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။
ဒီဘက်နိုင်ငံတွေမှာတော့ဒီမြင်ကွင်းတွေတွေ့ရတော့မှာမဟုတ်ပါဘူး။
နိုင်ငံကိုစက်မှုစနစ်တွေနဲ့တိုးတက်အောင်ကြိုးစားတည်ဆောက်ထားခဲ့ကြတာမို့ စက်တွေကိုဘဲခိုင်းစား
နေပြီး လူတွေသက်တောင့်သက်သာလုပ်ကိုင်နိုင်စေပါတယ်။
ဘွန်ဟိုးကျွန်းကိုသွားမယ့်ကူးတို့သင်္ဘောကြီး
သင်္ဘောကြီးရဲ့ဝမ်းဗိုက်ထဲမှာ ဧရာမကုန်ကားကြီးတွေ၊ ကားငယ်တွေကိုစနစ်တကျ တင်ဆောင်နေတာ
ကိုလဲတွေ့ရပါတယ်။ ယာဉ်မောင်းသူတွေလဲ သာမန်လမ်းမှာမောင်းသလို သင်္ဘောပေါ်မောင်းတင်လိုက်ပြီး
ရပ်ရမယ့်နေရာမှာရပ်ပြီးရင် အပေါ်ထပ်တက်လို့ အခြားခရီးသည်တွေနဲ့အတူ ဇိမ်ကျကျလိုက်ပါရုံပါဘဲ။
သင်္ဘောဆိုက်ခါနီး ၅ မိနစ်လောက်အလိုမှအောက်ကိုပြန်ဆင်း ကားကိုစက်နှိုးလို့ ကုန်းပေါ်ကိုသာမန်ဘဲ
မောင်းတက်လိုက်ရုံဘဲဖြစ်ပါတော့တယ်။
ဟိုလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ဝန်းကျင်က ကျွန်တော်လဲမြန်မာပြည်ထဲမှာကားကူးတဲ့နေရာတွေဖြစ်တဲ့
ကျွန်းချောင်း- ပုဂံ၊ ညောင်ပင်ကြီး- မုံရွာ၊ ပြည်- ပန်းတောင်း၊ မော်လမြိုင်- မုတ္တမ စတဲ့နေရာတွေမှာ
အချိန်တွေကြန့်ကြာပြီး ခက်ခက်ခဲခဲ ဇက်ကူးခဲ့ရတာတွေအမှတ်ရစေပါတော့တယ်။
ခုတော့တံတားတွေပြီးသွားလို့ ဇက်ကူးစရာမလိုတော့ပါဘူး။ ဒီဘက်နိုင်ငံတွေကတံတားတွေလိုဘဲ
အရည်အသွေးပြည့်မှီဖို့ဆုတောင်းရပါတော့တယ်။
သင်္ဘောထဲကခရီးသည်တွေ
ခရီးသည်တွေလိုက်ပါဖို့အတွက်သင်္ဘောခန်းမကြီးကလဲအကျယ်ကြီးဖြစ်ပါတော့တယ်။
မိမိအဆင်ပြေရာနေရာမှာထိုင်နိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။
စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဂျူ တီဖရီးအရောင်းဆိုင်များပါဖွင့်လှစ်ပေးထားပါတယ်။
ကားအတင်အချလုပ်တာတွေ၊ လူဆင်းလူတက်လုပ်တာတွေဟာလဲအလွန်စနစ်ကျပြီး
အင်မတန်မြန်ဆန်တာကြောင့်ကျွန်တော်တို့မှနေရာမှာကောင်းကောင်းမထိုင်ရသေးခင်
မှာဘဲသင်္ဘောကြီးအချိန်မှန်ထွက်တော့တာပါဘဲ။
ကျွန်တော်တို့သွားတဲ့နေ့ကလေတိုက်အားကောင်းပြီးလှိုင်းနည်းနည်းရှိတာမို့ သင်္ဘောစီးရတာ
ဟာပုခက်ကိုငြင်ငြင်သာသာလွှဲပေးနေသလိုမျိုးခံစားရပါတယ်။
ကုန်းခေါင်ခေါင်တွေမှာဘဲကြီးပြင်းလာရတဲ့သူတွေအတွက်တော့လှိုင်းမူးကြရပါပြီ။
ကျွန်တော့်ဇနီးနဲ့ ကိုဇော့်ဇနီးတို့ကတော့နောက်မစီးရဲတော့ဘူးဖြစ်သွားရပါတော့တယ်။
ကျွန်တော်တို့ညီအစ်ကိုနဲ့ တစ်နှစ်သားတူ Prince ကတော့အေးအေးဆေးဆေးပါဘဲ။
ဒီထက်မူးတာတွေသောက်ထားခဲ့ဘူးတဲ့ကျေးဇူးဘဲလို့ကျွန်တော်ကတော့ရီစရာတွေးရင်း
နဲ့သင်္ဘောခုတ်မောင်းချိန် ၁နာရီ မိနစ်၂၀ တိတိမှာဘဲကျွန်တော်တို့ရဲ့သင်္ဘောကြီးဟာ
ဘွန်ဟိုးကျွန်းရဲ့ Rønne မြို့ဆိပ်ကမ်းကိုချောမောစွာဆိုက်ကပ်ပါတော့တယ်။
သင်္ဘောပေါ်မှာလှိုင်းစီးနေသူ၂ယောက်
Rønne မြို့ကိုရောက်ပါပြီ
သင်္ဘောကြီးထဲကထွက်ခဲ့ကြပြီး အဆောက်အအုံအပြင်ဘက်ရောက်တာနဲ့လာကြို နေကြတဲ့
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် သော်ဇင်နဲ့သူ့သူငယ်ချင်းဖိုးမင်း၊ ကိုအောင်၊ကိုလှမင်းတို့ကိုနွေးထွေးတဲ့
အပြုံးတွေကိုယ်စီနဲ့တန်းပြီးတွေ့ရတော့တာပါဘဲ။ ၀မ်းသာအားရနှုတ်ဆက်နေကြတာကြောင့်
မြန်မာသံလေးတွေ Ronne ဆိပ်ကမ်းမှာတဒင်္ဂဝေဆာသွားရပါတော့တယ်။
အဲဒီလာကြို ကြတဲ့သူတွေထဲက ကိုလှမင်းကနော်ဝေးမှာနေတာဖြစ်ပါတယ်။
အလုပ်အားရက်မှာဒိန်းမတ်ကိုလာလည်တာဖြစ်ပြီးကိုပင်ဟေဂင်မှာတုန်းကသူကကိုယ့်အိမ်လာမယ်၊
ကိုယ်ကသူတည်းရာ လင်းလင်းထွန်းတို့ အောင်ဖေတို့ဘက်ကိုလာမယ်နဲ့မဆုံဖြစ်ကြဘဲ
သူက ဘွန်ဟိုးကျွန်းကိုအလည်အရင်ရောက်နှင့်နေတာနဲ့ကြုံ သွားတာဘဲဖြစ်ပါတော့တယ်။
ကိုလှမင်းက ၈၈ မှာကထဲက Dpns လုပ်ဖေါ်ကိုင်ဖက်တွေလို့ပြောလို့ရပါတယ်။
၂၀၀၄ နှောင်းပိုင်းမှာမလေးရှားရဲ့ စွန်ဟိုင်းဗလို့ တောရမှာခဏဆုံခဲ့ပြီးကွဲသွားကြတာပါ။
သူနော်ဝေးရောက်နေတာသိရပြီး ဖုန်းအဆက်အသွယ်တော့ရှိပြီးလူချင်းမဆုံဖြစ်ကြပါဘူး။
သူ့ကြောင့်နော်ဝေးရောက်နေကြတဲ့ကိုဇော်ဝင်း၊အောင်ကျော်စိုး၊ ၀င်းသိန်းတို့ မိုးမောင်မောင်တို့နဲ့
အဆက်ပြန်ရပါတော့တယ်။
၂၀၁၃မှာ ကိုလှမင်းကနော်ဝေးကနေ ဂျင်မီနဲ့အတူဒိန်းမတ်ကိုပါလာလို့ပြန်ဆုံကြရပါတယ်။
အခုဟာကတော့ဥရောပရောက်မှဒုတိယအကြိမ်ပြန်ဆုံခြင်းပါ။
သူတို့တွေက ကား၂စင်းနဲ့လာကြို နေကြတာမို့ သူတို့ကားရပ်ထားတဲ့နေရာကိုစကားတပြောပြောနဲ့
လျောက်ခဲ့ကြပါတော့တယ်။
Rønne မြို့ရဲ့ဆိပ်ကမ်းတစ်နေရာရှုခင်း
ကျွန်တော်ကကျန်တဲ့ ၃ယောက်စလုံးနဲ့လူချင်းခုမှဘဲဆုံတွေ့ရတာဖြစ်ပါတော့တယ်။
facebook မှာလဲမိတ်ဆွေတွေဖြစ်ပြီး ဖုန်းတော့မကြာခဏဆက်ဖြစ်ကြပါတယ်။
သော်ဇင်ကတော့ကိုဇော့်အိမ်ကိုတစ်ခေါက်ရောက်ဘူးခဲ့ပါတယ်။
သူနေထိုင်ရာကျွန်းလေးကိုအလည်ခေါ်နေတာကြာပါပြီ။
ကျွန်းလေးရဲ့နံမည်ကြီး Svaneke ဘီယာစက်ရုံမှာအလုပ်ဝင်နေပြီးရိုးသားကြိုးစားတဲ့
ခင်မင်စရာလူငယ်လေးတစ်ယောက်ပါ။
သူ့သူငယ်ချင်းဖိုးမင်းကလဲမတူပီမှာနေဘူးတဲ့ချင်းလူငယ်တစ်ယောက်မို့ ကျွန်တော်ပခုက္ကူ ကောလိပ်မှာတုန်းက
ချင်းသူငယ်ချင်းတွေရှိခဲ့ပြီး သူတို့ရဲ့ ချင်းအမျိုးသားနေ့ ဖေဖေါ်ဝါရီ ၂၀ နေ့တွေမှာအမြဲပါဝင်ဖြစ်ခဲ့ကြောင်း
ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြပါတော့တယ်။
ကိုအောင်နဲ့အဆက်အသွယ်ဖြစ်သွားရတာကတော့ ပြီးခဲ့တဲ့လပိုင်းမှာစာရေးဆရာတွေဖြစ်တဲ့
ဆရာကြီး ဦးဖေမြင့်၊ ဇော်သက်ထွေး တို့အဖွဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကို နော်ဝေးက
အပြန်ခဏ၀င်လည်ကြပါတယ်။
အဲဒီအချိန်တုန်းက facebook ပေါ်မှာ ပဲခူးက တော်လှန်ရေးရဲဘော်ဟောင်းကြီး သခင်လှကြိုင်
တောင်းရမ်းစားသောက်နေရတဲ့အကြောင်းပြန့်နေတဲ့အချိန်ဖြစ်ပါတယ်။
ဒါကိုကြားကြတဲ့ ဘွန်ဟိုးကျွန်းကမြန်မာတိုင်းရင်းသားတွေဟာ သခင်လှကြိုင်ကိုတတ်နိုင်သလောက်
ထောက်ပံ့ချင်တာကြောင့် ငွေစုပြီး ဇော်သက်ထွေးတို့နဲ့ထည့်ပေးလိုက်နိုင်အောင် ကျွန်တော့်ဆီကို
လှမ်းဆက်သွယ်ကြတာဘဲဖြစ်ပါတော့တယ်။ မြန်မာ့စေတနာများပြောပါတယ်။
ဆရာဇော်သက်ထွေးကလဲဟိုရောက်တော့သခင်လှကြိုင်နေထိုင်ရာ ပဲခူးထိတကူးတကသွားပြီး
ထောက်ပံ့ပေးခဲ့ပါတယ်။
ကျွန်တော်ရေးတဲ့ဒိန်းမတ်နိုင်ငံအကြောင်းဆောင်းပါးလေးတွေကိုလဲမုဒိတာအပြည့်နဲ့အားပေးကြတဲ့
စာဖတ်ပရိသတ်များနဲ့လဲတွေ့ခဲ့ရပါတယ်။ အလုပ်တဘက်နဲ့အားတဲ့အချိန်လေးတွေမှာကိုယ့်နိုင်ငံ
အတွက်တဘက်တလမ်းကနေအကျိုးရှိစေချင်တဲ့စေတနာနဲ့ဆောင်းပါးလေးတွေရေးနေတဲ့ကျွန်တော့်
အတွက်ဘွန်ဟိုးကမိတ်ဆွေတွေရဲ့အားပေးမှုဟာအားဆေးတခွက်ဖြစ်ခဲ့ရပါတယ်။
ဘွန်ဟိုးကျွန်းမှထောက်ပံ့ငွေကိုသခင်လှကြိုင်အားပေးအပ်စဉ်
Åkirkeby (သို့မဟုတ်) ပန်းမြို့တော်လေးသို့
ညနေ ၆ နာရီဝန်းကျင်မှာတော့ Rønne မြို့လေးကနေကျွန်တော်တို့အဖွဲ့လေးဟာ
ကိုအောင်နေထိုင်ရာ Åkirkeby မြို့လေးကိုဆက်လက်ထွက်ခွါလာခဲ့ကြပါတော့တယ်။
Rønne မြို့ရဲ့အရှေ့ဘက် ၁၆ ကီလိုကိုလမ်းတွေကလဲကောင်းနေပြီးသားတွေဆိုတော့ ၁၅မိနစ်ဝန်းကျင်
မောင်းလိုက်ကြရင်ဘဲကိုအောင်ရဲ့မိသားစုနေထိုင်ရာစံရိပ်ငြိမ်လေးကိုရောက်ကြပါပြီ။
ဒီမြို့လေးဟာဘွန်ဟိုးကျွန်းရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီးတော့ မြို့လေးရဲ့ဆောင်ပုဒ်ကတော့
(Blomsterbyen) "ပန်းမြို့တော်လေး"လို့တင်စားထားတဲ့နေချင်စရာမြို့လေးပါဘဲ။
နွေရာသီမှရောက်ပြီဆိုရင်ဒီမြို့လေးရဲ့နံမည်ကြီး ပန်းပွဲတော်ကို ကျင်းပလာခဲ့ကြတာဟာအခုဆိုရင်
နှစ်ပေါင်း ၄၀ မကတော့ကြောင်းလဲသိရပါတယ်။
Åkirkeby မြို့လေးရဲ့ ပန်းပွဲတော်ပုံရိပ်တစ်ချို့
ကိုအောင့်မိသားစုအိမ်မှစေတနာညနေစာနဲ့ကိုမင်းတင်လတ်မိသားစုရဲ့စေတနာမုန့်ဟင်းခါး
ကိုအောင့်အိမ်ရောက်ကြမှဘဲနားကြရပါတော့တယ်။ နွေရာသီရဲ့ဂျူ လိုင်လထဲမှာဖြစ်ပေမယ့်
မှိုင်းညို့တဲ့အေးမြခြင်း နဲ့ကျွန်းပေါ်မှာကြုံ ကြရတော့ပါလာတဲ့နွေအနွေးထည်တွေဘဲကောက်တုတ်ရတော့တာပါဘဲ။
ဖေါ်ရွေပျူ ငှာတဲ့ ကိုအောင်ရဲ့မိသားစုနဲ့ဆုံတွေ့ရပါတယ်။
သူတို့အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့သမီးချော "ဆည်းလည်းနဒီ" လေးကလဲရောက်ကာစမှာ
အိပ်ရာမှနိုးကာစဇဝေဇ၀ါဖြစ်နေရာကနေ ခဏတာမှာဘဲဧည့်သည်များနဲ့အဖွဲ့ကျခင်မင်သွားပါတော့တယ်။
ခင်မင်စရာကောင်းပြီး ပျော်တတ်တဲ့ ကိုအောင်ရဲ့အိမ်နီးချင်း ကိုရဲ လဲရောက်လာပါတော့တယ်။
facebook သူငယ်ချင်းတွေဖြစ်ပြီးသားမို့ ခဏမှာဘဲငယ်ပေါင်းတွေလိုရင်းနှီးသွားကြရပါတော့တယ်။
စေတနာမြန်မာထမင်းဝိုင်းကတော့ စကားသံတွေနဲ့စိုပြေအသက်ဝင်နေပါပြီ။
ပုဇွန်ချက်၊ ငါးဖယ်သုတ်၊ ဘဲဥသုတ်၊ ငါးပိချက်၊ ရွှေပဲသီးကြော်၊ ဟင်းခါးတွေနဲ့အရသာအလွန်ရှိတဲ့
ထမင်းဝိုင်းဘဲဖြစ်ပါတော့တယ်။
ကျွန်တော်တို့တတွေလဲခရီးပန်း၊ ဆာဆာနဲ့တော်တော်လေးဆွဲလိုက်ကြပါတော့တယ်။
ကိုအောင်အိမ်မှာမိတ်ဆွေတွေနဲ့အမှတ်တရ
စားသောက်ပြီးတဲ့အခါမတော့ သော်ဇင့်ရဲ့အိမ်ရှိရာ
Svaneke မြို့လေးကို သော်ဇင်၊ ကိုအောင် တို့ကား၂စင်းနဲ့ဘဲခရီးဆက်ခဲ့ကြပါတော့တယ်။
နောက်တစ်နေ့မှာတော့ ကိုမင်းတင်လတ်ရဲ့မိသားစုအိမ်မှာမြန်မာမုန့်ဟင်းခါး အ၀စားကြလို့
ဘွန်ဟိုးကျွန်းတစ်ခွင်ကို ကိုအကောင်း၊ ကိုသော်ဇင်ဦး တို့ကားများနဲ့လည်ပတ်ခဲ့ကြပါတော့တယ်။
ကျွန်တော်တို့အပေါ် ဧည့်ဝတ်ကျေခဲ့ကြသော မွန်မိသားစုများအားလုံး၊ ကိုအကောင်းမိသားစု၊
ကိုပလောင်မိသားစု၊ ကိုမင်းသိန်းဦးမိသားစု၊ ဖိုးမင်း၊ ဖိုးချမ်း တို့ အားလုံးကို မမေ့နိုင်မယ့်
ဘွန်ဟိုးကျွန်းခရီးစဉ်လေးအတွက် အထူးကျေးဇူးတင်နေကြောင်းပါခင်ဗျား။
(Fb post. Nov, 2014)
ဘွန်ဟိုးကျွန်းးရဲ့ ၁၃ ရာစုက ခံတပ်ဟောင်းမှာ
No comments:
Post a Comment